အိမ်မပြန်နိုင်တဲ့ အိန္ဒိယ မြန်မာများ

- ရေးသားသူ, အန်ဘာရာဆန် အီသီရာဂျန်
- ရာထူးတာဝန်, ဘီဘီစီ မဏိပူရ
နေ့တိုင်း နေ့တိုင်း မိုဟာမက် ယူစွတ် ဆာလန်က သူ့ဇာတိမြေကို လှမ်းမျှော်ကြည့်ပါတယ်။ အဲဒီနေရာက သူအခုနေရာနဲ့ ကိုက် အနည်းငယ်ပဲ ဝေးပါတယ်။
ဒါပေမဲ့ မြန်မာ အစောင့်တပ်တွေက သူ့ကို နိုင်ငံပြန်ခွင့် ပေးမှာ မဟုတ်ပါဘူး။
သူဟာ အိန္ဒိယ မြန်မာ နယ်စပ် မဏိပူရ နယ် မိုရေးမြို့မှာ နေကြတဲ့ မြန်မာပြည်က ထောင်နဲ့ချီတဲ့ တမီးလ် လူမျိုးတွေထဲက တယောက်ပါ။
၁၉၆ဝ ကျော်နှစ်တွေမှာ စစ်အစိုးရက နှင်ထုတ်လို့ မစ္စတာ ဆာလန်တို့ နိုင်ငံက ထွက်ခဲ့ရပါတယ်။
ရန်ကုန်မှာ နေခဲ့တဲ့ သူတို့ရဲ့ စီးပွားရေးတွေ ပြည်သူပိုင် သိမ်းခံရပြီး နေ့ချင်း ညချင်း ကုန်းကောက်စရာ မရှိတဲ့ ဒုက္ခသည်တွေ ဖြစ်ခဲ့ရပါတယ်။

၁၉၆၂ နောက်ပိုင်း မြန်မာပြည်က ထွက်လာတဲ့ အိန္ဒိယ နွယ်ဖွား သုံးသိန်းလောက် ရှိပါတယ်။
အိန္ဒိယ ရောက်ခါစက သုံးလလောက်က တမီလ်နာဒူးက ဒုက္ခသည် စခန်းမှာ နေခဲ့ရတယ်၊ အဲဒီမှာ ကျွန်တော်တို့ ဘိုးဘေးတွေ နေခဲ့ပေမယ့် ဘာမှအထောက်အပံ့မရဘဲ ဘဝကို ပြန်စဖို့ ခက်တယ် လို့ ခု အသက် ၇ဝ ကျော်ပြီ ဖြစ်တဲ့ မစ္စတာ ဆာလန်က ပြောပါတယ်။

အိန္ဒိယ အသေးစား
မြန်မာပြည်မှာ ရာစုနှစ်တွေနဲ့ချီ နေခဲ့တဲ့ အိန္ဒိယ လူမျိုးတွေဟာ ဗြိတိသျှ အုပ်စိုးမှုအောက်မှာ အစုအပြုံလိုက် မြန်မာ နိုင်ငံထဲ ဝင်လာခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ် တရာကျော်ကပေါ့။ အစိုးရဝန်ထမ်းတွေ၊ ကုန်သည်နဲ့ လယ်သမားတွေ၊ အလုပ်သမားနဲ့ တခြား ပညာရှင်တွေအဖြစ် သူတို့ အသက်မွေးခဲ့ကြပြီး မြန်မာ စီးပွားရေးရဲ့ ကျောရိုးလို ဖြစ်လာခဲ့ပါတယ်။
ဒါကို မကျေနပ်တဲ့ မြန်မာ အမျိုးသားရေး ဝါဒီတွေကြောင့် ၁၉၃ဝ ကျော်မှာ ကုလား ဗမာ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။ ၁၉၄၈ မှာ မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် အိန္ဒိယ နွယ်ဖွားတွေကို ပိုပြီး ဖိနှိပ်လာသလို ၁၉၆၂ နောက်ပိုင်း မှာတော့ နိုင်ငံက အတင်းအကျပ် နှင်ထုတ်တာတွေ ဖြစ်လာပါတယ်။
အိန္ဒိယမှာ အခြေချရတာ ခက်ခဲလို့ မြန်မာပြည်ကို ကုန်းလမ်းက ပြန်ဖို့ စဉ်းစားကြပါတယ်။ အိန္ဒိယ အရှေ့မြောက်က နာဂလန်း၊ မဏိပူရ၊ မီဇိုရမ်နဲ့ အရွန်နာချယ် ပရာဒက်ရှ် ပြည်နယ်တွေနဲ့ မြန်မာပြည် နယ်နိမိတ် ထိစပ်နေတယ်လို့ သူတို့ သိကြတယ်။
ရထားတတန် ကားတတန်နဲ့ ရက်တွေချီ သွားပြီးနောက် တမီလ်နာဒူးက မိုင် နှစ်ထောင်ဝေးတဲ့ မိုရေးကို သူတို့ထဲက တအုပ်စု ရောက်လာပါတယ်။
နယ်စပ်ရောက်တော့ မြန်မာ စစ်သားတွေက သူတို့ကို နိုင်ငံထဲ ဝင်ခွင့် မပေးပါဘူး။
ဒါနဲ့ တမီးလ်တွေ မိုရေးမှာ အခြေချရင်း တနေ့တော့ ဇာတိနိုင်ငံကို ပြန်ရမယ်လို့ မျှော်ကြပါတယ်။
အိပ်မက်တွေကတော့ ဘယ်တော့မှ ပြည့်မလာခဲ့ပါဘူး။

