ဆက်သွယ်ရေး ဥပဒေနဲ့ လယ်သမား ဥပဒေ လွှတ်တော်မှာ ပြဌာန်း

နေပြည်တော်က လွှတ်တော် အဆောက်အဦ
ဓာတ်ပုံ ပုံစာ, နေပြည်တော်က လွှတ်တော် အဆောက်အဦ

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို မနေ့က စပြီး ရပ်နားလိုက်ပြီဖြစ်ပါတယ်။

အခုတစ်ကြိမ် ကျင်းပတဲ့ အစည်းအဝေးက ၁ လခွဲကြာမြင့်ခဲ့တာဖြစ်ပြီး အဓိက ကတော့ အစိုးရရဲ့ ထပ်တိုးဘတ်ဂျက်အတွက်ဖြစ်ပါတယ်။

ဥပဒေပိုင်းဆိုင်ရာမှာတော့ အများနဲ့သက်ဆိုင်တဲ့ ၊ လက်ကိုင်ဖုန်းနဲ့သက်ဆိုင်တဲ့ ဆက်သွယ်ရေး ဥပဒေနဲ့ လယ်သမားဥပဒေတွေအပါအ၀င် ဥပဒေအတော်များများကို အတည်ပြုနိုင်ခဲ့တယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ရှင်းပြရာမှာ အခု အစည်းအဝေးမှာ ဆက်သွယ်ရေး ဥပဒေနဲ့ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေတွေကို ပြဌာန်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခု ကျင်းပခဲ့တဲ့ အဌမ အကြိမ်မှာ သမ္မတကြီး လက်မှတ် ထိုးနိုင်အောင် ဥပဒေ ခုနှစ်ခုကို အဆင်သင့် ဆောင်ရွက်နိုင်ခဲ့တယ် စုစုပေါင်း ၃၉ ခုထဲက ၂၀ ကို ဆောင်ရွက်နိုင်ခဲ့ပြီး ကျန် ၁၉ ခုကိုတော့ ဆောင်ရွက်ဆဲလို့ သူက ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေကို တာဝန်က ရုတ်သိမ်းခြင်း ဥပဒေကြမ်းကို အရင် တကြိမ်ကလည်း မတင်ခဲ့သလို အခု တကြိမ်မှာ ပြီးအောင် မလုပ်နိုင်ဘူး ဆိုတဲ့ ပြောဆိုချက်ကိုတော့ သူက ရှင်းပြရာမှာ အဲဒီ ဥပဒေကြမ်းကို တင်ပြီး ဖြစ်ပါတယ် ၊ န၀မ အကြိမ်မြောက် အစည်းအဝေးမှာ ဆောင်ရွက်နိုင်မယ်လို့ ယူဆရကြောင်း သူက ဆိုပါတယ်။

နောက်လွှတ်တော်အစည်းအဝေးကို ဇန္နဝါရီလလည်မှာကျင်းပဖို့ရှိပြီး ၂ဝ၁၃-၂ဝ၁၄ ဘတ်ဂျက်ကို အဓိကဆွေးနွေးမယ့် အပြင် အသင်းအဖွဲ့ ဥပဒေကြမ်း ၊ သတင်းမီဒီယာ ဥပဒေကြမ်း ၊ ပုံနှိပ် ဥပဒေကြမ်းနဲ့ အများပြည်သူ ဝန်ဆောင်မှု ဥပဒေကြမ်းတွေကို ဆောင်ရွက်ဖို့ ရှိတယ်လို့ သူက ပြောပါတယ်။