ဗဟိုဘဏ် ဥပဒေ သမ္မတ အတည်ပြု

Central Bank of burma
ဓာတ်ပုံ ပုံစာ, ဗဟိုဘဏ် ဥပဒေကြောင့် လုပ်ပိုင်ခွင့် ပို ရှိလာမယ်လို့ ဗဟိုဘဏ် ပြောခွင့် ရသူ ပြော

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးထားတဲ့ ဗဟိုဘဏ် ဥပဒေကို နိုင်ငံတော် သမ္မတ က အတည်ပြု ပြဌာန်းလိုက် ပါတယ်။

အရင်က ဘဏ္ဍာရေး ဝန်ကြီး ဌာန လက်အောက်မှာ ရှိတဲ့ ဗဟိုဘဏ်က သမ္မတရဲ့ တိုက်ရိုက် ထိန်းကျောင်းမှု အောက်ကို ရောက်သွားမှာ ဖြစ်ပါတယ်။

အရင်ကထက် သီးခြား လွတ်လပ်ခွင့် ပိုရသွားတဲ့ ဗဟိုဘဏ်ရဲ့ အနေနဲ့ ငွေကြေး ဆိုင်ရာ မူဝါဒ တွေ ချမှတ်ပြီး နိုင်ငံရဲ့ ငွေကြေး စီးဆင်းမှု အတွက် လိုအပ်တဲ့ ကဏ္ဍ အားလုံးကို အစီအစဉ် ချမှတ် ဆောင်ရွက် သွားမယ်လို့ ဗဟိုဘဏ် ပြောရေး ဆိုခွင့် ရှိသူ ရုံးအဖွဲ့မှူး ဦးဗလဆင်းက ပြောပါတယ်။

ငွေကြေး မူဝါဒပိုင်းမှာ နိုင်ငံခြား ငွေကြေး ကိစ္စ၊ ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှု စတာ တွေကို ဆက်လက် လုပ်ဆောင် သွားမယ်လို့လည်း သူက ပြောပါတယ်။

ပြည်ပ ပညာရှင်တွေ ပါဝင်တဲ့ Board of Directors အဖွဲ့ကို ဖွဲ့စည်းပြီး အဲဒီ အဖွဲ့က ချမှတ်တဲ့ မူဝါဒတွေ အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဗဟိုဘဏ် ပြောရေး ဆိုခွင့် ရှိသူက ပြောပါတယ်။