အင်ဒိုနီးရှားက မင်ကြောင်နဲ့ ဝန်ကြီးမ

ဓာတ်ပုံ ရင်းမြစ်, Susi
အင်ဒိုနီးရှား ပင်လယ် ရေကြောင်း ဝန်ကြီး ဆူစီ ပူဂျီယာစတူတီ လို ဝန်ကြီးမျိုး ရှားပါတယ်။
ဒီအမျိုးသမီးက ဆေးမင်ကြောင် ထိုးထားသလို အထက်တန်းကျောင်းတောင် အောင်တာ မဟုတ်ပါဘူး။ ကိုယ်ဒူးကိုယ်ချွန် ကြိုးစားပြီး စီးပွားရေး သမားဘဝနဲ့ အောင်မြင်လာတာပါ။
အခုလည်း တရားမဝင် ငါးဖမ်းလှေတွေကို ဖမ်းတဲ့ အလုပ်ကို ခေါင်းဆောင်နေတဲ့သူ ဖြစ်ပါတယ်။
ရာနဲ့ချီတဲ့ ငါးဖမ်းလှေတွေကို သူ့အမိန့်နဲ့ ဖောက်ခွဲ ပစ်ခဲ့ပါတယ်။
သူ့ကို ၂ဝ၁၄ တုန်းက ဝန်ကြီးခန့်တုန်းက သမ္မတ ဂျိုကို ဝီဒိုဒိုက ဒီလိုနေရာမှာ အောင်မြင်ဖို့ ရူးကြောင်ကြောင် လူလိုတယ် ဆိုပြီး ခန့်ခဲ့တာပါ။
အခုတော့ သူ့ရဲ့ ဟောဟောဒိုင်းဒိုင်း ပြောဆိုပုံကြောင့် လူတွေကြားမှာ ရေပန်းစားနေပါတယ်။
ကမ္ဘာပေါ်မှာ မွတ်ဆလင် အများဆုံး နေထိုင်တဲ့ နိုင်ငံ၊ နိုင်ငံရေးသမားတွေကို အထင်မကြီးတဲ့ နိုင်ငံမှာ နာမည်ကြီး နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, De Hooi Jakarta
သူ့ကို ဆူပါဝူးမန်း ဆိုပြီး လမ်းဘေးမှာ ပုံဆွဲထားတာ ရှိသလို ကာတွန်း ဇာတ်လိုက်လိုမျိုး ရေသူမ တပိုင်း လူတပိုင်းပုံ ဆွဲတာ ရှိပါတယ်။
သူ့ရဲ့ နာမည်ကြီးမှုက ရှေးရိုးဆန်တဲ့ အင်ဒိုနီးရှား နိုင်ငံရေးကို ကိုင်လှုပ်ခဲ့ပါတယ်။
ပင်လယ်မှာ စစ်ဆေးရေး လုပ်ပြီး ရေတပ် သင်္ဘောပေါ်မှာ ဘီးတဲလ်စ် သီချင်းနဲ့ ကတဲ့ ဗီဒီယိုနဲ့ ပင်လယ်ထဲမှာ လှေလေးနဲ့ ကော်ဖီထိုင်သောက်နေတဲ့ ပုံတို့က အင်ဒိုနီးရှား လူမှုကွန်ယက်တွေမှာ ပေါက်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဝီဒိုဒို အစိုးရ အပြောင်းအလဲ လုပ်မယ် သတင်းတွေ ထွက်တိုင်း သူ့ကို ဖယ်ရှားဖို့ သမ္မတကို ဖိအားပေး ခံရတယ် ဆိုတဲ့ အသံထွက်လာပါတယ်။ သူ့ရဲ့ မူဝါဒတွေက သိပ်မကောင်းဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဘီဘီစီက သူ့ကို အင်တာဗျူး တောင်းတဲ့အခါမှာ သူက ပင်လယ်က ပြန်လာတာ နောက်ကျ နေလို့ မပေးနိုင်ဘူးလို့ ဆိုပါတယ်။
