ရွေးကောက်ပွဲ အပြီး တအာင်းပလောင် ဒေသထဲ တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, AP
ရွေးကောက်ပွဲ အပြီး တအာင်း ပလောင် ဒေသထဲမှာ အစိုးရတပ် နဲ့ ဒေသခံ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ် TNLA အကြား တိုက်ပွဲတွေ ပိုပြီး ပြင်းထန် လာတယ် လို့ TNLA ဘက်က ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက် စနေနေ့ က ကွတ်ခိုင် မန်တုံ မြို့နယ် ကြား တိုက်ပွဲ တနေကုန် ဖြစ်ခဲ့တယ် လို့ TNLA အထွေထွေ အတွင်းရေးမှူး တာဖုန်းကျော် က ဘီဘီစီ ကို ပြောပါတယ်။
TNLA ဘက်က ၅ ယောက် ထိခိုက် ဒဏ်ရာရပြီး မြန်မာ စစ်တပ် ဘက်ကလည်း အကျအဆုံး ရှိတယ်လို့ ပြောပေမယ့် သီးခြား အတည်ပြုချက် တော့ မရရှိ သေးပါဘူး။
ဒေသတွင်း အနှံ့ ဖြစ်ပေါ် နေတဲ့ တိုက်ပွဲတွေကြောင့် ပန်ဆိုင်း ရွာ အပါအဝင် ဒေသခံ ရွာတွေ ထိခိုက် ပျက်စီး မှု ရှိခဲ့တယ် လို့လည်း တာဖုန်းကျော် က ပြောပါတယ်။
အဲဒီ့ ဒေသတွေ မှာ အရင်ကလည်း တိုက်ပွဲ တွေ ရှိခဲ့ ပေမယ့် ရွေးကောက်ပွဲ နောက်ပိုင်း အစိုးရ စစ်ကြောင်း တွေ ပိုမို ထိုးဖော် လှုပ်ရှား လာတဲ့ အတွက် အခုလို တိုက်ပွဲတွေ ပိုပြင်းထန် လာရတာ ဖြစ်တယ် ဆိုပြီး တာဖုန်းကျော် က ဆိုပါတယ်။
ရွေးကောက်ပွဲ အပြီး မြန်မာ့ နိုင်ငံရေး မှာ တပ်မတော်ရဲ့ အရေးပါမှု အင်အားကြီးမှု ကို ပြသချင် တဲ့ အတွက် အခုလို တိုင်းရင်းသား ဒေသတွေ မှာ တိုက်ပွဲ တွေ ဖော်ဆောင် လာတာ ဖြစ်တယ် ဆိုပြီး TNLA ဘက် က စွပ်စွဲ ဝေဖန် နေပါတယ်။
အစိုးရ အပြောင်းအလဲ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ် အားလုံး နဲ့ အပစ်အခတ် ရပ်စဲ ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး လာရင် TNLA အနေနဲ့ ပါဝင်ဖို့ အသင့်ပဲ လို့ ဆိုပါတယ်။




