ဒေါ်အောင်ဆန်း စုကြည် Willy Brandt ဆုရယူ

ဓာတ်ပုံ ရင်းမြစ်, AFP
ဂျာမနီ နိုင်ငံမှာ ရောက်နေတဲ့ အန်အယ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဂျာမနီ ဆိုရှယ် ဒီမိုကရက်တစ် ပါတီ SPD က အပ်နှင်းတဲ့ Willy Brandt ဆု ကို သောကြာနေ့ မနက်ပိုင်းက လက်ခံရယူခဲ့ ပါတယ်။
SPD ပါတီ ဌာနချုပ်က Willy Brandt House မှာ ပြုလုပ်တဲ့ ဆုအပ်နှင်းပွဲ အခမ်း အနားကို ပါတီ ဥက္ကဋ္ဌနဲ့ ပါလီမန် အမတ်တွေ အပါအဝင် လူ ၅၀၀ ကျော်လောက် တက်ရောက် ခဲ့ကြပါတယ်။
မြန်မာ နိုင်ငံသား တွေလည်း ၄၀ ကျော်လောက် တက်ခွင့်ရခဲ့ ပါတယ်။
ဆုချီးမြှင့်ဖို့ ရွေးချယ်ခဲ့တဲ့ SPD ပါတီက နိုင်ငံရေးသမားဟောင်းကြီး ဖြစ်သူ ပါမောက္ခ အေးဂွန် ဘား Egon Bahr က ဒေါ်အောင်ဆန်း စုကြည်ဟာ ၂၁ ရာစုရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကို အကြမ်း မဖက်တဲ့ နည်းနဲ့ တိုက်ပွဲ ဝင်တဲ့ သူရဲကောင်း တစ်ယောက် ဖြစ်လို့ ဒီဆု အပ်နှင်းဖို့ ရွေးရတာလို့ အခမ်း အနားမှာ ပြောခဲ့ကြောင်း ဆုအပ်နှင်းပွဲကို တက်ရောက်ခဲ့သူ ဘားမားဗြူရို ဂျာမနီ ဒုတိယ ဥက္ကဌ ဦးအောင်သူက ဘီဘီစီကို ပြောပါတယ်။
ပြည်ပမှာ ဒီမိုကရေစီရေး လှုပ်ရှား နေကြတဲ့ ဂျာမနီရောက် မြန်မာ နိုင်ငံသားတွေ အနေနဲ့လည်း အခုလို မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် တစ်ယောက်ကို ဂျာမနီနိုင်ငံမှာ လူအများ လေးစား တန်ဖိုးထားကြတဲ့ ခေါင်းဆောင်တွေက ဂုဏ်ပြုတာကို တွေ့မြင် ရတဲ့ အတွက် ဝမ်းသာ ဂုဏ်ယူမိတယ်လို့ သူက ပြောပါတယ်။




