ဝန်ကြီးဌာနတွေ ဖျက်သိမ်းမှာ ပေါင်းမှာကို ဝန်ထမ်းတွေ စိုးရိမ်နေ

ဓာတ်ပုံ ရင်းမြစ်,
မြန်မာ နိုင်ငံမှာ လောလောဆယ် ရှိနေတဲ့ အစိုးရ ဝန်ကြီးဌာန ၃၆ ခု ထဲက မလိုအပ်တဲ့ ဝန်ကြီးဌာနတွေကို ဖျက်သိမ်းတာ၊ ပေါင်းစည်း တာတွေ လုပ်မှာ ဖြစ်လို့ ဖျက်သိမ်းမယ်လို့ ကြားရတဲ့ ဝန်ကြီးဌာန အသီးသီးက ဝန်ထမ်းတွေ စိုးရိမ်ပူပန် နေကြပါတယ်။
လက်ရှိ ဝန်ကြီး ဌာနတွေ ကို ဖျက်သိမ်းတာ၊ ပေါင်းစည်းတာတွေ ပြုလုပ်ပြီး ဌာန ၂၀ လောက်ပဲ ထားမယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တွေက အစောပိုင်း ကတည်းက ပြောနေခဲ့ကြတာ ဖြစ်ပါတယ်။
သမဝါယမ ဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာနနဲ့ ပြန်ကြားရေး ဝန်ကြီးဌာန တို့ကို ဖျက်သိမ်းမယ်လို့ သတင်းတွေ ထွက်နေပြီး သမ္မတရုံးက ဝန်ကြီးဌာန ၆ ခု ကိုလည်း လျှော့ချမယ်လို့ ယူဆရပါတယ်။
ပေါင်းစည်းဖို့ သတင်းထွက်နေတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနဲ့ အားကစား ဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး ရေလုပ်ငန်းနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ပါဝင်ပါတယ်
မူလအတိုင်း ထားရှိမယ်လို့ သတင်းထွက်နေတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင် မြင့် ကတော့ ဝန်ကြီးဌာနတွေ ဖျက်သိမ်းတာ ပူးပေါင်းတာတွေကို အစိုးရသစ်ရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်တွေအတိုင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဝန်ထမ်းတွေ အနေနဲ့ ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းမှာ လုပ်ဆောင်ရမှာ ဖြစ်လို့ ပြောင်းလဲ ဖြစ်ပေါ်လာမယ့် အခြေ အနေ အရ ဆောင်ရွက်နိုင်အောင် အဆင်သင့်ပြင်ထား ကြတယ်လို့ ပြောပါတယ်။
မတ်လ ၁၇ ရက်နေ့မှာ သမ္မတသစ် ဦးထင်ကျော်က ဝန်ကြီးဌာန အရေအတွက်နဲ့ စာရင်းကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတဲ့အခါ ဘယ်ဝန်ကြီး ဌာနတွေကို ဖျက်သိမ်းမယ်၊ ဘယ်ဝန်ကြီးဌာနတွေကို ပေါင်းစည်းမယ် ဆိုတာ အတိအကျ သိရတော့မှာ ဖြစ်ပါတယ်။




