မွန် အမျိုးသားနေ့

မွန်တိုင်းရင်းသားများ
ဓာတ်ပုံ ပုံစာ, အမျိုးသားနေ့ အခမ်းအနားက မွန်တိုင်းရင်းသားများ

မွန် အမျိုးသားနေ့ဟာ မွန်လူမျိုးတို့ အထွဋ်အမြတ် ထားတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ် ။ သာသနာ သက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲ လပြည့်ကျော် ၁ ရက် တနင်္လာနေ့မှာ သမလကုမ္မာနဲ့ ဝိမလကုမ္မာ မွန်မင်းသား ညီနောင် နှစ်ပါးတို့ ဟံသာဝတီမင်း နေပြည်တော်ကို စတင် တည်ထောင်ခဲ့တဲ့ နေ့ကို အစွဲပြုပြီး မွန် အမျိုးသားနေ့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ် ။

ဒါကြောင့် တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ ကျရောက်တိုင်း ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်လူမျိုး တွေဟာ ဒေသအလိုက် မွန်အမျိုးသားနေ့ကို ကျင်းပလေ့ ရှိကြပါတယ် ။

ကျင်းပတဲ့ နေရာအလိုက် အမျိုးသားနေ့ အခမ်းအနား တွေမှာ မွန်အမျိုးသား အလံတော်ကို အလေးပြုခြင်း ၊ ဟောပြောပွဲ ကျင်းပခြင်း ၊ စာပေယဉ်ကျေးမှု ပြိုင်ပွဲများ ကျင်းပခြင်း ၊ အားကစား ပြိုင်ပွဲများ ကျင်းပခြင်း ၊ ထမနဲ ထိုးပွဲများ ကျင်းပခြင်း ၊ ရဟန်းသံဃာတော် များအား ဆွမ်းကပ်လှူဒါန်းခြင်း ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းတွေ ပြုလုပ်ကြပါတယ် ။

သမိုင်းကြောင်းကို ပြန်ကြည့်ရင် မွန်အမျိုးသားနေ့ ဆိုတာ မြန်မာပြည် လွတ်လပ်ရေး မရခင် ကတည်းက သတ်မှတ်ကျင်းပလာခဲ့တာ ဖြစ်ပါတယ် ။

၁၉၄၆ ခုနှစ် ကုန်လောက်မှာ မွန်မျိုးချစ် ခေါင်းဆောင်များ ၊ ရဟန်းသံဃာတော်များနဲ့ မွန်ပညာရှင်တွေ စုပေါင်းပြီး မွန်ပြည်နယ် သံဖြူဇရပ်မြို့ ပင ကျေးရွာမှာ ညီလာခံ ကျင်းပပြုလုပ်ကာ ဟံသာဝတီ မွန်နေပြည်တော်ကို စတင်တည်ထောင်တဲ့နေ့ ဖြစ်တဲ့ တပို့တွဲလပြည့်ကျော် ၁ရက်နေ့ကို မွန်အမျိုးသားနေ့ အဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ် ။

၁၉၄ရ ခုနှစ်မှာ စတင် ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ဟာ အခုနှစ်ဆိုရင် ၆၃ကြိမ်မြောက်သွားပြီ ဖြစ်ပါတယ် ။

မွန်အမျိုးသားနေ့ အခမ်းအနားကို တက်ရောက်တဲ့ မွန်ပြည်သူတွေဟာ ရိုးရာဝတ်စုံတွေ ဝတ်ဆင် တက်ရောက် ကြတာကြောင့် မြင်ရသူတွေ အနေနဲ့ အလွန် စိတ်အား တက်ကြွဖွယ် ကောင်းလှပါတယ် ။

မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်
ဓာတ်ပုံ ပုံစာ, မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်

မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်လူမျိုးတွေသာမက ဒေသခံ တိုင်းရင်းသား လူမျိုးတွေလည်း ဝင်ရောက်နွှဲပျော်လေ့ ရှိပါတယ် ။

စစ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မွန်အမျိုးသားနေ့ ကျင်းပရတဲ့ နေရာတွေမှာ မွန်အမျိုးသားတွေဟာ အမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး အလှည့်ကျ စံနစ်နဲ့ မွန်ပြည်နယ်ရှိ မြို့နယ်များသို့ စုပေါင်း ကျင်းပကြတဲ့ နည်းကို အသုံးပြုခဲ့ကြပါတယ် ။

မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဗဟိုအဖွဲ့က ဒီနှစ် အမျိုးသားနေ့ကို မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲမှာ အလှည့်ကျ ကျင်းပဖို့ သတ်မှတ်ခဲ့ကြပါတယ် ။

