တရုတ် ဦးဆောင်ဖွဲ့တဲ့ AIIB ဘဏ် မှာ မြန်မာလည်း တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်နိုင်ငံက ဦးဆောင်တဲ့ အာရှ ၂၁ နိုင်ငံ စုပေါင်းကာ အာရှဒေသ အခြေခံ အဆောက် အဦများ ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု ဘဏ် (AIIB) ဆိုပြီး ဖွဲ့စည်း လိုက်ပါတယ်။
မြန်မာနိုင်ငံ ကလည်း ဒီ ဘဏ်ရဲ့ ကနဦး အဖွဲ့ဝင် အနေနဲ့ ပါဝင်ကြောင်း နားလည်မှု စာချွန်လွှာ ကို အောက်တိုဘာ ၂၄ ရက်နေ့က ဘေဂျင်းမြို့တော် မှာ လက်မှတ် ထိုးခဲ့ပါ တယ်။
AIIB အတွက် မတည်ငွေ ဒေါ်လာ ဘီလျံ ၅၀ ထဲက အများစုကို တရုတ်နိုင်ငံ က ထည့်ဝင်မှာ ဖြစ်ပါတယ်။
ဒီဘဏ်ဟာ အာရှဒေသက နိုင်ငံငယ် တွေ အတွက် ဖွံ့ဖြိုး တိုးတက်ရေး ချေးငွေကဏ္ဍ ကို အဓိကထား လုပ်ဆောင်မှာပါ။
အနောက်အုပ်စု နဲ့ ဂျပန်က အဓိက ချုပ်ကိုင်ထား တဲ့ ကမ္ဘာ့ဘဏ်တို့ အာရှ ဖွံ့ဖြိုးရေးဘဏ် တို့ရဲ့ ဩဇာ လွှမ်းမိုးမှုကို တရုတ်က တန်ပြန်ဖို့ ရည်ရွယ် တည်ထောင်တာ ဖြစ်တယ်လို့ နိုင်ငံတကာ စီးပွားရေး ပညာရှင်တွေ ရဲ့ သုံးသပ်မှု တွေ ရှိနေပါတယ်။
စီးပွားရေး တိုးတက် ကြီးထွား လာနေတဲ့ တရုတ်နိုင်ငံ မှာ နိုင်ငံခြား အရံငွေ ထားရှိနိုင်တဲ့ အင်အားလည်း ကမ္ဘာမှာ ထိပ်သီး ဖြစ်နေတာကြောင့်၊ AIIB ကို ဦးဆောင် တည်ထောင်ခြင်း ဟာ တရုတ် အနေနဲ့ အာဆီယံ နိုင်ငံတွေ အပါအဝင် အာရှတခွင်ကို စည်းရုံးမှု တစ်ရပ် အဖြစ်နဲ့ ရှု့မြင်နိုင်ပါကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဌအဖြစ် ဆောင်ရွက် ခဲ့ဖူးတဲ့ ဦးသန်းလွင် က ဘီဘီစီကို ပြောပါတယ်။
AIIB ရှိလာခြင်းကြောင့်၊ မြန်မာနိုင်ငံ အနေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဘဏ္ဍာရေး ဆိုင်ရာ အကူညီ အထောက်ပံ့ ဖြစ်စေတဲ့ နောက်ထပ် ရွေးချယ်စရာ အဖွဲ့အစည်း ရှိလာတဲ့ အဓိပ္ပာယ် ဖြစ်ကြောင်း လည်း ဦးသန်းလွင် က သုံးသပ်ပါတယ်။