"သူ့ဘဝမှာ တရက်လောက် ထွက်ပြေးလို့ ရရင် သမုဒ္ဒရာက အကောင်းဆုံးပါပဲ လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Susi
ဒါပေမဲ့ လူမှု ကွန်ယက်တွေမှာ သူ့ကို ဝေဖန်တာတွေ ရှိပါတယ်။
ဝန်ကြီး ဖြစ်ခါစက သမ္မတ အိမ်တော်ထောင့်မှာ သူ ဆေးလိပ် သောက်နေတဲ့ပုံ ထွက်လာတော့ ထောင်နဲ့ချီတဲ့ သူတွေက မနှစ်ခြိုက်ကြပါဘူး။
ဒီလူတွေက ရေးကြတယ်၊" ခင်ဗျားက အမေ တယောက်ပါ၊ နာမည်လည်း ကြီးပါတယ်။ ကျွန်တော့် သမီးက ခင်ဗျားကို သိပ်အားကျတာ၊ ခု သမီး ခင်ဗျားလို ဆေးလိပ်လိုက်သောက်မှာ စိတ်ပူနေရပြီ " လို့ ရေးကြကြောင်း မစ္စ ဆူစီက ဆိုပါတယ်။
ဒီအတွက် သူက စိတ်မကောင်း ဖြစ်တာမို့ လူကြားထဲမှာ ဆေးလိပ် မသောက်တော့ဘူး လို့ ဆူစီက ရယ်ပြီး ပြောပါတယ်။ အင်ဒိုနီးရှား လွှတ်တော် ဒုဥက္ကဋ္ဌ Farid Hamzah ကတော့ သူ့ ခြေထောက်က မင်ကြောင်တွေနဲ့ ပုံကို တွစ်တာမှာ တင်ပြီး လမ်းဘေးက သူခိုး ဂျပိုး လို့ ခေါ်ပါတယ်။
ကျွန်မတို့ဆီမှာ ဆေးမင်ကြောင် ရှိတဲ့ အမျိုးသမီးတွေကို မကျေလည်တာ တကယ် ရှိပါတယ်လို့ မစ္စ ဆူစီက ဆိုပါတယ်။
ကျွန်မ ဆေးမင်ကြောင် ထိုးတာ အနှစ် ၃ဝ ရှိပြီ၊ ကျွန်မ သူငယ်ချင်းတွေနဲ့ လိုက်ထိုးထားတာ ၊ အစက အဝတ်နဲ့ ဖုံးထားသေးတယ်လို့ ပြောပါတယ်။
သူ ဝလာတော့လည်း လူတွေက သူ့ကို ကဲ့ရဲ့ကြတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ငါးဖမ်းလှေ ကိစ္စ
သူ့အကြောင်းထက် လူတွေ ငါးခိုးဖမ်းတဲ့ ကိစ္စ သူ ဘယ်လို ကိုင်တွယ် နေတာဆိုတာ ဆူစီက ပို အာရုံစိုက်စေချင်ပါတယ်။
အင်ဒိုနီးရှား ရေပြင်မှာ မိတဲ့ လှေတွေကို ဖောက်ခွဲပစ်တာ သူက စတာပါ။
ရေပြင်က အကျယ်ကြီး ဆိုတော့ လိုက် စောင့်ကြည့်ဖို့ မလွယ်ပါဘူး၊ ဒီတော့ ထိရောက်အောင် တားဖို့ လိုပါတယ်လို့ ဆူစီက ပြောပါတယ် ။
ဒါကြောင့် မိတဲ့ လှေတွေကို မီဒီယာတွေ ရဗေ့မှာ ဖောက်ခွဲ ဖျက်ဆီး ပစ်ပါတယ်။
ဒီလိုနဲ့ တရုတ် အပါအဝင် နိုင်ငံစုံက ရာနဲ့ချီတဲ့ လှေတွေ ဖောက်ခွဲ ခံခဲ့ရပါတယ်။
