တ​နိုင်ငံ​လုံး အပစ်​ရပ် ဆွေးနွေး​ပွဲ ပြန်စမယ်

_mpc_ncct_
ဓာတ်ပုံ ပုံစာ, တိုင်းရင်းသား ဒေသတွေ မှာ အစိုးရ စစ်တပ် ဘက်က တိုက်ပွဲတွေ ချက်ခြင်းရပ်ဖို့ UNFC က တောင်းဆိုထား။

တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် ချုပ်ဆို နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် တွေ နဲ့ အစိုးရ ကိုယ်စားလှယ် တွေ အကြား ဆွေးနွေး လက်စ အစည်းအဝေး ကို သီတင်း တစ်ပတ်ကြာ ရပ်နား ထားရာ က ဒီနေ့ မှာ ပြန်လည် စတင် မှာ ဖြစ်ပါတယ်။

သဘောတူ စာချုပ် မူကြမ်းပါ အခန်း ၇ ခန်း ထဲက ၂ ခန်း ပဲ ဆွေးနွေး စရာ ကျန် တော့တယ် လို့ ဆိုပေမယ့် အကြေအလည် ဆွေးနွေး ရမယ့် အကြောင်း ချင်းရာ တွေ အတော် အတန် ရှိသေး တယ် ဆိုပြီး ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ က ဒုက္ကဌ ဦးခူးဦးရယ် က ဘီဘီစီ ကို ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အပစ်ရပ် သဘောတူ နိုင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲ တွေ ဆက်လက် ဖြစ်ထွန်း နိုင်အောင် ညှိနှိုင်း နေတဲ့ ကာလမှာ ပဲ ကချင်ပြည် နဲ့ ရှမ်းပြည် မြောက်ပိုင်း တွေ မှာ အစိုးရ စစ်ဘက် က စစ်ရှိန် မြှင့် လာတဲ့ အတွက် အခု လို ဆွေးနွေး ပွဲ တွေ ဟာ အချည်း အနှီး ဖြစ်ရ လိမ့်မယ် ဆိုပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ က အခု ရက်ပိုင်း ကပဲ သတိပေး ကြေညာချက် ထုတ်လာ ခဲ့ပါတယ်။

ဒီ အချိန်မှာပဲ တနင်္ဂနွေ နေ့ မနက် အစောပိုင်း တုန်းက ရခိုင်ပြည် အနောက်ဘက် နယ်စပ် ကျောက်တော် နဲ့ ပလက်ဝ အကြား မှာ ရခိုင် လက်နက် ကိုင် တပ်ဖွဲ့ တွေ နဲ့ အစိုးရ စစ်တပ် အကြား ရင်ဆိုင် တိုက်ပွဲ ဖြစ်ပေါ်လာ ပါတယ်။

ဒါဟာ မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် မှာ ၁၀ စုနှစ် ကာလ အတွင်း ပထမဆုံး အကြိမ် ရခိုင် တိုင်းရင်းသား လက်နက်ကိုင် တပ် နဲ့ အစိုးရ စစ်တပ် အကြား တိုက်ပွဲ ဖြစ်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။

အစိုးရ စစ်ကြောင်း လှုပ်ရှား မှုတွေ ကို တတ်နိုင်သလောက် ရှောင်ရှား ခဲ့ပေမယ့် အခုတော့ မလွှဲရှောင်သာ ပဲ တိုက်ပွဲ ဖြစ်ခဲ့ရတယ် ဆိုပြီး ရခိုင် တပ်မတော် ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် က ဘီဘီစီ ကို ပြောပါတယ်။