NLD က USDP အမတ်လောင်းတွေ ဥပဒေ ဖောက်ဖျက်နေလို့ စွပ်စွဲ

ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ က ဒက္ခိဏသီရိမြို့နယ် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်လောင်း တွေရဲ့ မဲဆွယ်မှု ဟာ ဥပဒေနဲ့မညီဘူးလို့ ယူဆတဲ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း က တနင်္ဂနွေ နေ့ မှာ ရဲစခန်းကို တိုင်ကြားခဲ့ ပါတယ်။
လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန က အငြိမ်းစား ညွန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ဒက္ခိဏသိရီ မြို့နယ် ရွာသစ်ကုန်းကျေးရွာ အထက်တန်းကျောင်းမှာ ဒို့အတွက်အမှန်တကယ်အကျိုးပြုမယ့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို မဲ ပေးကြပါ စာတမ်းရိုက်နှိပ်ထားတဲ့ ထီးတွေကို ပြည်သူလူထုအကြား စက်တင်ဘာ ၄ ရက်နေ့က ဝေငှခဲ့ပါတယ်။
လယ်/ဆည် ဝန်ကြီးဦးမြင့်လှိုင် ဟာ ပြည်ခိုင်ဖြိုးပါတီကနေ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက် အဖြစ် လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို ဦးကျော်ဝင်း ကိုယ်တိုင်လည်း ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားလွှတ်တော်အမတ် နေရာ အတွက်က ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
အခုလိုဝေငှ တာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပါ ပြဌါန်းချက်ကို ချိုးဖေါက်တယ်လို့ ယူဆတဲ့ အတွက် ရဲစခန်းကို တိုင်ကြားရတာ ဖြစ်တယ်လို့ ဒက္ခိဏသီရိမြို့နယ် မဲဆန္ဒနယ် ကနေ ပြည်သူ့ လွှတ်တော်အမတ် နေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးသန့်ဇင်ထွန်းကပြောပါတယ်
ဒီတိုင်ကြားချက်ကို ရဲစခန်းကတော့ အမှုဖွင့် ဆောင်ရွက်ပေးခြင်း မရှိဘူးလို့သိရပါတယ်။
ရဲစခန်းက ဒီအမှု ဟာ ရဲ အရေးပိုင်တဲ့အမှု မဟုတ်တဲ့အတွက် လက်မခံတာဖြစ်တယ်လို မြို့နယ်စခန်းမှူး ဒုရဲမူး က ပြောပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင် က ရဲအရေးပိုင်တယ်လို့ မှတ်ချက်ပေးတာနဲ့ ချက်ခြင်း အရေးယူ ဆောင်ရွက်ပေး မယ်လို့လည်း စခန်းမှူးကပြောပါတယ်။
ဦးသန့်ဇင်ထွန်းအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ထံ ဆက်လက်တိုင်ကြားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။








