မြဝတီမှာ နှစ် ၅၀ အတွင်း အမြင့်ဆုံး စိုးရိမ် ရေမှတ်ရောက်

မြန်မာ နိုင်ငံ တဝန်း အခုရက်ပိုင်း အတွင်း မိုးဆက်တိုက် ရွာနေတဲ့ အတွက် နေရာ အနှံ့ ရေကြီး ရေလျှံမှုတွေ ဖြစ်နေ ပါတယ်။
ကရင် ပြည်နယ် မှာတော့ ရေကြီးမှုဒဏ်ကို အဆိုးဆုံး ခံနေ ရတယ်လို့ မိုးလေဝသ ပညာရှင်တွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ကရင်ပြည်နယ် အတွင်း မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ လှိုင်းဘွဲနဲ့ ကြားအင်း ဆိပ်ကြီး စတဲ့ မြို့ ၅ မြို့ မှာ ရေကြီး နေပြီး မြဝတီ ကတော့ အဆိုးဆုံး ဖြစ်ပါတယ်။
မိုး အဆက် မပြတ် ရွာသွန်းတဲ့ အတွက် သောင်ရင်း မြစ်ရေဟာ စိုးရိမ် ၇ေမှတ် ကျော်ပြီး နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံး တက်သွား ခဲ့တယ်လို့ မြဝတီ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်က ဘီဘီစီကို ပြောပါတယ်။
အင်္ဂါနေ့က စိုးရိမ် ရေမှတ် ၉၆၁ စင်တီမီတာ အထိ တက်လာခဲ့ပြီး ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ပြန်ကျ သွားခဲ့တယ်လို့ သူက ပြောပါတယ်။
မြဝတီ မြို့မှာ လူနေအိမ် တချို့ ရေမြုပ်နေတဲ့ အတွက် ရေဘေးသင့် အန္တရာယ် ရှိသူ တစ်သောင်း နှစ်ထောင် ကျော်ကို ခရိုင် အစိုးရနဲ့ အလှူရှင်တို့ရဲ့ ကူညီပံ့ပိုးမှုနဲ့ ယာယီ ကယ်ဆယ်ရေး စခန်း ၂၄ ခုမှာ စောင့်ရှောက် ပေးထားတယ် လို့လည်း သူက ပြောပါတယ်။
ရေဘေး ဒဏ်ကြောင့် စာသင်ကျောင်းတွေ ပိတ်ထားပြီး အစိုးရ ရုံးတွေကိုတော့ ဖွင့်ထားတယ်လို့ ဦးတင့်ဝေသုန်က ပြောပါတယ်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ထိုင်းမြန်မာ နယ်စပ် ဘက်မှာ မိုးဆက် တိုက်ရွာပြီး မိုးရေနဲ့ တောင်ကျ ရေတွေ ကျလာတဲ့ အတွက် လမ်းပန်း အဆက် အသွယ်တွေ လည်း ပြတ်တောက် ကုန်ပါတယ်။
ဒါကြောင့် ထိုင်း မြန်မာ နှစ်နိုင်ငံကြား မြဝတီ ကုန်သွယ်ရေး လမ်းကြောင်းမှာ ကုန်သွယ်ရေးတွေ အတော် ထိခိုက် နေတယ်လို့ စီးပွားရေး လုပ်ငန်းရှင် တွေက ပြောပါတယ်။
တာခ်ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဌဟောင်း နိုင်ဆူချတ် တရီရတ် ဝတ္တနာ ကတော့ ရေကြီး မှုကြောင့် ဘတ်သန်းပေါင်း လေးထောင်ဖိုးလောက် ကုန်သွယ်ခွင့် နစ်နာ နေပြီလို့ ဘီဘီစီကို ပြောပါတယ်။








