၄ ပွင့်ဆိုင်တွေ့ဆုံရေး ပြန်စဖို့ အကြမ်းဖျင်း သဘောတူ

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် တွေ့ဆုံပွဲ ကို အစိုးရ က ပြည်ထောင်စု နေ့ နောက်ပိုင်း ရွှေ့ဆိုင်း ထားခဲ့တာ မှာ အခုဆို ဖေဖေါ်ဝါရီ လ ၁၄ ရက် သို့မဟုတ် ၁၅ ရက် နေ့မှာ ဆွေးနွေး ပွဲ ပြန်စဖို့ အစိုးရ ပညာရေး ဝန်ကြီး ဌာန နဲ့ ၄ ပွင့်ဆိုင်ထဲ ပါဝင်တဲ့ NNER ကွန်ယက် တို့ တွေ့ဆုံခဲ့ ကြတာ ကနေ အကြမ်းဖျင်း သဘောတူ ခဲ့ပါတယ်။
အကြို ဆွေးနွေးပွဲ နောက်တစ်ကြိမ် ကို လာမယ့် ၉ ရက်နေ့ မှာ ပြန်တွေ့ဖို့ လည်း သဘောတူ ခဲ့ကြပြီး အဲဒီ့ အကြိမ်မှာ တော့ ကျောင်းသား ကိုယ်စားလှယ် တွေပါ တက်သင့်ကြောင်း NNER က ဆွေးနွေး ခဲ့တယ်လို့ ဒေါက်တာသိန်းလွင် နဲ့ အတူ ပညာရေး ဝန်ကြီးဌာနက သူတွေနဲ့ တွေ့ဆုံခဲ့သူ NNER အဖွဲ့ဝင် ဒေါ်သူသူမာ က ဘီဘီစီ ကို ပြောပါတယ်။
၄ ပွင့်ဆိုင် ကို ရန်ကုန်မှာ ကျင်းပဖို့ NNER ရဲ့ အကြံပြုမှု ကို ပညာရေး ဌာန ကိုယ်စားလှယ် တွေက သဘောတူ ပေမယ့် လူထုရဲ့ ဆန္ဒပြမှု ကြောင့် ဆွေးနွေးပွဲ အနှောင့်အယှက် မဖြစ် ရအောင် ဆိုတဲ့ အကြောင်းပြချက် နဲ့ ရန်ကုန် မြို့ပြင် မှာ လုပ်ဖို့ တန်ပြန် ဆွေးနွေး လာကြောင်း လည်း ဒေါ်သူသူမာ က ဘီဘီစီ ကို ပြောပါတယ်။
အစိုးရ အနေနဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးရေး ကို တံခါးပိတ် ဆွေးနွေး လိုတယ် လို့လည်း ပြောကြောင်း သိရပါတယ်။
အစိုးရ ရဲ့ သပိတ်မှောက် ကျောင်းသားတွေ အပေါ် လောလောလတ်လတ် စွပ်စွဲထား မှု ဖြစ်တဲ့ ဆူပူ လိုသူတွေ ရဲ့ အသုံးချမှု တွေ ရှိတယ် ဆိုတဲ့ ပြောဆိုချက် ကိုလည်း ဒေါက်တာ သိန်းလွင် က ဝေဖန် ပြီး သပိတ်မှာက် ချီတက် နေကြတာ ကို အကြမ်းဖက် ဖြိုခွဲတာ တွေ မလုပ်ဖို့ တောင်းဆို ခဲ့တယ် လို့ ဒေါ်သူသူမာ က ဆိုပါတယ်။
အခုဆို ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်း မန္တလေး-ရန်ကုန် ချီတက်မှု ဟာ အခုဆို မကွေးတိုင်း တောင်တွင်း အလွန် ဆတ်သွား မှာ ရောက် နေပြီး၊ ပုသိမ် ကနေ ထွက်လာ ကြတဲ့ ဧရာဝတီ စစ်ကြောင်းလည်း ညောင်တုန်း မြို့ကို ရောက်နေပြီ ဖြစ်ပါတယ်။




