တရုတ်ရဲ့ အတိတ်က အရိပ် ၅ ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ပါမောက္ခ ရာနာမစ်တာ
- ရာထူးတာဝန်, အောက်စဖို့ဒ် တက္ကသိုလ်
တရုတ်ပြည်ရဲ့ လက်ရှိ ကုန်သွယ်ရေး၊ ပြည်ပ ဆက်သွယ်ရေးနဲ့ အင်တာနက် မူဝါဒတွေကို နားလည်ဖို့ အတိတ်ကို ပြန်ကြည့်ရမှာပါ။
ကိုယ့်သမိုင်းကိုယ် ပြန်လေ့လာရာမှာ တရုတ်ပြည်ဟာ ကမ္ဘာ့ တခြားနိုင်ငံတွေရဲ့ အထက်က ရှိပါတယ်။ မော်စီတုန်း ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကိစ္စလိုမျိုးတွေကို ဆွေးနွေးရတာ ခက်ခဲပေမယ့် အတိတ်ရဲ့ တခြား ခြေရာတွေကိုတော့ တရုတ်ပြည်မှာ တွေ့ရပါတယ်။
ကုန်သွယ်ရေး
တရုတ်ပြည်ဟာ သူ့ဆန္ဒမပါဘဲ သူ့ကုန်သွယ်ရေး တံခါးတွေကို ဖွင့်ပေးခဲ့ရတဲ့ အချိန်ကို မေ့မသွားပါဘူး။ အခု အနောက်နိုင်ငံတွေ သူ့စျေးကွက်ကို ဝင်ဖို့ ကြိုးစားတာကလည်း အဲဒီအချိန်ကို ပြန်အမှတ်ရစေပါတယ်။
အခု အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး အငြင်းပွားနေတော့ လက်ရှိ ကုန်သွယ်ရေး ချိန်ခွင်လျှာက တရုတ် အလိုကျ မဖြစ်တာတွေ ရှိပါတယ်။
တရုတ်မှာ ဟို အနှစ် ၁၅ဝ ကျော်က ကိုယ့်ကုန်သွယ်ရေးကိုယ် မပိုင်တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။
၁၈၃၉ က စပြီး ဗြိတိန်က တရုတ်ကို ဘိန်းစစ်ပွဲတွေ ဆင်ခဲ့ပါတယ်။
နောက် တော်ဝင် ရေကြောင်း အကောက်တော် ဌာန ဆိုပြီး တရုတ်ပြည်ထဲ ပို့တဲ့ကုန်တွေကို ရာဖြတ်တဲ့ ဌာနကို ဗြိတိတ်က တည်ထောင်ပါတယ်။
ဒါဟာ တရုတ် အစိုးရနဲ့ ဆိုင်ပေမယ့် ဗြိတိသျှတွေ ကြီးစိုးတဲ့ ဌာန ဖြစ်ပါတယ်။
ဗြိတိသျှ လူမျိုး တယောက် ကြိုးကိုင်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆာရောဘတ်ဟတ်ဟာ တရုတ် အကောက်တော်ချုပ် ရာထူးထိ ရခဲ့ သလို အဲဒီဌာနကိုလည်း ဗြိတိသျှတွေက အနှစ် တရာအုပ်စိုးထားခဲ့တာပါ။
ဟတ်ဟာ ရိုးသားပြီး တရုတ် အစိုးရ ဝင်ငွေတွေ အများကြီး ရအောင် ကူညီခဲ့သူပါ။
ဒါပေမဲ့ ဒါတွေက မင်မင်းဆက်ခေတ် ၁၅ ရာစုမှာ ရေတပ် ဗိုလ်ချုပ်ကြီး ဂျန် က အရှေ့တောင် အာရှ၊ သီဟိုဠ်နဲ့ အရှေ့အာဖရိက ကို ရေတပ် သင်္ဘောအုပ်စုကြီးနဲ့ လှည့်လည် ပြီး တရုတ်တန်ခိုးပြခဲ့တဲ့ အချိန်တွေနဲ့ ကွာခြား ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Alamy
