ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေ့ခံရသလား မေရှင်
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီ မြန်မာပိုင်း
အဆိုတော် ရုပ်ရှင် မင်းသမီး ဒေါ်မေရှင်ဟာ အခု အသက် ထင်ရှားရှိသေးရင် အသက် ၁ဝဝ တင်းတင်းပြည့်ခဲ့ပါပြီ။
ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်က သူ့မွေးနေ့ ရာပြည့်ခဲ့တာပါ။
သူ့ရာပြည့်ကို အထူးတလည် မကျင်းပခဲ့ရပေမယ့် သူ့သီချင်းတွေနဲ့ ရုပ်ရှင်တွေကိုတော့ လူတွေက ကြိုက်နေကြဆဲ ဖြစ်ပါတယ်။
သူ့ဘဝမှာ ရုပ်ရှင် များများ မရိုက်ခဲ့ပေမယ့် သီချင်းတွေတော့ အများကြီး ဆိုခဲ့ပါတယ်။
ရုပ်ရှင် ၁၄ ကားသာ ရိုက်ခဲ့ပေမယ့် သီချင်း တရာလောက် ဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီသီချင်းတွေကို ခုထိ မျိုးဆက်သစ်တွေက အကြိမ်ကြိမ် အခါခါ သီဆိုခဲ့ပါတယ်။
ဒီထဲမှာ ဘိုသံလို့ ခေါ်တဲ့ အနောက်တိုင်းသံစဉ် တေးတွေ ပါသလို မြန်မာ သံစဉ်နဲ့ ရေးတဲ့ သီချင်းတွေလည်း ပါပါတယ်။
ဒေါ်မေရှင်ဟာ ဒီ နှစ်မျိုးစလုံးကို ပိုင်နိုင်စွာ သီဆိုခဲ့ပါတယ်။
နောက်ပြီး မြန်မာနိုင်ငံမှာ ဂီတခေတ်သစ်ကို စခဲ့သူတွေထဲမှာ ဒေါ်မေရှင်လည်း ပါပါတယ်။
အသံထွက် ရုပ်ရှင်တွေ ၁၉၃ဝ ကျော်က စပြီး ရိုက်ကူးလာပြီးနောက် ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ဓာတ်ပြား သီချင်းတွေ ၁၉၃၈ က စပြီး ပေါ်ထွက်လာခဲ့ပါတယ်။
ဒီထဲမှာ အေဝမ်း ရုပ်ရှင်က ဒေါ်မေရှင်နဲ့ ဦးတင်မောင်၊ ပြည်လှဖေ စတဲ့ သရုပ်ဆောင် အဆိုတော်တွေရဲ့ တေးသီချင်းတွေဟာ ထင်ရှားလာခဲ့ပါတယ်။
ဒီသီချင်းတွေဟာ ဆန်းသစ်ပြီး တီးမှုတ်ပုံ စနစ်ကျတာမို့ ပရိသတ်တွေရဲ့ အားပေးမှု ရခဲ့ပါတယ်။
တချို့ သီချင်းတွေက အနောက်တိုင်းတေးတွေကို မှီးတာ ဖြစ်ပြီး တချို့က ဂျပန် သီချင်းတွေ ဖြစ်ပါတယ်။
ဒီထဲက ကောက်နုတ် ပြောရရင် မြကေခိုင်၊ သော်တာငွေမင်း၊ မယ်ခုမျှော် စတဲ့ တေးတွေ ဖြစ်ကြပါတယ်။
ချစ်သဲစွဲ သီချင်းကတော့ တန်ဂို ပုံစံ ဖြစ်ပြီး သူ့ကို တေးရေးသူ ခေတ္တရာအေးက မူလ ဂျပန်အမျိုးသမီး တယောက် ဆိုတာကို ဖွင့်ပြဖူးတယ်လို့ ဒေါ်မေရှင် ရှိစဉ်က ပြောခဲ့ဖူးပါတယ်။
လေသာဆောင် ကတော့ စစ်မဖြစ်ခင် ဂျပန်ပြည်မှာ ထင်ရှားတဲ့ ရှီနာနို ရောယု ဖြစ်ပါတယ်။
ဒီ ဒေါ်မေရှင်ရဲ့ သီချင်းတွေက ဘာကြောင့် ခုချိန်ထိ ပရိသတ် မျိုးဆက် အဆက်ဆက်ကို စွဲဆောင်နိုင်တာဟာ သီချင်းတွေရဲ့ ရေးဖွဲ့ပုံ မြန်မာ ဆန်တာရယ်နဲ့ သီဆိုသူ ဒေါ်မေရှင်ရဲ့ ကရုဏာသံကြောင့် ဖြစ်တယ်လို့
သူ့ဘဝ အတ္ထုပ္ပတ္တိကို ပြုစုခဲ့တဲ့ စာရေးဆရာမ ဝင်းဝင်းမြင့် (နန်းတော်ရှေ့)က ပြောပြပါတယ်။
သူ့သီချင်းတွေထဲမှာ လူကြိုက်များတဲ့ တေးတွေကို စာရင်းကောက်ရရင်ကို အနည်းဆုံး ၂ဝ လောက် ရှိပါမယ်။
