ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်တော့မယ်

ရန်ကုန်မြစ်ထဲက ချောင်း ၃ ခွဆုံမှာ နစ်မြုပ် နေတယ် ဆိုတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဆယ်ယူဖို့ ရေတပ် သင်္ဘောတွေ၊ ရေငုပ် သမားတွေ နဲ့ လူအင်အား (၈ဝ)လောက် ထွက်ခွာ သွားပါတယ်။
ဒီခေါင်းလောင်းကြီး ကို နိုင်ငံခြား အကူအညီ မယူဘဲ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆယ်ယူမှာ ဖြစ်ပြီး ဆယ်ယူမယ့် လူတွေဟာ သက်သက်လွတ် စားတာ၊ သီလ ခံယူတာ တွေ လုပ်ရမှာ ဖြစ်ပါတယ်။
ဒီခေါင်းလောင်းကြီးဟာ ရေအောက် ကြမ်းပြင် ( ၅၂ )ပေ အနက်မှာ နစ်မြုပ် နေပြီး ခေါင်းလောင်းရဲ့ အပေါ်မှာ သံနဲ့ လုပ်ထားတဲ့ သင်္ဘော တစီး လည်း ရှိတယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ခွင့်ပြု ချက်နဲ့ ခေါင်းလောင်းကြီး ဆယ်ခွင့် ရထားတဲ့ ဦးစံလင်းက ပြောပါတယ်။
ခေါင်းလောင်း လောလောဆယ် မှာ ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုစွန်တောင် ချောင်း ဆုံရာ နေရာမှာ ရှိတယ်လို့ ဦးစံလင်းက ဆိုပေမယ့် ခေါင်းလောင်း တည်ရှိရာ အသေးစိတ် နေရာ အတိအကျ ကိုတော့ မပြောပါဘူး။
လောလောဆယ် ခေါင်းလောင်း ဆယ်ယူရေး အတွက် အလှူငွေ သိန်း (၁၈ဝဝ) လောက် ရထားပြီး သီတင်း(၂) ပတ် လောက်ကြာမယ်လို့ မျှော်မှန်း ထားပြီး တနေ့ကို ကုန်ကျစရိတ် ကျပ်သိန်း(၆ဝ)လောက် ကုန်နိုင်တယ်လို့ ဦးအုန်းမြင့် က ပြောပါတယ်။
မူလက ရွှေတိဂုံ ကုန်းတော်မှာ ချိတ်ဆွဲထားပြီး တန်ချိန် (၂၉ဝ) လောက် အလေးချိန်တဲ့ ဒီခေါင်းလောင်းကြီးကို လွန်ခဲ့တဲ့ နှစ် (၄ဝဝ)ကျော်က ပေါ်တူဂီ တပ်သားတွေ လုယက် ယူငင်သွားပြီး မြစ်ထဲ နစ်မြုပ်ခဲ့တဲ့ အတွက် ပြန်ဆယ်ဖို့ ကြိုးစား နေတာ (၅) ကြိမ် ရှိနေပြီ ဖြစ်ပါတယ်။