ဂျန်ဟေး ခရီးစဉ်တွေဟာ တန်ခိုးသြဇာပြတာ ဖြစ်သလို ပင်လယ်ရပ်ခြားက အထူးတဆန်းတွေကို တရုတ်ပြည် ယူဆောင်လာခဲ့ပါတယ်။
ဒီလိုနဲ့ တရုတ်ပြည်မှာ ပထမဆုံး သစ်ကုလားအုပ် စရောက်လာပါတယ်။
ဒါပေမဲ့ ကုန်သွယ်ရေး ကလည်း အရေးကြီးတာမို့ သီဟိုဠ်က ဘုရင်တပါးကို ဂျန်အောင်နိုင်ခဲ့ပါတယ်။
ဒီခရီးတွေက တရုတ်ပြည်မှာ အစိုးရက ရေကြောင်း ကုန်သွယ်ရေးကို ဘယ်လို အလေးထားတယ် ဆိုတာ ပြနေပါတယ်။
ဒုက္ခပေးတဲ့ အိမ်နီးချင်းတွေ
တရုတ် နိုင်ငံဟာ သူ့နယ်စပ်က နိုင်ငံတွေ ငြိမ်းချမ်းမှုကို အမြဲ အာရုံစိုက်ပါတယ်။ ဒါကြောင့် သူ့နံဘေးက အစိုးမရတဲ့ မြောက်ကိုရီးယား ကိစ္စကို အမြဲ ကြောင့်ကြ နေတာပါ။
ဒီလို နယ်စပ် ပြဿနာတွေက ခုမှ ရှိတာတော့ မဟုတ်ပါဘူး။
တရုတ် သမိုင်းမှာလည်း ကင်ဂျုံအွန်းထက် ဆိုးတဲ့ အိမ်နီးချင်းတွေ ရှိခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆုန်မင်းဆက်ခေတ် ၁၁၂၇ မှာ လီချင်ဂျောင်း ဆိုတဲ့ အမျိုးသမီး ကိုင်ဖန်က ထွက်ပြေးပါတယ်။ သူ့နိုင်ငံ တိုက်ခိုက်ခံရလို့ ထွက်ပြေးတာပါ။
ဒိအမျိုးသမီးက တရုတ်မှာ အကောင်းဆုံး စာဆို တယောက်မို့ သူ့ဇာတ်ကြောင်းကို လူတွေ သိကြတာ ဖြစ်ပါတယ်။
ဂျာချန် ဆိုတဲ့ မြောက်ဘက် အရပ်က လူတွေ ဆုန်ဧကရာဇ်နဲ့ မဟာမိတ်ပျက်ပြီး တရုတ်ပြည်ထဲ ဝင်လာ တိုက်တာပါ။
တရုတ် မင်းစိုးရာဇာတွေ နိုင်ငံအနှံ့ ထွက်ပြေးရပါတယ်။
လီချင်ဂျောင်းဟာ သူစုဆောင်းခဲ့တဲ့ အနုပညာ လက်ရာတွေ ပြန့်ကျဲ ကုန်တာ တွေ့ခဲ့ရပါတယ်။ ဆုန်မင်းဆက် ဆီက ရတဲ့ သင်္ခန်းစာကတော့ အိမ်နီးချင်းတွေနဲ့ ပြေလည်မှ ငြိမ်းချမ်းတာပါ။
မြောက်ပိုင်း ဂျင် မင်းဆက် အုပ်စိုးပြီး တောင်ပိုင်းမှာ ဆုန်တွေ နန်းသစ်ထူခဲ့ပေမယ့် နောက်ဆုံး မွန်ဂိုတွေ သိမ်းပိုက်တာ ခံရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နယ်စပ်မျဉ်းတွေ ပြောင်းတိုင်း တရုတ်ပြည် ဆိုတဲ့ သတ်မှတ်ချက်ကလည်း လိုက်ပြောင်းနေပါတယ်။ ဒါပေမဲ့ တရုတ်စာ ၊ သမိုင်းနဲ့ ကွန်ဖြူးရှပ် အယူလို ယဉ်ကျေးမှုတွေကတော့ ခိုင်မြဲပါတယ်။
