နိုင်ငံခြားကနေ ကြိုတင်မဲပေးဖို့ လျှောက်ထားသူ ၂ သောင်းမပြည့်

myanmar_election

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပြည်ပ ရောက် မြန်မာ တွေ သိန်းဂဏာန်း ပေါင်း များစွာ ရှိ နေကြ ပေမယ့် မဲပေးမယ် ဆိုပြီး သံရုံး နဲ့ ဆက်သွယ် လျှောက်ထားသူ အရေအတွက် ဟာ အခုလို ၂ သောင်း မပြည့်တဲ့ အခြေ အနေ ဖြစ်နေတာ ပါ။

နိုင်ငံတကာ က မြန်မာ သံရုံးတွေ မှာ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေးနိုင် ဖို့ လျှောက်ထား သူ ၁သောင်း ၈ ထောင် ရဲ့ ပုံစံ ၁၅ လျှောက်လွှာ တွေ လောလောဆယ် အချိန်ထိ လက်ခံ ရရှိထားတယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရဲ့ ထိပ်တန်း အရာရှိ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ့ လျှောက်ထားလွှာတွေ ကို နိုင်ငံခြား သံရုံးတွေ ကနေ ကော်မရှင် လက်ထဲ အရောက် ပို့ပေးဖို့ ဩဂုတ်လ ၂၃ ကို နောက်ဆုံးရက် သတ်မှတ် ထားတယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် က ဆိုပါတယ်။

လက်ခံရရှိ တဲ့ လျှောက်လွှာတွေ ကို လျှောက်ထားသူ ရဲ့ မြန်မာပြည် လိပ်စာ ရပ်ကွက် ကျေးရွာ အဆင့်ထိ ပို့ပြီး မဲပေးပိုင် ခွင့် ရှိသူ ဟုတ်မဟုတ် တိုက်ဆိုင် စစ်ဆေး မှာ ဖြစ်တယ် လို့ ဦးသောင်းလှိုင် က ပြောပါတယ်။

ရပ်/ကျေး အဆင့်ကနေ အတည်ပြု လိုက်တဲ့ သူတွေ အတွက် မဲ လက်မှတ် တွေ ထုတ်ပေးပြီး သက်ဆိုင်ရာ နိုင်ငံ အသီးသီးက သံရုံး တွေ ကို ပြန်လည် ပို့ဆောင် ပေးမှာ ဖြစ်တယ် လို့ ကော်မရှင် ရဲ့ လုပ်ငန်းစဉ် ကို ဦးသောင်းလှိုင် က ရှင်းပြပါတယ်။

ကော်မရှင် အနေနဲ့ အောက်တိုဘာ ၁ ရက် နေ့ မှာ မဲ လက်မှတ် တွေ ကို သံရုံး အရောက် ပို့ ပေးမယ် လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန ကို ပြောထား ကြောင်း နဲ့ ၊ တခါ သံရုံး တွေ မှာ လာရောက် ကြိုတင်မဲ ပေး ကြပြီး တဲ့ အခါမှာ တော့ အဲဒီ့ မဲဆန္ဒတွေ ကို အောင်တိုဘာ ၃၁ ရက် အမှီ ကော်မရှင် ဆီ ကို ပြန်ပို့ ပေးရမှာ ဖြစ်တယ် လို့လည်း ဦးသောင်းလှိုင် က ဆိုပါတယ်။

ပြည်ပ ရောက် မြန်မာ တွေ သိန်းဂဏာန်း ပေါင်း များစွာ ရှိ နေကြ ပေမယ့် မဲပေးမယ် ဆိုပြီး သံရုံး နဲ့ ဆက်သွယ် လျှောက်ထားသူ အရေအတွက် ဟာ အခုလို ၂ သောင်း မပြည့်တဲ့ အခြေ အနေ ဖြစ်နေတာ ပါ။

လန်ဒန် မြို့ မြန်မာသံရုံး ကို ဘီဘီစီ က ဆက်သွယ် တဲ့ အခါ မှာလည်း ကြိုတင် မဲ ပေးဖို့ လျှောက်ထားသူ ၅၀၀ ဝန်းကျင် လောက်ပဲ ရှိတယ်လို့ ပထမ အတွင်းဝန် ဦးဝမ်းကိုကို က ပြောပါတယ်။

လန်ဒန် မြန်မာ သံရုံးဟာ အိုင်ယာလန်၊ ဒိန်းမတ် နဲ့ ဆွီဒင် နိုင်ငံရောက် မြန်မာ တွေ အတွက် ပါဆန္ဒမဲ ကိစ္စ တာဝန် ယူ ထားရတာ ဖြစ်ပါတယ်။

လန်ဒန်သံရုံးမှာတော့ ကြိုတင်မဲ ပေးရမယ့် ရက် ကို အောက်တိုဘာ ၁၇ နဲ့ ၁၈ ရက် တွေ သတ်မှတ် ထားတယ် လို့ ဦးဝမ်းကိုကို က ဆိုပါတယ်။

ကမ္ဘာ အနှံ့ က သိန်းနဲ့ ချီ ကျန် နေသေးသူ မြန်မာ တွေ အတွက် နောက်ဆုံးရက် ရွှေ့ပေးမလား ဆိုတာ ကိုတော့ ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် က နိုင်ငံတကာ က သံရုံးတွေ နဲ့ ပြည်ထောင်စု ကော်မရှင် အကြား မဲလက်မှတ် အသွားအလာ ကြာချိန်တွေ၊ ရပ်/ကျေး အဆင့် စိစစ် ရမယ့် ကာလ တွေ စတဲ့ လုပ်ငန်း စဉ် တွေ ကြောင့် အချိန် နောက်ဆုတ် ပေးဖို့ လွယ် မှာ မဟုတ် ဘူး ဆိုပြီး ပြောပါတယ်။