မလေးရှားစခန်းမှာ အခုတလခွဲအတွင်း မြန်မာ ၆ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရှိတဲ့ တရားမဝင် နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားတဲ့ KLIA Camp ထိန်းသိမ်းရေး စခန်းမှာ အမည်မသိတဲ့ ရောဂါနဲ့ လူသေဆုံးမှုတွေ ရှိနေရာမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အခု ဒီတလခွဲအတွင်း ဆေးရုံမှာ အမည်မသိ ရောဂါနဲ့ သေဆုံးသူ ၈ဦး ရှိခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၆ဦး၊ နီပေါနိုင်ငံသား ၁ဦးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီရောဂါ ခံစားရသူတွေဟာ ခန္ဓာကိုယ်တွေ ဖေါရောင်လာပြီး ဆီးနဲ့ဝမ်း မသွားတော့ပဲ နောက်ပိုင်းမှာ အသက်ရှူ ကျပ်လာတယ်လို့ ထောင်ထဲက မြန်မာနိုင်ငံသား တဦးက ပြောပါတယ်။
ဆေးရုံတင်ပြီးရင် အသက်ရှင်ရက်သား ထောင်ထဲကို ပြန်ရောက်မလာတော့တဲ့အတွက် ထောင်သားတွေ အနေနဲ့ စိုးရိမ်စိတ်တွေ ကြီးထွားနေတယ်လို့လည်း ဆိုပါတယ်။
ဒီရောဂါဟာ ဘယ်လို ရောဂါ လဲဆိုတာကို ထောင်မှာ လာရောက်ကြည့်ရှုတဲ့ မြန်မာ သံရုံးက အရာရှိတွေကို မေးကြည့်ကြပေမယ့် အတိအကျ မပြောနိုင်သေးဘူး ဆိုပြီး ပြန်ဖြေခဲ့တယ်လို့ ထောင်ထဲက နောက်မြန်မာ တဦးက ပြောပါတယ်။
အခု လောလောဆယ် အဲဒီ စခန်းမှာ မြန်မာနိုင်ငံသား ၄၀၀ကျော်လောက် ရှိနေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၆ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံက မိုးချမ်းခိုင် ဆိုသူ တဦး အပါအဝင် လူ၃ဦး တနေ့တည်းမှာ သေဆုံးခဲ့ပါတယ်။