ဒါကြောင့် မြောက်ပိုင်းက မွန်ဂိုတွေ၊ မန်ချူးတွေ တရုတ်ပြည်ကို ဝင်အုပ်စိုးတိုင်း တရုတ် အယူအဆ ယဉ်ကျေးမှုတွေနဲ့ အုပ်ချုပ်ရတာ ဖြစ်ပါတယ်။
သတင်းစီးဆင်းမှု
ကနေ့ တရုတ်ပြည်မှာ အင်တာနက် တင်းကျပ်မှု ရှိသလို နိုင်ငံရေး အရ ရပ်ခံ ပြောသူတွေကို ဖမ်းဆီးတာတွေ ရှိပါတယ်။
အာဏာရှိသူတွေကို အမှန်ဘက်က ခုခံဖို့က ပြဿနာ ဖြစ်နေတာ ကြာပါပြီ။ တရုတ်ပြည်မှာ အစိုးရ ဖြစ်ချင်တဲ့အတိုင်း သမိုင်းကို ရေးရတယ်လို့တောင် သမိုင်းဆရာတွေက ယူဆပါတယ်။
တရုတ် လူမှုကွန်ရက်နဲ့ စိစစ်မှုတွေက အနောက်တိုင်းနဲ့ ဘာကွာသလဲ။
တရုတ် သမိုင်း ပညာရှင်ကြီး ဆီမာ ကီယန်း အဆိုက ဒီလိုပါ။

ဓာတ်ပုံ ရင်းမြစ်, Alamy
ဘီစီ ၁ ရာစုမှာ ဒီ တရုတ် သမိုင်း ဆရာကြီးက စစ်ပွဲရှုံးတဲ့ ဗိုလ်ချုပ် တယောက်ကို ကာကွယ်ပြီး သမိုင်းပြုစုပါတယ်။
အဲဒီအတွက် ဘုရင်က သူ့ကို သင်းကွပ်စေပါတယ်။
ဒါပေမဲ့ ဆီမာကီယန်းရဲ့ နမူနာက တရုတ် သမိုင်းမှာ ကနေ့ထိ သြဇာကြီးပါတယ်။
သူရေးတဲ့ သမိုင်းကျမ်းကြီးမှာ သမိုင်းထဲက ဇာတ်ကောင်တွေကို အချက်အလက် ရင်းမြစ်မျိုးစုံ သုံးပြီး ဝေဖန်သလို ပါးစပ်ရာဇဝင်ကို သုံးပြီး သမိုင်း ဖြစ်ရပ်တွေကို ဆန်းစစ်ပါတယ်။
အဲဒီအချိန်က ဒီလိုရေးနည်းဟာ အသစ်အဆန်း ဖြစ်သလို နှောင်းလူတွေ အတွက်လည်း နမူနာ ထားခဲ့ပါတယ်။
အသက်ဘေးကို မမှုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ကန့်သတ်နေတာထက် သမိုင်းကို အမှန်အတိုင်း ရေးနိုင်တယ် ဆိုတာ ဆီမာ ကီးယန်းက ပြခဲ့ပါတယ်။
ဘာသာရေး လွတ်လပ်မှု
လက်ရှိ တရုတ်ပြည်ဟာ ဘာသာရေး ကိုးကွယ်မှုကို မော်စီတုန်း ကာလကထက် ပိုပြီး သည်းခံမှု ရှိလာပါတယ်။
ဒါပေမဲ့ ဟိုရှေးတုန်းက အတွေ့အကြုံတွေအရ ယုံကြည်မှု အခြေခံ ကိစ္စတွေကနေ အစိုးရကို အာခံလာမယ့်အထိ ဖြစ်တတ်တာကို သတိထားတတ်ပါတယ်။
ဘာသာတရားတွေကို တံခါးဖွင့် ကြိုတာကို တရုတ် သမိုင်းတလျောက်မှာ တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Alamy
၇ ရာစု တန်မင်းဆက်ခေတ်က ဝူဇီတန် ဆိုတဲ့ ဘုရင်မ က ဗုဒ္ဓဘာသာကို အားပေးပါတယ်။ ဒါကလည်း တရုတ်မှာ ထွန်းကားတဲ့ ကွန်ဖြူးရှပ်အယူဟာ ဖိနှိပ်လွန်းတယ် ဆိုပြီး နှိမ်ချင်လို့ ဖြစ်ပါတယ်။