"ရောက်ခါစက မိုရေးက ရွာလေးလိုပဲ။ ဘာရေမီးမှ မရှိဘူး။ ဒါပေမဲ့ မြန်မာပြည်ကနေ ဒီလာပြီး ကားပစ္စည်း၊ အထည်အဝတ်နဲ့ အလှကုန်လို အိန္ဒိယ ပစ္စည်းတွေ လာရှာကြပါတယ်။ ကျွန်တော်တို့က ဗမာလို တတ်တော့ စီးပွားရေး စဖို့ လွယ်တာပေါ့"လို့ မစ္စတာ ဆာလန်က ပြောပြပါတယ်။
နောက်တော့ မိုရေးက တမီးလ်တွေက တမီလ်နာဒူးက သူတို့အမျိုးတွေ အသိတွေကို လာနေဖို့ ခေါ်ကြပါတယ်။
အများစုက အိန္ဒိယ နိုင်ငံသားတွေ ဖြစ်လာကြပါတယ်။
၁၉၉ဝ လောက်ကျတော့ မြန်မာပြည်က တမီးလ်တွေက မိုရေးမှာ တသောင်းခွဲလောက် ဖြစ်လာပါတယ်။ မြို့တဝက်လောက် ဖြစ်လာတာပါ။ သူတို့ကိုယ်ပိုင် ကျောင်းတွေ၊ ဘုရားတွေ၊ ချာ့ချ်နဲ့ ဗလီတွေနဲ့ ဖြစ်လာပြီး ပွဲလမ်းသဘင်တွေလည်း ရှိလာပါတယ်။ မိုရေးကို အိန္ဒိယ အသေးစားလို့တောင် ခေါ်လာကြပါတယ်။
"တမီလ်နာဒူးနဲ့ လူမှုရေး ယဉ်ကျေးမှုအရ အဆက်မပြတ်ဘူး။ အရေးကြီးတဲ့ ဘုရားပွဲတွေဆို အဲဒီက ဘုန်းကြီးတွေနဲ့ ဂီတဆရာတွေ ပင့်ဖိတ်တယ်၊ မိုရေးက မိဘတွေကလည်း သူတို့သားသမီးတွေကို တမီလ်နာဒူးကို ပို့တယ်" လို့ မိုရေးက အထက်တန်းကျောင်းအုပ် ကေ ဘလာဆူးဘရာမာနီယမ် က ပြောပါတယ်။
တရုတ်ကုန်တွေ
တချိန်တုန်းကတော့ မြန်မာ တမီးလ်တွေက နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်ထားခဲ့ပါတယ်။
ဒါကြောင့် နယ်ခံ ကူကီးလူမျိုးတွေနဲ့ ပြဿနာတက်ခဲ့ကြပါတယ်။
၁၉၉၅ မှာ တမီးလ်နဲ့ ကူကီးတွေ အဓိကရုဏ်းဖြစ်တော့ တော်တော် သေကြေကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆက်ဆံရေး ပြန်ကောင်းလာပါတယ်။
"တဘက်နဲ့ တဘက် အပြန်အလှန် ပွဲလမ်းတွေ သွားကြပါတယ်။ ပြဿနာရှိရင် ချက်ချင်း ဖြေရှင်းဖို့ ကော်မတီတွေလည်း ဖွဲ့ထားပါတယ် " လို့ တမီးလ် စီးပွားရေး သမား မနုဟာ မိုဟန်းက ပြောပါတယ်။
မြန်မာ ဘက်က နန့်ဖာလုံမှာ ၁၉၉ဝ ကျော်မှာစျေးစဖွင့်ပြီးနောက်ပိုင်း တမီးလ်တွေ စီးပွားရေး ထိခိုက်လာပါတယ်။
မြန်မာဘက်က တရုတ်ပစ္စည်းတွေ လှိမ့်ဝင်လာပြီး မြန်မာတွေ မိုရေး မလာတော့ဘဲ နန့်ဖာလုံမှာပဲ စျေးဝယ်ကြပါတယ်။

