သံဃာတော်များ မှော်ဘီမှာ ဆွေးနွေးပွဲကျင်းပ

မှော်ဘီမြို့ ဓမ္မဒူတ ဆေကိန္ဒာ ရာမ ကျောင်းတိုက်မှာ မကြာခင် က ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခ တွေနဲ့ ပတ်သက်ပြီး တိုင်းပြည် အေးချမ်းမှု ရအောင် သံဃာတော်တွေ အနေနဲ့ ဘယ်လို ဆောင်ရွက် သင့်တာနဲ့ ပတ်သက်လို့ စုစည်း စည်းဝေးပွဲ တရပ် ခေါ်ယူ ကျင်းပ ပါတယ်။ ဒီဆွေးနွေးပွဲ ကို သံဃာ့ မဟာနာယက ဆရာတော်ကြီးတွေ အပါအဝင် သံဃာ အပါး ၂ဝဝ ခန့် ကြွရောက်ကြပါတယ်။
ဒီအစည်းအဝေးမှာ သံဃာတော်တွေ အနေနဲ့ အကြမ်းဖက်မှု တွေ မှာ ပါဝင်ပတ်သက် ခဲ့တယ် ဆိုတဲ့ အမြင်တွေ ကမ္ဘာမှာ ဖြစ်ပေါ်နေတာကို ဖြေရှင်းဖို့နဲ့ ပဋိပက္ခ တွေ ဖြစ်လာရင် သံဃာတော်တွေ ဘက်ကနေ ဘယ်လို ငြိမ်းချမ်းအောင် ပါဝင်ဆောင်ရွက် သင့်တယ် ဆိုတဲ့ အချက်တွေကို အဓိက ထား ဆွေးနွေးကြတဲ့ အကြောင်း သြဝါဒ ခံယူပွဲ ကို ဦးဆောင် စီစဉ်တဲ့ ဆရာတော် ဒေါက်တာ ဓမ္မပီယ က ဘီဘီစီ ကို မိန့်ပါတယ်။
နိုင်ငံခြား မီဒီယာ တွေ မှာ သံဃာတော် တွေ ဦးဆောင်အကြမ်းဖက်တယ် ဆိုတဲ့ သတင်းတွေ ထွက်နေလို့ သတင်းဌာန တွေ အနေနဲ့ မှန်ကန်တဲ့ သတင်း၊ မျှတ တဲ့ သတင်း တင်စေလိုတဲ့ အကြောင်း၊ မီဒီယာ ဘက်မှာလည်း ထိန်းသိမ်းရမယ့် ကျင့်ဝတ်ရှိ ပုံ ဆရာတော် က မိန့်လို့ တဖက်မှာလည်း သင်္ကန်းဝတ် ပုဂ္ဂိုလ် တပါးက တုတ်ကိုင်ရိုက်နေပုံ ထွက်ပေါ်လာ ပုံ လျှောက်ထားရာမှာ သံဃာ အစစ် ဟုတ်မဟုတ် စီစစ်ရ ခက်တဲ့ အတွက် အမြင်မှားစရာ ဖြစ်ခဲ့တဲ့ အကြောင်း ဆရာတော်က မိန့်ပါတယ်။
သံဃာတော် တွေ အပိုင်းမှာ ဝိနည်းတော် ရှိပြီးသားမို့ သံဃာအစစ်သာ ဆိုရင် အခုလို ပြုမူ မှာမဟုတ်ဖူးလို့ မိန့်ပါတယ်။
မနေ့က ဆွေးနွေးပွဲ မှာ အမျိုးစောင့် ဥပဒေကြမ်းလည်း ဝေငှကြောင်း၊ မြန်မာ ဗုဒ္ဒဘာသာ အမျိုးသမီးတွေ ဘာသာခြား နဲ့ အိမ်ထောင်ပြုတာကို တားဆီးကာကွယ်ဖို့ ဖြစ်ကြောင်း လန်ဒန် သာသနာ့ ရံသီ ဝိဟာရ ကျောင်းတိုက် ဆရာတော် ဦးဥတ္တရ က ဘီဘီစီ ကို မိန့်ပါတယ်။