ဒီထဲက ခေါင်ခေါက် ရွေးရရင်တော့ ချစ်ရေစင် ဇာတ်ကားမှာ အချစ်ကံခေတဲ့ မိတ္ထီလာ မြို့သူကလေး ညိုညို အဖြစ် သရုပ်ဆောင်ရင်း သီဆိုခဲ့တဲ့ ချစ်ရေစင် သီချင်းဟာ ထင်ရှားလှပါတယ်။
နောက်ပြီး မြူးကြွတဲ့ တေးသွားတွေ ဖြစ်တဲ့ ပြည်လှဖေနဲ့ သီဆိုတဲ့ ရှေးရေစက်၊ ရှေးကုသိုလ် စတဲ့ တေးတွေက ထင်ရှားသလို ချစ်ဗျူဟာ သီချင်းကလည်း ရဲတင်း သွက်လက်မှုမှာ ခုထိ ခေတ်မီနေဆဲ ဖြစ်ပါတယ်။
သက်ဝေ၊ ပျို့မှာတမ်း၊ ဖူးစာပိုင် စတဲ့ မြို့မငြိမ်းရဲ့ တေးတွေဟာလည်း ဒေါ်မေရှင့်အသံနဲ့ ခုချိန်ထိ အနှစ် ၇ဝ ကျော် နားဆင်နေကြဆဲ ဖြစ်ပါတယ်။
အမျိုးသားရေးကို နှိုးဆော်တဲ့ တေးတွေ သီဆိုရာမှာလည်း သူ့ရဲ့ ရှေးဘုရင်၊ ခေတ်ပြောင်းချိန် စတဲ့ တေးတွေဟာ ထင်ရှားပါတယ်။
ဒီထဲက ရွှေအင်းဝ သီချင်းကတော့ ခုချိန်ထိ ရုပ်သံလှိုင်းတွေမှာ ကြားနေရဆဲ ဖြစ်ပါတယ်။
စစ်ပြီးချိန်မှာတော့ ဒေါ်မေရှင်ဟာ ဂန္ထဝင် ဆိုလောက်တဲ့ တေးတပုဒ်ကို သီဆိုခဲ့ပြန်ပါတယ်။
ဒါကတော့ ကျေးစေတမန်ပါ။
၁၉၄၈ မြန်မာပြည် ပြည်တွင်းစစ် ကာလ အတွင်း တပ်မတော်သားတွေကို အားပေးတဲ့ သီချင်းလို့ ဆိုကြပေမယ့် ဒီသီချင်းရဲ့ ရသမြောက်ပုံနဲ့ သီဆိုဖွဲ့နွဲ့မှု ပြောင်မြောက်တာကြောင့် ကနေ့ထိ မတိမ်ကောဘဲ တင်ကျန်ခဲ့ပါတယ်။
ရုပ်ရှင်ထဲမှာတော့ ဒေါ်မေရှင်ရဲ့ မြားနတ်မောင်၊ ချစ်ရေစင်၊ ချစ်အမျှ၊ စောင်းတော်ရှင် စတဲ့ စစ်မဖြစ်ခင်က ကားတွေ လူကြိုက်များသလို စစ်ပြီးမှာ သူနဲ့ ဦးတင်မောင် ရိုက်တဲ့ ချိန်တန်ပြီ ဇာတ်ကားဟာ ဝင်ငွေ စံချိန်တင်ခဲ့ပါတယ်။
ရုပ်ရှင်တွေထဲမှာ ရိုးအေးတဲ့ အသွင်နဲ့ သရုပ်ဆောင်ကောင်းတဲ့ ဒေါ်မေရှင်ကို ဦးတင်မောင် ၊ ပြည်လှဖေ စတဲ့ မင်းသားတွေထဲက တယောက်နဲ့ ပရိသတ်က ဖူးစာဖက်စေချင်ပါတယ်။
ဒါပေမဲ့ တယောက်နဲ့မှ ဖူးစာမဆုံဘဲ ဒေါ်မေရှင်ဟာ အပျိုစင်ဘဝနဲ့ အသက် ၉ဝ ကျော်ထိ နေသွားပါတယ်။
ဒေါ်မေရှင်ဟာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ပေမယ့် ရုပ်ရှင် အကယ်ဒမီဆုကို မရခဲ့ပါဘူး။
အကယ်ဒမီ စပေးတဲ့ ၁၉၅၂ မှာ သူနဲ့ ရိုက်ဖို့ ရည်ရွယ်ထားတဲ့ ချစ်သက်ဝေ ဇာတ်ကားက ကြည်ကြည်ဌေး အကယ်ဒမီ ရခဲ့ပါတယ်။
၁၉၆၂ လောက်ထိ ရုပ်ရှင်ရိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒေါ်မေရှင်ဟာ ရုပ်ရှင် ဂီတ လောကကို ကျောခိုင်းပြီး မန္တလေးမှာ အငြိမ်းစား နေခဲ့ပါတယ်။
ချယ်ရီပန်းတွေ အလှဆုံး အချိန်မှာ ကြွေသလို အနုပညာတွေကို အရွယ်ကောင်းချိန်မှာ နားခဲ့တဲ့ ဒေါ်မေရှင်ကို ပြည်သူတွေက မမေ့ကြပါဘူး။
မနက်ချိန်ခါ ဓမ္မာရုံတွေက ဖွင့်တဲ့ အောင်ခြင်းရှစ်ပါး သီချင်းက အစ ကျောင်းပိတ်ရက်၊ မြတ်လေးငုံ စတဲ့ တေးတွေကို မြန်မာတေးချစ်သူတွေက သီဆို နားဆင်နေကြဆဲ ဖြစ်ပါတယ်။