V Gastro ဘား တာဝန်ရှိသူတွေကို ရုံးထုတ်

ဓာတ်ပုံ ရင်းမြစ်, EPA
ဗုဒ္ဓ ရုပ်ပွားတော်ပုံနဲ့ ကြော်ငြာ ခဲ့တဲ့ V Gastro Bar က မြန်မာ နိုင်ငံသား ဆိုင်ပိုင်ရှင်၊ ဆိုင်မန်နေဂျာနဲ့ နယူးဇီလန်နိုင်ငံသား ဆိုင်မန်နေဂျာ တို့ကို ဒီဇင်ဘာလ ၁၈ ရက် ကြာသာပတေး နေ့က ဗဟန်း မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးပြီး ပုဒ်မ သုံးခုနဲ့ တရားစွဲဆို လိုက်ပါတယ်။
သာသနာ အကြည်ညိုပျက်စေမှု၊ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မတွေ အပြင် ညပိုင်း အချိန်မတော် ဘားဆိုင်ဖွင့်လှစ်တာကို တားမြစ်တဲ့ ဒေသန္တရ အမိန့် ပုဒ်မ ၁၈၈ တို့နဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။
သူတို့ အာမခံ လျှောက်ထားမှုကိုလည်း ငြင်းပယ် ခံခဲ့ရပါတယ်။
ဗုဒ္ဓ ရုပ်ပွားတော်ပုံ မှာ နားကြပ် တပ်ပြီး Facebook ပေါ်မှာ ဗုဒ္ဓဘားလို့ ကြော်ငြာ တာဟာ သာသနာကို ညှိုးနွမ်းစေတဲ့ သဘောပါသွားလို့ သာသနာ ညှိုးနွမ်းစေမှု နဲ့ ငြိစွန်း နေပြီး ဥပဒေ အရ ထောင်ကျမှာပဲလို့ နယူးဇီလန်သား Philip Blackwood ရဲ့ ရှေ့နေဖြစ်သူ ဦးမြသွေးက ဘီဘီစီကို ပြောပါတယ်။
အခုစွဲဆိုထားတဲ့ အမှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ရင် ထောင်ဒဏ် ၄ နှစ် အထိ ကျခံရနိုင်ပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်က တရားလိုဘက်ကို စစ်ဆေးတဲ့ ရုံးတင် စစ်ဆေးမှုကို သံဃာတော်တွေအပြင် မျိုးချစ် လူငယ် တံဆိပ် အင်္ကျီတွေ ဝတ်ထားသာ လူ ၅၀ လောက်လည်း လာရောက်ခဲ့ကြပါတယ်။
တရားခံနဲ့ တရားခံပြ သက်သေတွေကို လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။




