မြစ်ဆုံစီမံကိန်းကိစ္စ တရုတ်သံအမတ် ကချင်မှာ လာစနည်းနာ

မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်နားထားတာ ၅နှစ် ရှိသွားပြီ။

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်နားထားတာ ၅နှစ် ရှိသွားပြီ။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang နဲ့ အဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရောက်ရှိနေပြီး မြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်လည် စတင်နိုင်ရေးနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နဲ့ တွေ့ဆုံခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ သဘောထားကို မေးမြန်းခဲ့သလို ဒေသတွင်းက ရှမ်း တိုင်းရင်းသား ဒေသခံတွေနဲ့လည်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

တရုတ်သံအမတ်ကြီးရဲ့ မေးမြန်းချက်နဲ့ပတ်သက်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်က တော့ မြစ်ဆုံစီမံကိန်းဟာ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့သာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ တုန့်ပြန် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြစ်ဆုံ စီမံကိန်း ရပ်နားထားရတာ ၅နှစ် ရှိပြီ ဖြစ်တဲ့အတွက် နစ်နာ ဆုံးရှုံးနေကြောင်းနဲ့ ဒီစီမံကိန်းအတွက် တရုတ် ဗဟိုဘဏ်ကနေ ငွေချေးပြီး လုပ်ခဲ့တာမို့ တနှစ်တနှစ်ကို အမေရိကန် ဒေါ်လာ သိန်းငါးရာ ပေးနေရကြောင်း တရုတ်သံအမတ်ကြီးက ရှင်းပြခဲ့တယ်လို့ ရှမ်းတိုင်းရင်းသား ရေးရာအဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ရှမ်းတိုင်းရင်းသားရေးရာ အဖွဲ့ကတော့ မြစ်ဆုံ စီမံကိန်းကြောင့် ဒေသတွင်း ဘေးအန္တရာယ် ကျမကျ ဆိုတာကို ကြားနေနိုင်ငံတခုက သီးခြား ပညာရှင်တွေနဲ့ စစ်ဆေး အတည်ပြုပြီး ထုတ်ပြန်ကြေညာသင့်ကြောင်း တရုတ်သံအမတ်ကြီးကို အကြံပြုခဲ့တယ်လို့ ပြောပါတယ်။