ပညာရေးဆွေးနွေးပွဲ ပျက်သွားပေမယ့် ညှိုနှိုင်းမှုတွေဆက်ရှိ

ကျောင်းသားတွေ တောင်းဆိုထားတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ရက်နေ့၊ ပြည်ထောင်စုနေ့ နောက်ပိုင်းမှာ ကျင်းပဖို့ ရွှေ့ဆိုင်းထားပေမယ့်၊ အဲဒိမတိုင်ခင်မှာတော့ ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ ညှိုနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားတွေရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရှိနေတယ်လို့ ဖေဖော်ဝါရီလ ၅ရက်နေ့က အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒိလိုပြောဆိုပေမယ့် ဘယ်သူတွေဖြစ်တယ်၊ ဘယ်အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါ။
အခုလိုဆန္ဒပြမှုတွေကြောင့် တိုင်းပြည်မတည်မငြိမ်ဖြစ်မှာကို အစိုးရဘက်က စိုးရိမ်တဲ့အကြောင်းလည်း သူကပြောပါတယ်။
ကမ္ဘာတလွှားမှာရှိတဲ့ ကျောင်းသားတွေခေါင်းဆောင်တဲ့ဆန္ဒပြမှုတွေမှာ အကြမ်းဖက်မှုတွေပါဝင်လာတဲ့ သာဓကတွေရှိတဲ့အတွက် အခုလို စိုးရိမ်တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ကျောင်းသားတွေဆန္ဒပြမှုကို အစိုးရဘက်က ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ အခုအချိန်မှာ ဘယ်သူမှပြောခွင့်မရှိသလို ပြောလေ့ပြောထလည်း မရှိဘူးလို့ သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောပါတယ်။




