MSFပြန်လာမှာ စစ်တွေဒေသခံတချို့ စိုးရိမ်

rakhine_sittwe_meeting_
ဓာတ်ပုံ ပုံစာ, စစ်တွေမြို့က တွေ့ဆုံပွဲ

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF လို နိုင်ငံတကာ ပရဟိတ အသင်းတွေ ကို အာဏာပိုင်တွေက ရခိုင်ပြည်နယ်မှာ ပြန်လည်လာရောက် ဆေးခန်းတွေဖွင့် လှုပ်ရှားခွင့်ပေးခဲ့တဲ့ အပေါ်၊ ဒေသတွင်း နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ် လာနိုင်တဲ့ အတွက်၊ လက်မခံနိုင်ကြောင်း စစ်တွေ မြို့မိမြို့ဖ တချို့က ပြောနေကြပါ တယ်။

ဒီလို ပြောဆိုမှု ကို၊ စစ်တွေမြို့ ရဲ့ ရခိုင်အသိုင်းအဝိုင်း နဲ့ အဲဒီ့ကို ရောက်ရှိနေကြတဲ့ ပြည်ထောင်စု သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ လဝက ဝန်ကြီး ဦးခင်ရီ၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရက် မစ်ချယ်၊ ဗြိတိသျှ သံအမတ် အင်ဒရူး ပက်ထရစ် စသူတို့ တွေ့ဆုံ ကြတဲ့အခါ၊ မြို့ခံတွေဘက် က ပြောဆိုခဲ့တာ ပါ။

နိုင်ငံတကာ ဖိအားတွေကြောင့် MSF အဖွဲ့ကို ရခိုင်ပြည်နယ် မှာ ပြန်လည် လက်ခံခဲ့ရတဲ့ အကြောင်း အပါအဝင်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး နဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေ ကို အစိုးရ ဝန်ကြီးတွေ ဘက်က အဓိက ထား ပြောဆို ခဲ့ကြပါ တယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် က ရခိုင်မျိုးနွယ်စု တွေ မြန်မာပြည်ဘက် ဝင်ရောက်လာ ရင် နိုင်ငံသားပေးရေး ကိစ္စကိုလည်း ရခိုင် အသိုင်းအဝိုင်းဘက် က ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

ဒီ အကြောင်းနဲ့ ပတ်သက်လို့တော့ လဝက ဝန်ကြီး ဦးခင်ရီက၊ မြန်မာနိုင်ငံမှာ ၂ နိုင်ငံသား ခံယူခွင့်ကို ခွင့်ပြု မထားတာကြောင့်၊ ဖြစ်နှင့်ပြီး နိုင်ငံသား တစ်ရပ်ရပ် ကို စွန့်လွှတ်ပြီးမှသာ မြန်မာနိုင်ငံသား အနေနဲ့ လျှောက်ထား နိုင်ပါကြောင်း ၁၉၈၂ နိုင်ငံသား ဥပဒေ ကို ကိုးကား ဖြေဆိုခဲ့ပါ တယ်။

ရခိုင်ပြည်နယ် မှာ လူမျိုးရေး ဘာသာရေး အခြေခံ ပဋိပက္ခတွေ ဖြစ်ပေါ် နေခဲ့တာမို့၊ ပြည်ထောင်စု အဆင့် ဝန်ကြီးတွေ၊ အဆင့်မြင့် နိုင်ငံတကာ သံတမန်တွေ ဟာ ရခိုင်ပြည်နယ် ကို မကြာခဏ လာရောက်ပြီး လူမှု အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံကာ ရခိုင်ပြသနာ ပြေလည်နိုင်ရေး အတွက် ဆောင်ရွက် နေကြတာ ဖြစ်ပါ တယ်။