ဗုဒ္ဓပုံတော်နဲ့ အရက်ဆိုင်ကြော်ငြာမှု ပြစ်ဒဏ်ချမှတ်

Gastro Bar Manager, Phillip Blackwood

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, မန်နေဂျာ Phillip Blackwood က ဘာသာရေး စော်ကားလိုတဲ့ ရည်ရွက်ချက် မရှိကြောင်း ထွက်ဆိုခဲ့

ဗုဒ္ဓပုံတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ ပုံနဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အရက်ဆိုင် ကြော်ငြာ ခဲ့တဲ့ နယူး ဇီလန်နိုင်ငံသား မန်နေဂျာ၊ မြန်မာ နိုင်ငံသား မန်နေဂျာနဲ့ ဆိုင်ရှင် တို့ကို မတ်လ ၁၇ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်လိုက် ပါတယ်။

သာသနာ ညစ်နွမ်းစေမှု ပုဒ်မ ၂၉၅ က နဲ့ အာဏာပိုင် အဖွဲ့ အစည်းက အခါ အားလျော်စွာ ထုတ်ပြန်တဲ့ အမိန့်ကို မလိုက်နာမှု ပုဒ်မ ၁၈၈ တို့နဲ့ ဗဟန်း တရားရုံးက ပြစ်ဒဏ် ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

ပြစ်ဒဏ်ချမှတ် ခံရသူတွေ ကတော့ ဗဟန်းမြို့ နယ် ရွှေတောင်ကြားလမ်းက V Grastro.bar ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာ ဦးထွဋ်ကိုကိုလွင်နဲ့ နယူးဇီလန် နိုင်ငံသား Philip Blackwood တို့ ဖြစ်ပါတယ်။

V Gastro Bar ဆိုင်ရှင် ဦးထွန်းသူရိန်ရဲ့ ဇနီး ဒေါ်မြတ် နန္ဒာကတော့ သူ့ခင်ပွန်း ဦးထွန်းသူရိန်နဲ့ မန်နေဂျာ ဦးထွဋ်ကိုကိုလွင် မှာ အပြစ် လုံးဝ မရှိကြောင်း ပြောဆိုပြီး အခု စီရင်ချက်ကို တုန်လှုပ်မိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

Philip Blackwood အတွက် ဥပဒေကြောင်း အရ လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေကတော့ သူ့အမှုသည်ဟာ ပြဌာန်း ဥပဒေနဲ့ ညိစွန်းမှု မရှိဘူးလို့ ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ သက်သေတွေကို ခေါ်ယူမေးမြန်းနိုင်ခွင့် ရခဲ့ပေမဲ့ တရားရုံးက ဆုံးဖြတ်ချက် ချရာမှာတော့ တရားစွဲခံရသူတွေ အတွက် လျှောက်လဲ တင်ပြချက်တွေကို ထည့်သွင်း စဉ်းစားမှု မရှိဘူးလို့ အဲဒီ ရှေ့နေက ပြောပါတယ်။

သူတို့ သုံး ယောက်ကို ဒီဇင်ဘာ ၁၀ ရက်က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားပြီး အခု နောက်ဆုံး စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။

သူ့ အမှုလိုက် ရှေ့နေ ကတော့ ဒီအမှုကို အယူခံ ဝင်ရင်တောင် အထက်ရုံး အဆင့်ဆင့်က ဥပဒေနဲ့ အညီ ဘယ်လောက် လုပ်ဆောင် မယ်ဆိုတာ မသိရ သေးကြောင်း ဘီဘီစီကို ပြောပါတယ်။