မြန်မာ စစ်တပ်နဲ့ ဆက်ဆံရေးကို အမေရိကန် ကွန်ဂရက် ကန့်ကွက်

မြန်မာစစ်တပ်ကို အကန့်အသတ်နဲ့ ဆက်ဆံရေး အိုဘားမား အစိုးရရဲ့ အစီအစဉ်တွေကို ကွန်ဂရက်လွှတ်တော်မှာ ရှိတဲ့ ရီပတ်ဘလီကန် အမတ်တွေကရော ဒီမိုကရက်အမတ်တွေကပါ ပြင်းပြင်းထန် ကန့်ကွက်လိုက်ကြပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဝင်ရောက် စွက်ဖက်မှုတွေ ရှိနေပေမယ့် မြန်မာ စစ်တပ်ကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပေးတာမျိုး၊ ဒီမိုကရေစီ စနစ်မှာ စစ်တပ်က ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားသင့်သလဲ ဆိုတာကို ပညာပေးတာမျိုးတွေ လုပ်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေးသမားတွေ အားကောင်းလာစေလိမ့်မယ်လို့ အိုဘားမား အစိုးရ အဖွဲ့ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဗုဒ္ဓဟူးနေ့က ကွန်ဂရက်လွှတ်တော်မှာ တိုက်တွန်း ပြောသွားခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မြန်မာ စစ်တပ်က လိုလိုလားလား မရှိဘူးလို့ အမေရိကန် ကွန်ဂရက် လွှတ်တော် အမတ်တွေက ယူဆနေကြပြီး မြန်မာ စစ်တပ်ဟာ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာခြားတွေအပေါ် မတရား ဖိနှိပ်မှု တွေ ရှိနေသလို ကုလသမဂ္ဂ ရဲ့ ပိတ်ဆို့မှုတွေကို ဆန့်ကျင်ပြီး မြောက်ကိုးရီးယားနဲ့ လက်နက် ရောင်းဝယ်မှုတွေမှာ ဆက်လက် ပါဝင်ပတ်သက်နေတာ တွေ့ရတယ်လို့ ပြောပါတယ်။