မင်ခေတ်မှာတော့ ဂျက်ဆူးအစ် ဘုန်းတော်ကြီး မက်တီယို ရစ်ချီ ကို နန်းတွင်းမှာ ပညာရှိတပါးလို လေးလေးစားစား ဆက်ဆံပါတယ်။
ဒါကလည်း သူဟောတဲ့ ခရစ်ယာန် အယူထက် သူသိတဲ့ အနောက်တိုင်း သိပ္ပံကို ပို စိတ်ဝင်စားလို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘာသာရေး ကိစ္စမှာ ပြဿနာ ပါလာတတ်ပါတယ်။
၁၉ ရာစု အကုန် တရုတ် ပြည်မှာ သူ့ကိုယ်သူ ယေရှုရဲ့ ညီဆိုတဲ့ လူတယောက် သူပုန်ထလို့ တနိုင်ငံလုံး ဒုက္ခရောက်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး ကောင်းကင် နိုင်ငံတော် ကို တရုတ်ပြည်မှာ တည်ထောင်မယ် ဆိုပြီး ပုန်ကန်ခဲ့တဲ့ တိုင်ပင် သူပုန်ကြောင့် တရုတ် သမိုင်းမှာ သွေးထွက်သံယို အများဆုံး ပြည်တွင်းစစ် ဖြစ်ခဲ့ပါတယ်။
အဲဒီမှာ လူ သန်း ၂ဝ လောက် သေတယ်လို့ ခန့်မှန်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Alamy
တရုတ် အစိုးရတပ်တွေက သူပုန်တွေကို အစက မနိုင်ပေမယ့် ၁၈၆၄ မှာ ရက်ရက်စက်စက် ချေမှုန်းခဲ့ပါတယ်။
ခရစ်ယာန် အယူကြောင့်ပဲ နောက်ထပ် သူပုန် ထခဲ့ပါသေးတယ်။
၁၉ဝဝ မှာ ဘောက်ဆာ ဆိုတဲ့ လယ်သမား သူပုန်တွေ တရုတ်ပြည် မြောက်ပိုင်းမှာ ပေါ်လာပါတယ်။
ခရစ်ယာန် သာသနာပြုတွေ၊ ခရစ်ယာန်ထဲ ဝင်တဲ့ သစ္စာဖောက် တွေကို သတ်မယ်ဆိုပြီး ကြွေးကြော်ပါတယ်။
အစပိုင်းမှာ တရုတ် ဘုရင်က သူတို့ကို ထောက်ခံသလို ရှိလို့ တရုတ် ခရစ်ယာန် အများအပြား သေကြေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဘောက်ဆာတွေကို နှိမ်နင်းခဲ့ပါတယ်။
ခုချိန်ထိ တရုတ် အစိုးရ ဟာ ဘာသာရေး လွတ်လပ်မှုလည်း ရှိအောင် အစိုးရကို အာခံတာလည်း မဖြစ်အောင် သတိထားနေရပါတယ်။
နည်းပညာ
ကနေ့ တရုတ်ပြည်ကို နည်းပညာ ဆိုင်ရာ အသိုက်အဝန်းသစ် တခုလို ဖြစ်ဖို့ ကြိုးစားလာပါတယ်။
အရင်အနှစ်တရာကလည်း စက်မှုတော်လှန်ရေး တခု ဖြစ်အောင် တရုတ်မှာ ကြံစည်ခဲ့ပြီး နှစ်ကြိမ်စလုံး အမျိုးသမီးတွေက အဓိက ကြိုးစားခဲ့တာပါ။
ခုဆိုရင် ကမ္ဘာမှာ ဉာဏ်ရည်တုနဲ့ အသံကို မှတ်သားတဲ့ နည်းပညာ၊ အချက်အလက် အများအပြား သိုမှီးတာတွေမှာ တရုတ်ဟာ ကမ္ဘာ့ ထိပ်တန်း ဖြစ်နေပါပြီ။
