၁၁ ကြိမ်မြောက် အာဆီယံ ညီလာခံ လုံခြုံရေး

ဓာတ်ပုံ ရင်းမြစ်, Reuters
လာမဲ့ နိုဝင်ဘာလ မှာ မြန်မာနိုင်ငံ မှာ အာဆီယံ ထိပ်သီးညီလာခံ နဲ့ အရှေ့အာရှ ထိပ်သီး ညီလာခံ တွေ ကျင်းပ မှာပါ။ ဒီညီလာခံ ကို ဒေသတွင်း ခေါင်းဆောင်တွေ သာ မက၊ အမေရိကန် သမ္မတ အိုဘားမား လည်း လာတက် မှာပါ။ အဲဒီ အတွက် မြန်မာ အစိုးရ က လုံခြုံရေး အင်အား ကို သောင်းဂဏန်း သုံးမယ် လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ပြောပါတယ်။
ဒီ လုံခြုံရေး ကိစ္စ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းများ ဆိုင်ရာ ဌာနကြီးမှူး ဦးစိုးမြိုင် က ဒီညီလာခံ ဟာ ခါတိုင်းထက် ပို အရေးကြီးတယ် လို့ ခံယူထား တဲ့ အတွက် အရင် လုပ်တဲ့ လုံခြုံရေး တာဝန်တွေ အပြင် ဥပမာ အားဖြင့် ဒေသတွင်း နိုင်ငံတွေ က ရဲတပ်ဖွဲ့ တွေ နဲ့ ပါ၊ သတင်းဖလှယ်ခြင်း၊ မေးမြန်းခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း စတာတွေ ပြုတဲ့ အကြောင်း၊ တခါ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပို နဲ့ လည်း ပူးပေါင်း ဆောင်ရွက်မှု ရှိကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။
ရဲဝန်ထမ်း အင်အား တိုးမြှင့် သုံးစွဲမယ် ဆိုတဲ့ အခါမှာလည်း၊ နေပြည်တော် မှာတင် သောင်းဂဏန်း တာဝန်ချမဲ့ အကြောင်း ပြောပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ဝင်ပေါက် ထွက်ပေါက်၊ နယ်စပ်ဒေသ၊ လေဆိပ်၊ ရန်ကုန်၊ မန္တလေးမြို့ကြီး တွေ မှာပါ လုံခြုံရေး တာဝန် မလစ်ဟင်းစေဘူး လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့လည်း အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပို နဲ့ နီးစပ်မှု ရှိပြီး ဖြစ်သလို၊ မြန်မာရဲဝန်ထမ်း တွေ ကိုလည်း လေ့ကျင့်သင်တန်းတွေ ပေးပြီးကြောင်း၊ နိုင်ငံ့ခေါင်းဆောင်တွေ နဲ့ ပါလာတဲ့ လုံခြုံရေး အဖွဲ့ တွေ နဲ့လည်း ပူးပေါင်းမှု ရှိသလို၊ တာဝန်ယူမှု အပိုင်း ကို မြန်မာနိုင်ငံ ဘက် က ယူပြီး၊ သူတို့ဘက် က ဖြည့်စွက် တဲ့ အပိုင်း ကိုလည်း မြန်မာ နိုင်ငံ က လက်ခံမဲ့ အကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းများ ဆိုင်ရာ ဌာနကြီးမှူး ဦးစိုးမြိုင် က ဘီဘီစီ ကို ပြောပါတယ်။




