ပညာ​ရေး​အကြောင်းပြ နိုင်ငံ​ရေး​လှုပ်ရှား​မှု​လို့ ပြည်ထဲရေး​ဝန်ကြီး ပြော

_students_myanmar

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ကျောင်းသားတွေကို နောက်ကွယ်က ကြိုးကိုင် နေကြသူတွေ၊ အားပေး အားမြောက် ပြုတဲ့ နိုင်ငံရေး၊ လူမှုရေး အဖွဲ့တွေ ရှိနေ တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က ပြောပေမယ့် ဘယ်အဖွဲ့အစည်း ဆိုတာကိုတော့ နာမည်နဲ့ တကွ ထုတ်ဖော် ပြတာတော့ မရှိပါဘူး။

မြန်မာနိုင်ငံ တ၀န်းက ကျောင်းသား သပိတ်မှောက် ဆန္ဒပြမှုတွေ ဟာ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ကို အကြောင်းပြ ပြီး တိုင်ပြည် မတည်မငြိမ် ဖြစ်ပေါ် လာအောင် ပြုလုပ် နေတဲ့ နိုင်ငံရေး လှုပ်ရှားမှု ဖြစ်တယ် လို့ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က နိုင်ငံပိုင် MRTV ရုပ်သံ ကနေ ပြောကြား လိုက်ပါတယ်။

ကျောင်းသားတွေ ကို နောက်ကွယ်က ကြိုးကိုင် နေကြတဲ့ သူတွေ၊ အားပေး အားမြောက် ပြုတဲ့ နိုင်ငံရေး၊ လူမှုရေး အဖွဲ့တွေ ရှိနေတယ် လို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က ဆိုပါတယ်။

ဒါပေမယ့် ဘယ်အဖွဲ့အစည်း ဆိုတာကိုတော့ နာမည်နဲ့ တကွ ထုတ်ဖော် ပြတာတော့ မရှိပါဘူး။

အရင် စစ်အစိုးရ လက်ထက် ဆန္ဒပြုမှု ကြီးတွေ တုန်းကလည်း အာဏာပိုင်တွေ ရဲ့ အလားတူ ပြောဆိုမှု တွေ ရှိခဲ့ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မိဘ ပြည်သူ တွေကို မေတ္တာ ရပ်ခံချက် ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထုတ်ပြန်ခဲ့တဲ့ အစိုးရ ကြေညာချက် ထဲမှာလည်း အလားတူ စွပ်စွဲမှု တွေ ပြုလုပ်ခဲ့ပြီး နောက် အခုလို အစိုးရ ထိပ်တန်း ဝန်ကြီး တစ်ဦးလည်းဖြစ်၊ စစ်ဘက် အရာရှိကြီး တစ်ဦးလည်း ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကို က ပြောဆို လာတာပါ။

အမျိုးသား ပညာရေး ပြင်ဆင်ဖို့ ကျောင်းသားတွေ ရဲ့ တောင်းဆိုချက် ၁၁ ချက်ဟာ အလွန် ရှင်းလင်းပြီး တခြား နိုင်ငံရေး တောင်းဆိုမှု တွေ လုပ်တာမျိုး မတွေ့ရဘူး လို့ ပြည်သူ့ အရေး ဂျာနယ် အယ်ဒီတာချူပ် ဦးမော်လင်း က သုံးသပ် ပါတယ်။

ဒါ့အပြင် အာဏာပိုင် တွေ အနေနဲ့ အင်အားသုံး ဖြေရှင်းမှု တွေ မလုပ်ပဲ သဘောထား ကြီးကြီး ထားပြီး ကျောင်းသားတွေ ရဲ့ တောင်းဆို ချက် တွေ အပေါ် ဆွေးနွေး အဖြေရှာ သင့်ပါတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဆူပူမှု တွေ ဖြစ်အောင် ကျောင်းသား တွေ ကို အသုံးချ နေသူ တွေ ရှိတယ် လို့ အစိုးရ က ထုတ်ပြန် လိုက်တုန်းက အစိုးရ အနေနဲ့ သူတို့ကို အကြမ်းဖက် ဖြိုခွဲချင် လို့ စွပ်စွဲတာ ဖြစ်တဲ့ အကြောင်း ကျောင်းသားတွေ က တုန့်ပြန် ခဲ့ပါတယ်။