ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်ဆည် ဒေါ်မြရီ ရာပြည့်
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ကျောက်ဆည် ဒေါ်မြရီလို့ လူသိများတဲ့ လေထီး ဒေါ်မြရီဟာ ငယ်စဉ်က စပြီး နိုင်ငံရေးမှာ စိတ်ဝင်စားပါတယ်။
နဂါးနီ စာအုပ် အသင်းဝင်လည်း ဖြစ်သလို သခင်မ တယောက် အနေနဲ့ စစ်မဖြစ်ခင်က နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။
မြဝတ်ရည် အမည်နဲ့လည်း စာရေးခဲ့ပါတယ်။
စစ်ကြီးဖြစ်စမှာတော့ ဗမာ့ ကာကွယ်ရေး တပ်မတော် အတွက် ကျောက်ဆည် ခရိုင် ရိက္ခာ တာဝန်ခံနဲ့ စစ်သား စုဆောင်းရေး တာဝန်ကိုလည်း ယူခဲ့ပါတယ်။
သခင်တင်မြနဲ့အတူ မန္တလေး တဝိုက်မှာ ဖက်ဆစ် တော်လှန်ရေး သင်တန်းတွေ ပေးခဲ့ပါတယ်။
နောက် ဂျပန် စစ်တပ်ရဲ့ သတ်ဖြတ် မတရားပြုတာတွေကို တော်လှန်ဖို့ အိန္ဒိယကို သခင်တင်ရွှေနဲ့အတူ သွားခဲ့ပါတယ်။
အိန္ဒိယ မသွားခင် သူတို့ကို သခင်စိုးက လက်ထပ် ပေးခဲ့ပြီး ရခိုင် တော်လှန်ရေးသမားတွေ အကူအညီနဲ့ ရိုးမကို ခြေကျင် ဖြတ်ကျော်ပြီး စွန့်စား သွားခဲ့ပါတယ်။
ရခိုင် ကမ်းရိုးတန်းမှာ ဆိုက်လာတဲ့ ဗြိတိသျှ ရေငုပ်သင်္ဘောနဲ့ လိုက်ပါသွားတာ ဖြစ်ပါတယ်။
သူတို့ အိန္ဒိယကို ရောက်ပြီ ဆိုတဲ့အကြောင်း အောလ် အိန္ဒိယ ရေဒီယိုကနေ ဖိုးရုံတို့ မိဂဒါဝုန် ရောက်ပြီ ဆိုတဲ့ စကားဝှက်နဲ့ လွှင့် ပေးခဲ့ပါတယ်။
ရန်ကုန်မှာ ဂျပန် လက်အောက်မှာ လုပ်နေတဲ့ တော်လှန်ရေး ခေါင်းဆောင်တွေ သိဖို့ စကားပါးတာ ဖြစ်ပါတယ်။
အိန္ဒိယမှာ ရှိစဉ် ကာလကတ္တားမှာ ရှိတဲ့ ဘုံရိပ်သာမှာ မြန်မာပြည်က ရဲဘော်တွေနဲ့ အတူ လက်ဝဲစာပေ လေ့လာတာနဲ့ မဟာမိတ် တွေထံမှာ စစ်သင်တန်း ယူတာတွေ လုပ်ခဲ့ပါတယ်။
စီစဉ် ကြီးကြပ်သူကတော့ ဗမာပြည် ကွန်မြူနစ်ပါတီက သခင်သိန်းဖေ ခေါ် သိန်းဖေမြင့် ဖြစ်ပါတယ်။
သူနဲ့အတူ လေ့ကျင့်သူတွေထဲမှာ သမ္မတ ဖြစ်လာတဲ့ မန်းဝင်းမောင်နဲ့ ဖဆပလ ဝန်ကြီးဟောင်း ဦးညိုထွန်း၊ ဦးဘစောတို့ ပါသလို တောခို ကွန်မြူနစ် ခေါင်းဆောင်တွေထဲက ဗိုလ်မှူးချစ်ကောင်းနဲ့ လေထီး ဦးအုန်းမောင် စတဲ့ တော်လှန်ရေး သမားတွေ ပါပါတယ်။
မြန်မာပြည် ပြန်အလာမှာ လေယာဉ်ပျက်ကျ ကွယ်လွန်သွားတဲ့ ကျောင်းသား ခေါင်းဆောင် သခင်ဗိုလ်လည်း ပါပါတယ်။
သားဦး ကိုစိုးသိန်း မွေးဖွားစမှာ သူကိုယ်တိုင် လေထီးခုန်ဖို့ ရှိပေမယ့် တခြားတယောက် ရောက်လာလို့ လေထီးမခုန်လိုက်ရပါဘူး။
မန်းဝင်းမောင် ကတော့ လေထီးနဲ့ ဆင်းရာမှာ ခြေထောက်ထိပြီး ခြေတဘက် နိမ့်သွားခဲ့ပါတယ်။
စစ်ပြီးစမှာ ဗြိတိသျှ အစိုးရက စွန့်စား ဆောင်ရွက်မှု တွေ အတွက် သူ့ခင်ပွန်း သခင်တင်ရွှေကို အိုဘီးအီး ဘွဲ့ပေးပေမယ့် ကိုယ့်နိုင်ငံ အကျိုး ဆောင်ရွက်တာသာ ဖြစ်တယ် ဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။
လွတ်လပ်ရေး ရပြီးနောက် သခင်တင်ရွှေနဲ့ အတူ တောခိုပြီး ကွန်မြူနစ် သူပုန်ထရာမှာ ပါခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူ တောထဲမှာ ကျဆုံးပြီးနောက် ကျောက်ဆည် ပြန်လာပြီး ဝန်ကြီးချုပ် ဦးနု စီစဉ်ပေးမှုနဲ့ ကျောင်းဆရာမ အဖြစ် ဆက် အသက်မွေးခဲ့ပါတယ်။
ဒီနောက်ပိုင်း နိုင်ငံရေးမှာ အရင်လို ပါဝင်တာ သိပ်မရှိတော့ပေမယ့် လေထီး ရဲဘော် ဗိုလ်မှူးချစ်ကောင်းကို နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ်ပေးထားတာကို သူငယ်ချင်း ဖြစ်သူ သမ္မတ မန်းဝင်းမောင်ကို အကူအညီ တောင်းခံပြီး လွတ်အောင် စီစဉ် နိုင်ခဲ့ပါတယ်။
တော်လှန်ရေးမှာ ပါဝင် ကျဆုံးခဲ့သူတွေ အမှတ်တရ ရွှေသာလျောင်း တောင်ခြေမှာ သူကိုယ်တိုင် ကျောက်တိုင် စိုက်ပေးခဲ့သလို သူ့ ရာပြည့် အမှတ်တရ ကျောက်ဆည် မြို့လူထုက သူ့ရုပ်တု ထုဖို့ ပြင်ဆင်နေတယ်လို့လည်း ဒေါ်မြရီရဲ့ သမက် ဖြစ်တဲ့ ဦးတင်စိန်က ပြောပါတယ်။
ကျောက်ဆည် ဒေါ်မြရီ နဲ့ သခင်တင်ရွှေတို့ စွန့်စား ဆောင်ရွက်မှုတွေကို စာရေးဆရာ သိန်းဖေမြင့်က စစ်အတွင်း ခရီးသည် စာအုပ်မှာ မှတ်တမ်းတင် ထားခဲ့သလို နိုင်ငံခြား မှတ်တမ်း သမိုင်း စာအုပ်တွေမှာလည်း ဖော်ပြ ပါတယ်။