မဏိပူရက ကုန်သည်တွေကို ဆက်ကြေးမပေးလို့ သူပုန်တွေက ခြိမ်းခြောက်တာတွေ ရှိပါတယ်။ မပေးတဲ့သူတွေကို သတ်ပစ်တာတွေလည်း ရှိပါတယ်။
ဒီလို ဆူပူ အကြမ်းဖက်မှုတွေနဲ့ စီးပွားရေး အခြေအနေ မကောင်းလို့ ကုန်သည်တွေနဲ့ အိန္ဒိယမြန်မာ တွေ မိုရေးက ခွာဖို့ ဖြစ်လာပါတယ်။
အများစုက ချင်နိုင်းခေါ် မဒရပ်ကို သွားကြလို့ အခု မိုရေးမှာ တမီးလ် သုံးထောင်လောက်ပဲ ရှိပါတယ်။

ဝင်ပေါက်တံခါးမ
ဒီနှစ်ပိုင်းမှာပဲ ပုန်ကန်မှုတွေကို ထိန်းချုပ်နိုင်ပါတယ်။ မိုရေးက ကုန်သည်တွေက အာရှ အဝေးပြေးလမ်းကြီး ပြီးရင် သူတို့စီးပွားရေးတွေ ပြန်ကောင်းလာမယ်လို့ မျှော်လင့်နေကြပါတယ်။
မဏိပူရ မြို့တော် အင်ဖာနဲ့ ရန်ကုန်၊ ဘန်ကောက်ထိ ဆက်မယ့် လမ်းကြီး ဖြစ်လို့ မိုရေးကို အိန္ဒိယ အတွက် အရှေ့တောင်အာရှ တံခါးမကြီးလို့ ယူဆနေကြပါတယ်။
ပထဝီ အနေအထားအရ မိုရေးမှာ ရှေ့လျှောက် အလားအလာတွေ အများကြီး ရှိတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။

မြန်မာ တမီးလ်တွေအကြောင်းက ဒုက္ခသုက္ခတွေ အောင်မြင်မှုတွေနဲ့ ရောပြွမ်းနေပါတယ်။
လူကြီးတွေက သူတို့လာရာ မြန်မာပြည်ကို သတိရပြီး မိုရေးမှာပဲ နေချင်ကြပါတယ်။
နောက်မျိုးဆက်သစ်တွေကတော့ ဒီမြို့မှာ နေလို့ စီးပွားရေး ပညာရေး သိပ်မတိုးတက်ဘူးလို့ မြင်လာကြပါတယ်။
"ဒီမှာ ကျောင်းကောင်းကောင်း မရှိရင် တခြားသွားရမှာပဲ။ မိန်းကလေးတွေဆိုရင် မိုရေးမှာ ဆရာမပဲ လုပ်လို့ရတယ်။ ဒါကြောင့် ဒီကခွာပြီး ချင်နိုင်းလို နေရာကို သွားဖို့ကလွဲပြီး တခြား မရှိဘူး"လို့ တက္ကသိုလ် ကျောင်းသူ ဘီရီဗာသီက ဆိုပါတယ်။
အတိတ်သံယောဇဉ်တခုတည်းနဲ့ မိုရေးမှာ မြန်မာ တမီးလ်တွေ ဆက်နေဖို့ မဖြစ်တော့ပါဘူး။