တရုတ်က အင်ဒိုနီးရှား တချို့ ကျွန်းတွေနားမှာ သူတို့ ရှေးကတည်းက ငါးဖမ်းလာတာလို့ ဆိုပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ သံတမန်ရေးမှာ မပြေလည်ခဲ့ပါဘူး။ ဆူစီရဲ့ လုပ်ပုံက ထိပ်တိုက် တွေ့လွန်းတယ်လို့ အင်ဒိုနီးရှား လွှတ်တော်က ဝေဖန်ခဲ့ပါတယ်။
သူကိုယ်တိုင်လည်း သူ့လုပ်ရပ် ဘယ်ထိသွားမယ် ဆိုတာ မသိကြောင်း ပြောပါတယ်။
ဒါပေမဲ့ ဒီလို ဖောက်ခွဲခဲ့လို့ အင်ဒိုနီးရှား ပင်လယ်မှာ ငါးအရေအတွက် သိသိသာသာ ပြန်တက်လာတယ်လို့ ဆိုပါတယ်။
ဒီအတွက် ဟောလိဝုဒ် မင်းသား လီယိုနာဒို ဒီကက်ပရီယို နဲ့ ပတ်ဝန်းကျင် ပညာရှင်တွေဆီက ချီးကျူး ထောက်ခံမှု ရခဲ့ပါတယ်။ စည်းကမ်းတွေ တင်းကျပ်လို့ ဒေသထဲက ရေလုပ်သားတွေကိုပါ ထိခိုက်စေတယ် ဆိုပြီး ဝေဖန်တာတွေလည်း ရှိပါတယ်။
အင်ဒိုနီးရှားမှာ အမျိုးသမီးတွေ အတွက် ခေါင်းဆောင်မှု နေရာရဖို့ ခွဲခြားခံရတာတွေ ရှိသေးတယ်လို့ သူက ပြောပါတယ်။
သူ့ကိုယ်သူတော့ ယောက်ျားတွေနဲ့ တန်းတူပဲလို့ အမြဲယူဆပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ROSLAN RAHMAN
သူ့အမေ ကိုယ်တိုင်က အိမ်က ပေးစားတဲ့သူကို အသက်ကြီးလို့ ဆိုပြီး ၁၂ နှစ်သမီးနဲ့ ထွက်ပြေးခဲ့သူ ဖြစ်ပါတယ်။
ဂျားဗား ကျွန်း အနောက်ဘက် ကမ်းရိုးတန်းမှာ ကြီးခဲ့တဲ့ ဆူစီ က သူ့မိဘတွေက သူ့ကို သူ့အစ်ကိုတွေနဲ့ မခွဲမခြား ဆက်ဆံတယ်လို့ ပြောပါတယ်။
မိန်းမ အလုပ်၊ ယောက်ျားအလုပ် ဆိုပြီး အိမ်မှာ ခွဲမထားဘူး၊ ဒါ ကျွန်မ ဘဝမှာ အင်မတန် လွှမ်းမိုးတယ်လို့ ဆူစီက ဆိုပါတယ်။
ဒါကြောင့် အမျိုးသမီး အဖွဲ့တွေကို ကျွန်မ ပြောတယ်၊ ဒီမတူကွဲပြားမှုတွေ ပျောက်ဖို့ သူတို့ ခေါင်းထဲမှာ ရှိတဲ့ အတားအဆီးတွေ အရင်ဖယ်ပစ်ရမယ်။ ခပ်ရှင်းရှင်း စဉ်းစားတာ အကောင်းဆုံးပါပဲ လို့ အင်ဒိုနီးရှား ဝန်ကြီး ဆူစီ ပူဂျီယာစတူတီက ပြောပါတယ်။
ကျွန်မ ဘဝမှာ ကျွန်မဖြစ်ချင်သလို လုပ်ခွင့် ဘဝက ပေးခဲ့တယ် လို့လည်း ဆိုပါတယ်။