ကမ္ဘာမှာ သုံးနေတဲ့ စမတ်ဖုန်း အများအပြားကို တရုတ်မှာ လုပ်တဲ့ ချစ်ပြားတွေနဲ့ လုပ်တာပါ။ ဒီစက်ရုံတွေမှာ အမျိုးသမီး အများအပြား ဆိုးရွားတဲ့ အခြေအနေတွေနဲ့ အလုပ်လုပ်ရပါတယ်။
ဒါဟာ ဟို အနှစ်တရာက ရှန်ဟိုင်းနဲ့ ယန်ဇီမြစ်ဝှမ်းက စက်ရုံတွေမှာ အလုပ်လုပ်ရတဲ့ မိန်းကလေးတွေနဲ့ ဘဝတူပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူတို့က ကွန်ပျူတာ ချစ်ပြားတွေ မထုတ်ပေမယ့် ပိုးနဲ့ ချည်တွေ ရက်ကြပါတယ်။
အလုပ်က ကြမ်းတမ်းလို့ အဆုတ်ရောဂါတွေ ဖြစ်သလို လူတွေလည်း ထိခိုက်ဒဏ်ရာရပါတယ်။
အလုပ်သမားတန်းလျားတွေကလည်း ဆိုးရွားပါတယ်။
ဒါပေမဲ့ ဒီအမျိုးသမီးတွေဟာ သူတို့ ရတဲ့ လုပ်ခလေးနဲ့ အားတဲ့ရက်တွေမှာ ပွဲလမ်းသွားရတာ သဘောကျပါတယ်။
တချို့ကတော့ ရှန်ဟိုင်း မြို့လယ်က ခေတ်မီ ကုန်တိုက်တွေကို ဝင်ကြည့်ရတာ သဘောကျပါတယ်။
ခုလည်း ရှန်ဟိုင်း မြို့လယ်က နန်ကျင်းလမ်းမကြီးမှာ အလုပ်သမားနဲ့ လူလတ်တန်းစား လက်သစ်တွေ ကုန်စည် ဝယ်ခြမ်း ကြည့်ရှုနေကြတာကို တွေ့ရမှာပါ။
အနာဂတ် သမိုင်းပညာရှင်တွေရဲ့ အမြင်
တရုတ်ပြည် သမိုင်း တခေတ်ပြောင်းတာကို တွေ့နေရပါပြီ။ အနှစ် အစိတ် အတွင်း ခေတ်နောက်ကျပြီး အထီးကျန်တဲ့ တိုင်းပြည်ကြီးကို ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး အဆင့်ရောက်အောင် လုပ်တာ တွေ့ခဲ့ပါပြီ။
တရုတ်မှာ ဒီမိုကရေစီ ရေစီးကို ဟန့်တားဖို့ ကြိုးစားတဲ့ အကြောင်းကိုလည်း အနာဂတ် သမိုင်းဆရာတွေ သတိမူ မှတ်သားကြမှာပါ။
တရုတ်မှာ တအိမ်ထောင် ကလေးတယောက်မူ သုံးခဲ့တာ၊ ဉာဏ်ရည်တု ထောက်လှမ်းရေး နည်းပညာ သုံးတာတွေဟာ အနာဂတ် စာရေးဆရာ တွေ အတွက် စိတ်ဝင်စား စရာ ဖြစ်ပါတယ်။
တရုတ် ပတ်ဝန်းကျင် အရေး ကိစ္စ၊ အာကာသမှာ ဖွေရှာတာတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးလာတာတွေကလည်း အလေးထား လေ့လာစရာ ဖြစ်ပါတယ်။
နောက်အနှစ်တရာမှာ တော့ တရုတ်ပြည် သမိုင်းရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ် လားရာက လူတွေအတွက် ဆက်ပြီး စိတ်ဝင်စား အသိပွားစရာ ဖြစ်နေမှာပါ။
ပါမောက္ခ ရာနာ မစ်တာဟာ အောက်စဖို့ဒ်တက္ကသိုလ်က ခေတ်သစ် တရုတ်သမိုင်းနဲ့ နိုင်ငံရေး ပါမောက္ခ ဖြစ်ပြီး တရုတ်လေ့လာရေး ဌာန ဒါရိုက်တာလည်း ဖြစ်ပါတယ်။








