ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ဦးမှာ လက်နက်ကြီးကျလို့ ကလေး တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး အနည်းဆုံး ၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွာသားတွေက ပြောဆိုကြပါတယ်။
အဲဒီ လက်နက်ကြီးကျည်ဟာ ညနေ ၅ နာရီခန့်က ကင်းဆိပ်ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပထမအလုံးနဲ့ ဒုတိယအလုံးမှာ မိနစ်သုံးဆယ်ခန့်သာခြားပြီး ကျရောက်ခဲ့တဲ့ဖြစ်တယ်လို့ သိရပါတယ်။
"လက်နက်ကြီးကျည်က ညနေပိုင်း ၅ နာရီမထိုးခင်လောက်မှာ ပထမတစ်လုံးကျတယ်။ အဲ့ဒီမှာ တစ်ယောက်ဒဏ်ရာနည်းနည်းရတယ်။ မိနစ်သုံးဆယ်လောက်အကြာမှာ နောက်တစ်လုံးကျတယ်။ အဲ့ဒီမှာ ပထမဒဏ်ရာရတဲ့ အမျိုးသမီးရော နောက်ထပ်ရွာသားတွေ အများအပြားဒဏ်ရာရပြီးတော့ ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်သေဆုံးသွားတယ်။"လို့ ကင်းဆိပ်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရရှိသူတွေထဲက ပြင်းထန်ဒဏ်ရာရသူ ၈ ဦးကိုတော့ မြောက်ဦးခရိုင်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
ပထမပစ်ခတ်ခံရတဲ့ လက်နက်ကြီးကျည်ဟာ ကျေးရွာအတွင်းကို ကျရောက်ပြီးမှ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒုတိယ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ကတော့ ကျေးရွာ အပေါ်လေထဲမှာကွဲပြီး ကျေးရွာအတွင်းကို ကျည်စတွေဖြာကျလာကာ တစ်ဧကဧရိယာခန့်ရှိတဲ့နေရာက လူတွေကို အခုလို ထိခိုက်ခဲ့တာဖြစ်တယ်လို့ ရွာသားတွေက ပြောဆိုပါတယ်။
ဒါ့အပြင် ညနေ ၅ နာရီကျော်အချိန်က မောင်ဆွဲ-သက်ရက်တောကျေးရွာအပြင်ဘက် လယ်ကွင်းထဲ ရွာသားတွေကောက်စိုက်နေတဲ့ နေရာအနီးမှာလည်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ရွာသားတစ်ဦးက ပြောပါတယ်။
"ကျွန်တော် ရေချိုးနေတဲ့နေရာနဲ့ ကိုက် သုံးရာလောက်ပဲဝေးတဲ့နေရာမှာ ပေါက်တာ။ ရွာအပြင်ဘက်ပေါ့၊ ရွာနဲ့ဆို ကိုက် ၁၀၀ ကျော်လောက်ပဲ ကွာတယ်။ လယ်ကွင်းထဲမှာလည်း လူတွေ ပျိုးစိုက်နေတာရှိတယ်။ လူတွေတော့ မထိခိုက်ဘူး။"လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ကင်ဆိပ်ကျေးရွာဟာ မြောက်ဦးမြို့ရဲ့ အနောက်ဘက် ၂ မိုင်ခန့်အကွာမှာရှိတဲ့ ကျေးရွာဖြစ်ပြီး မောင်ဆွဲ-သရက်တောကျေးရွာဟာလည်း မြောက်ဦးမြို့ တောင်ဘက် ၃ မိုင်ခန့်အကွာမှာရှိတဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။
ကင်းဆိပ်ကျေးရွာအပါအဝင် အခုလက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့နေရာတွေဟာ ULA ရဲ့ အုပ်ချုပ်ရေးရုံးတွေ အခြေစိုက်တဲ့နေရာတွေဖြစ်ပြီး အဲ့ဒီရုံးတည်နေရာတွေကို စစ်ကောင်စီက လိုက်လံ ပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ မြောက်ဦးဒေသခံတွေက ပြောဆိုကြပါတယ်။
အခု ဖြစ်ပွားနေတဲ့အခြေအနေတွေဟာ ဩဂုတ်လ ၂၈ ရက် ဒီကနေ့ နေ့လယ်ပိုင်း ၂ နာရီလောက်က မြောက်ဦးမြို့မြောက်ဘက် ၆ မိုင်ဝန်းကျင်အကွာ လက္ကာ တံတားအနီးမှာ စစ်ကောင်စီစစ်ကြောင်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရတဲ့အတွက် မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေကပြောဆိုကြပါတယ်။
မိုင်းဆွဲ ခံလိုက်ရတဲ့အတွက် စစ်ကောင်စီဘက်က တော်တော်များများ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
မိုင်းဆွဲ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ အဲ့ဒီလက္ကာကျေးရွာအနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေရှိခဲ့ပြီး ကျေးရွာသားတွေကတော့ စိုးရိမ်ပြီး ထွက်ပြေးနေကြရတယ်လို့ ဘူးရွက်မညှိုး ကျေးရွာသားတစ်ဦးက ပြောပါတယ်။