လွှတ်တော်ဥက္ကဋ္ဌ နေရာတွေ အတွက် NLD လျာထား

အမျိုးသား လွှတ်တော် ဥက္ကဌ အဖြစ် အာဇာနည် ခေါင်းဆောင် မန်းဘခိုင်ရဲ့ မြေး မန်းဝင်းခိုင်သန်းကို လျာထားပြီ
ဓာတ်ပုံ ပုံစာ, အမျိုးသား လွှတ်တော် ဥက္ကဌ အဖြစ် အာဇာနည် ခေါင်းဆောင် မန်းဘခိုင်ရဲ့ မြေး မန်းဝင်းခိုင်သန်းကို လျာထားပြီ

အမျိုးသားနဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ နေရာတွေ အတွက် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကနေ လျာထား ထားပြီ ဖြစ်ကြောင်း NLD ပါတီရဲ့ ထိပ်တန်း CEC တစ်ဦးက ပြောပါတယ်။

အမျိုးသား လွှတ်တော် ဥက္ကဌ အဖြစ် ကရင် ပြည်နယ် မြဝတီ မြို့နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်က အနိုင် ရရှိ ထားတဲ့ အာဇာနည် ခေါင်းဆောင် မန်းဘခိုင်ရဲ့ မြေး ဖြစ်သူ NLD ပါတီဝင် မန်းဝင်းခိုင်သန်းကို ရွေးချယ် ထားပြီး အမျိုးသား လွှတ်တော် ဒုဥက္ကဌ အဖြစ် ရခိုင် အမျိုးသား ပါတီ ANP က ဦးအေးသာအောင် ကို လျာထား တယ်လို့ သူက ဆိုပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ အဖြစ် NLD ပါတီ တာမွေ မြို့နယ် ပြည်သူ့ လွှတ်တော် မဲ ဆန္ဒ နယ်က အနိုင် ရရှိ ထားတဲ့ ဦးဝင်းမြင့်ကို ရွေးချယ် ထားပြီး ပြည်သူ့ လွှတ်တော် ဒုဥက္ကဌ အဖြစ် ကြံ့ခိုင် ဖွံဖြိုးရေး ပါတီ ကွတ်ခိုင်မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးတီခွန်မြတ်ကို လျာထား ထားတယ် လို့လည်း ပြောပါတယ်။

အမျိုးသား လွှတ်တော် ဥက္ကဌ ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် ပထမ လ ၃၀ တာဝန် ဆောင်ရွက်ရ တဲ့ အတွက် အင်မတန် အရေးကြီးတဲ့ ရာထူး ဖြစ်ပါတယ်။

ဒီလို အရေးကြီးတဲ့ နေရာကို တာဝန် ပေးဖို့ ရွေးချယ် ထားတဲ့ အသက် ၆၀ အရွယ် မန်းဝင်ခိုင်သန်းကို အရင်က လူသိနည်းကြပါတယ်။ ဧရာဝတီတိုင်း ကျုံပျော် မြို့ မှာ မွေးဖွား ခဲ့ပြီး ဥပဒေ ပညာနဲ့ ဘွဲ့ရခဲ့ပြီး ရှေ့ နေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူပါ။

၁၉၉၀ နောက်ပိုင်း မြဝတီမြို့သို့ ပြောင်းရွေ့ နေထိုင်ခဲ့ပြီး NLD ပါတီကို ၂၀၁၄ နှစ်ဆန်းပိုင်းမှာ ဝင်ရောက်ခဲ့ပါတယ်။ အခုချိန်ထိ သာမန် ပါတီဝင် အဆင့်သာ ရှိပါသေးတယ် လို့ NLD မြဝတီ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ်က ပြောပါတယ်။

ပြည်သူ့ လွှတ်တော် ဒုဥက္ကဌ အဖြစ် ကမ်းလှမ်း ထားတဲ့ ဦးတီခွန်မြတ်ဟာ လက်ရှိမှာ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဖြစ်ပြီး ဥပဒေ ပညာရှင် တစ်ယောက် ဖြစ်ပါ တယ်။

အမျိုးသား လွှတ်တော် ဒုဥက္ကဌ နဲ့ ဦးအေးသာအောင်

ဦးအေးသာအောင် CRPP အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ANP ပါတီ အလုပ် အမှုဆောင်ဝင် လည်း ဖြစ်ပါတယ်
ဓာတ်ပုံ ပုံစာ, ဦးအေးသာအောင် CRPP အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ANP ပါတီ အလုပ် အမှုဆောင်ဝင် လည်း ဖြစ်ပါတယ်

အမျိုးသား လွှတ်တော် ဒုဥက္ကဌ အဖြစ် ကမ်းလှမ်း ခံရသူ ဦးအေးသာအောင် ဟာ ၁၉၉၀ ရွေးကောက် ပွဲမှာ NLD ပါတီနဲ့ မဟာ မိတ် ဖွဲ့ခဲ့တဲ့ CRPP အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး အခုလက်ရှိ ANP ပါတီ အလုပ် အမှုဆောင်ဝင် လည်း ဖြစ်ပါတယ်။

ANP ပါတီဟာ ပြည်နယ် ဝန်ကြီးချုပ် နေရာ ရရှိမှ အန်အဲလ်ဒီ အစိုးရနဲ့ တခြား ပူးပေါင်း ဆောင်ရွက် မှုတွေ လုပ်မယ်လို့ မကြာသေးခင် ရက်ပိုင်း ကပဲ ကြေညာချက် ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။

ဦးအောင်သာအောင် ကတော့ သူ့ကို လျာထားတယ်ဆိုတာ သူ့ အနေနဲ့ မသိကြောင်းနဲ့ တကယ့်လို့ သူ့ကို လွှတ်တော်မှာ ရွေးချယ်မယ် ဆိုရင် ဒါဟာ လွှတ်တော် လုပ်ငန်းစဉ် အရသာ သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်းANP ရဲ့ နောက်ထပ် ဗဟို အလုပ် အမှုဆောင် ဒေါ်ခင်စောဝေ ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန် ခဲ့တဲ့ ထုတ်ပြန်ချက် အတိုင်း ညှိနှိုင်း ဆောင်ရွက် မှုတွေ လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

အခု လျာထားတဲ့ လွှတ်တော် ဥက္ကဌ တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော် အစည်း အဝေးမှာ အတည် ပြုခန့် အပ်မှာ ဖြစ်ပါတယ်။