အလှည့်မကျ သေးတဲ့ မြို့နယ်တွေမှာလည်း ကိုယ်တတ်နိုင်သလောက် နှစ်စဉ်ကျင်းပကြပါတယ် ။

ဒီနှစ်အတွက် မွန်အမျိုးသားနေ့ အခမ်းအနားမှာ သဘာပတိကြီး အနေနဲ့ တက်ရောက်ခဲ့တဲ့ မွန်ပြည်နယ်သစ် ပါတီ ဉက္ကဌကြီး နိုင်ထောမွန်က မွန်အမျိုးသားနေ့ကို အကြောင်းပြုပြီး မွန် တမျိုးသားလုံး စည်းလုံးညီညွတ်မှု တည်ဆောက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း အထူးသဖြင့် ပြည်တွင်းပြည်ပရှိ မွန်အမျိုးသား အပေါင်းတို့ ညီညီညွတ်ညွတ်နဲ့ အမျိုးသားရေး အတွက် ပူးပေါင်း လုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့ပါတယ် ။

နိုင်ငံရေးအရ ညီညွတ်မှု ခွန်အားနဲ့ တကယ့် အင်အား ဖြစ်လာဖို့ ညီညွတ်မှုကို တည်ဆောက်ပြီးတော့ ခိုင်မာအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ် ။ ဒီကနေ့ လက်တွေ့ အခြေအနေအရလည်း မွန် အမျိုးသားတွေရဲ့ အဖွဲ့အစည်း အသီးသီးကို စုစည်းပြီးတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်အမျိုးသား အပေါင်းကို ညီညွတ်မှု ပိုပြီးရှိအောင် စုစည်း လက်တွဲပြီးတော့ ပေါင်းစည်းရမယ် ။ အဲဒီကနေ တဆင့် ဆက်စပ်မှုရှိရှိ မွန်တမျိုးသားလုံး လွတ်မြောက်ရေး အတွက် အထောက်အကူ ဖြစ်အောင် ပူးပေါင်း ဆက်စပ်ပြီးတော့ လှုပ်ရှားသွားမှာ ဖြစ်ပါတယ် လို့ မွန်ပြည်သစ် ပါတီ ဥက္ကဌ နိုင်ထောမွန်က ပြောကြားသွားပါတယ် ။

မွန်ပြည်သစ်ပါတီဟာ ကိုယ်ကြမ္မာ ကိုယ်ဖန်တီး နိုင်သည့် ဖယ်ဒရယ် ပြည်ထောင်စု စံနစ်ကို တည်ဆောက်ရန် လိုလားပြီး စစ်အစိုးရရဲ့ ၂ဝဝဂ အခြေခံ ဥပဒေကိုလည်း လက်မခံသလို ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း အယုံအကြည် မရှိ သလို စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ကိုလည်း လက်မခံဘဲ ပယ်ချထားပါတယ် ။

မွန်ပြည်သစ်ပါတီ တပ်ဖွဲ့
ဓာတ်ပုံ ပုံစာ, မွန်ပြည်သစ်ပါတီ တပ်ဖွဲ့

မွန်အမျိုးသားနေ့ ကျရောက်တိုင်း မွန်လူမျိုးတွေဟာ တချိန်က မွန်လူမျိုးတို့ရဲ့ သမိုင်းကြောင်း ရာဇဝင်ကို ပြန်လည် အောက်မေ့ တမ်းတ ကြပါတယ် ။

မွန်လူမျိုးတွေဟာ တချိန်က ယဉ်ကျေးမှု အစဉ်အလာ ကြီးမားခဲ့ပြီး ကိုယ်ထီးကိုယ်နန်း ကိုယ်ကြငှန်းနဲ့ ဝင့်ထည်စွာ နေလာခဲ့တဲ့ လူမျိုးဖြစ်ခဲ့ပေမယ့် ပဒေသရာဇ် တို့ရဲ့ နယ်ပယ် ချဲ့ထွင် ကျူးကျော် သိမ်းပိုက်ခဲ့တာကြောင့် ထီးနန်းပျောက်တဲ့ ဘဝအခြေအနေကို ရောက်ခဲ့တာ ဖြစ်ပါတယ် ။

ဒါပေမယ့် မွန်လူမျိုးတို့ရဲ့ အမျိုးသား ဆိုင်ရာ ရပိုင်ခွင့် အတွက် နည်းအမျိုးမျိုးနဲ့ ယနေ့တိုင် ရုန်းကန် လှုပ်ရှားနေဆဲ ဖြစ်ပါတယ် ။