လက်နက် ရောင်းဝယ်မှုက လွဲပြီး ကျန် ပိတ်ဆို့မှု အားလုံး EU ရုပ်သိမ်း

ဥရောပ သမဂ္ဂက မြန်မာ နိုင်ငံ အပေါ်ချမှတ် ထားခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့တွေ ထဲမှာ လက်နက် ရောင်းဝယ်မှုက လွဲပြီး ကျန်တဲ့ ပိတ်ဆို့ အရေးယူမှု အားလုံးကို ရုပ်သိမ်း လိုက်ပါတယ်။
အခုလို လုပ်ဆောင်တာဟာ မြန်မာ နိုင်ငံက ပြုပြင်ပြောင်းလဲမှု တွေကို အသိအမှတ် ပြုတဲ့ အနေနဲ့ တုံ့ပြန် ဆောင်ရွက်တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံ နဲ့ ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့ အီးယူ ဥရောပ သမဂ္ဂ အီးယူ နိုင်ငံခြားရေး ဝန်ကြီး တွေက ပြောဆိုပါတယ်။
ဧပြီလ ၂၂ ရက် တနင်္လာနေ့ မှာ ကျင်းပတဲ့ အစည်းအဝေး အပြီး အခုလို ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ် William Hague ကတော့ အခု အချိန်ဟာ မြန်မာ နိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းဖို့ သင့်တော်တဲ့ အချိန် ဖြစ်ကြောင်းနဲ့ ဒီပိတ်ဆို့မှု တွေကို ဆိုင်းငံ့ ထားတာ တစ်နှစ် တိတိ ပြည့်သွားပြီ ဖြစ်တဲ့ အခုချိန်မှာ ပြန်လည် ရုပ်သိမ်းဖို့ ဥရောပ သမဂ္ဂ အဖွဲ့ အတွင်း သဘောတူမှု တရပ် ရခဲ့ သလို မြန်မာ့ နိုင်ငံရေး လောကထဲ မှာလည်း ဒါကို သဘောတူ ထားကြပြီလို့ သူ ယူဆကြောင်း ပြော ပါတယ်။
NLD အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကလည်း လက်နက် ရောင်းဝယ်မှု ပိတ်ဆို့ တာကလွဲလို့ ကျန်တဲ့ ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းရေးကို သဘော တူတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ Human Rights Watch လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ကတော့ အခုလို ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်း တာဟာ အချိန် စောလွန်းတယ်လို့ ပြောပါတယ်။
အခုလို ပိတ်ဆို့ အရေးယူမှုတွေ အားလုံး နီးပါးကို ပယ်ဖျက်ပေးခြင်း အားဖြင့် ဥရောပ သမဂ္ဂ အနေနဲ့ မြန်မာ အစိုးရက တိုင်းရင်းသား လူမျိုးစုတွေ အပေါ် လူ့အခွင့် အရေး ချိုးဖေါက်မှုတွေ ရှိလာရင် အဲဒါတွေ ရပ်တန့်အောင် ဖိအားပေးဖို့ရာ ခက်ခဲလိမ့်မယ်လို့ လည်း HRW က ပြောပါတယ်။




