ရခိုင် မြောက်ဦးမြို့နယ်ဖက် ပစ်ခတ်မှုဖြစ်

ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ် ပရိန်ရွာမှာ မနေ့က ရွာသားတွေ နဲ့ ရဲတွေ အခြေ အတင် ဖြစ်ခဲ့ ကြပြီး ပစ်ခတ်မှု ဖြစ်ခဲ့ တယ်လို့ သိရ ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့ အပြီး မီးရှို့ ခံခဲ့ရတဲ့ ရွာသားတွေ က ပျက်စီး သွားခဲ့တဲ့ သူတို့ နေအိမ်တွေကို ပြန်လည် ပြုပြင် နေထိုင် ကြတာပါ။
ရွာပြင်မှာ တည်ဆောက်မယ့် စခန်းတွေဆီ ပြောင်းရွှေ့ နေထိုင်ဖို့ ရဲတွေက တိုက်တွန်း ရာကနေ အခုလို ပစ်ခတ်မှု ဖြစ်တာလို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ဘီဘီစီ ကို ပြောပါတယ်။ ပရိန်ရွာသားတွေ ဟာ သူတို့ အိမ်တွေ ကို ပြန်လည် ပြင်ဆင် ပြီး နေထိုင်နေ ကြပြီ ဖြစ် လို့ အသားကျနေပြီ ဖြစ် တဲ့ အတွက် မပြောင်းရွှေ့ လိုကြောင်း ပြောပါတယ်။
ဒါပေမယ့် အာဏာပိုင်တွေ ဘက် က မသွားလို့ မရဘူး ဆိုပြီး လုံခြုံရေး ဆိုင်ရာ တပ်မတော်သား တွေ က ရွာသားတွေ ကို ခြောက်လှန့်တဲ့ အနေနဲ့ မိုးပေါ်ထောင် သေနတ် ဖေါက်ပေမယ့် ရဲတပ်သား တချို့က ရွာသားတွေ ဘက် တည့်တည့် ပစ်ရာက အနည်းဆုံး ရွာသား ငါးယောက် ခန့် ထိမှန်ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားတဲ့ နေရာ နားမှာ ရှိတဲ့ ရွာသား က ဦးရွှေမောင် ကို ပြောကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။
ရွာသားတွေ အနေနဲ့ ပြင်ဆင်ပြီး နေအိမ်တွေ ကို မစွန့်ခွာချင် သလို ဒီရွာပြင် စခန်းမှ တဆင့် တခြားနေရာ ကို ပြောင်းရွှေ့ သွားစေမယ့် အစီအစဉ် ရှိကောင်း ရှိနိုင်မယ့် အပေါ်မှာလည်း သံသယ ဝင်နေကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ဘီဘီစီ ကို ပြောပါတယ်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေ မှာလည်း ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေ မှာ မွတ်ဆလင် မိသားစု တစု ကို ကလေးနှစ်ယောက် သာ ယူရမယ်လို့ ပြည်နယ် အစိုးရ က ဒေသန္တာရ အမိန့် ထုတ်တဲ့ အပေါ်မှာ ထောက်ခံ တဲ့ လူထု ဆန္ဒ ဖေါ်ထုတ်တဲ့ အနေနဲ့ ချီတက် ကြကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
မွတ်ဆလင် တွေ ဘက်ကတော့ ဒီအမိန့်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃၄၈ ကို ချိုးဖေါက်ရာ ရောက်တယ်၊ လူ့ အခွင့်အရေး နဲ့ နိုင်ငံသား အခွင့်အရေး ချိုးဖေါက်ရာ ရောက်တယ် လို့ ပြောကြပါတယ်။




