ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ဦးတိုက်ပွဲ - ရန်ကုန်-စစ်တွေလမ်းက မြောက်ဦး-ကျောက်တော်လမ်းပိတ်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ အောက်တိုဘာလ ၁၉ ရက်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာတွေဟာ ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမနဲ့ နီးတဲ့ အတွက် ကားအသွားအလာတွေ ရပ်တန့်သွားတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့ပေါ်မှာလည်း ဈေးဆိုင်တွေ အကုန်လုံးပိတ်ထားရပြီး မြို့ပေါ်မှာ လူအသွားအလာ မရှိ ဖြစ်သွားခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကားအစီးရေ ရာချီပိတ်
ဒီကနေ့ အောက်တိုဘာလ ၁၉ ရက် မနက် ၆ နာရီလောက်ကတည်းက ရန်ကုန်-စစ်တွေ ကားလမ်းမနံဘေးက လက္ကာရွာမှာ တိုက်ပွဲ စဖြစ်ပြီး နေ့လယ် ၁၂ နာရီခွဲထိ ၆ နာရီခွဲကြာ ဖြစ်ပွားခဲ့ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေကနေ ရန်ကုန်ဘက်ကိုသွားတဲ့ ကားတွေ၊ ရန်ကုန်နဲ့ မန္တလေးဘက်က စစ်တွေကိုလာတဲ့ ကားတွေ ရာနဲ့ ချီပြီးလည်း တစ်ဘက်တစ်ချက်စီမှာ အားလုံး ပိတ်မိကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မြောက်ဦးမြို့နယ် လက္ကာမှာ တိုက်ပွဲတွေ ဖြစ်ပါတယ်။ တိမ်ညိုရဲ့ ဟိုဘက်မှာပေါ့။ ဒီကသွားတဲ့ကားတွေက တိမ်ညိုကနေကျော်ပြီး သွားခွင့်မပေးပါဘူး။ အဲဒီမှာ စောင့်ပြီးတော့ ပိတ်နေတာပါ။ အဲဒီမှာ တိုက်ပွဲတွေ ပြင်းထန်နေတော့ ပိတ်ထားပါတယ်" လို့ စစ်တွေမြို့ ကေသီဦးကုန်ပို့လုပ်ငန်း ကားဂိတ်မှူး ဦးမောင်ဝင်းချေက ပြောပါတယ်။
"မြောက်ဦးဘက်လာတဲ့ ကားတွေက မြောက်ဦးကနေ ကျော်လာလို့ မရပါဘူး။ တိမ်ညိုနဲ့ မြောက်ဦးကြားကို ပိတ်ထားတာပေါ့။ ၁၂ နာရီခွဲမှာတော့ တိုက်ပွဲဖြစ်တဲ့ အသံတွေ နည်းနည်းနှေးသွားလို့ ကားတွေ သွားလို့ ရပြီလို့ တပ်ကလွှတ်ပေးပေးတဲ့အတွက် ကျွန်တော်တို့ကားတွေ အခုဆိုရင် စစ်တွေတော့ ရောက်လာပါပြီ။ ဟိုဘက်ကသွားတဲ့ ကားတွေကလည်း အဲဒီဘက်ကို စသွားနေပါပြီ" လို့ သူက ဆက်ပြောပါတယ်။
သင်းကျစ်တောင် ဘုရားတောင်ပေါ်က လက္ကာတိုက်ပွဲဆီကို စစ်ကူလာတဲ့ တပ်မတော်စစ်ကြောင်းနဲ့လည်း အေအေတို့ အကြား ဝေသာလီဘုရားကြီး အနီးမှာ တိုက်ပွဲထပ်ဖြစ်ခဲ့တဲ့ အတွက် ဒီတစ်မနက်လုံး ဒေသတစ်ခုလုံးမှာ သေနတ်သံ၊ ဗုံးသံ အမြောက်သံတွေနဲ့ ဆူညံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကားလမ်း နေ့လယ် ၁၂ နာရီခွဲမှာ ပွင့်သွားပေမယ့် ညနေပိုင်းမှာတော့ ထပ်မံ ပြတ်တောက်သွားပြီး ညပိုင်းမှာ ကားအသွားအလာ လုံး၀ မရှိတော့ဘူးလို့လည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
မြောက်ဦးမြို့ပေါ်မှာလည်း ဒီနေ့ ဖြစ်တဲ့ တိုက်ပွဲကြောင့် ဈေးဆိုင်တွေ အကုန်လုံးပိတ်ထားလိုက်ရသလို လမ်းသွားလမ်းလာတွေ မရှိသလောက် ဖြစ်သွားခဲ့တယ်လို့ ဒေသခံ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ဈေးတွေအကုန်လုံး ပိတ်သွားပါတယ်။ လက်နက်ကြီးဖောက်လို့ပါ။ သွားတာလာတာ မရှိဘူး။ ရှင်းနေပါတယ်။ မြို့ထဲကနေ တိုက်နေတာပါ။ အမြောက်တိုက်တာက တစ်နေ့လုံး ကြားနေရပါတယ်။ မြောက်ဦးစီးပွားရေး အခြေအနေက အရမ်းဆိုးဝါးနေပါတယ်" လို့ သူက ပြောပါတယ်။
အခု အေအေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေထဲမှာ မြောက်ဦးနဲ့ ကျောက်တော်အကြား ကားလမ်းဘေးမှာ ကျေးရွာတွေ အနီးအဖြစ်များနေပြီး ကားလမ်းတွေလည်း မကြာခဏ ပိတ်နေရပါတယ်။
တိုက်ပွဲတွေ ဘယ်လို ဖြစ်ခဲ့လဲ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာနဲ့ ဝေသာလီကျေးရွာတွေအနီးမှာ တပ်မတော်နဲ့ အေအေတို့ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက တိုက်ပွဲအပြင်းအထန် စဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲကြောင့် လက္ကာကျေးရွာက နေအိမ်တချို့ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲဟာ မနက် ၆ နာရီဝန်းကျင်လောက်ကနေ စဖြစ်ခဲ့တယ်လို့ ဘူးရွက်မညှိုး ကျေးရွာသားတစ်ဦးက ပြောပါတယ်။
ဖြစ်ပွားချိန် ၅ နာရီကျော်အထိ ကြာမြင့်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
တပ်မတော်စစ်ကြောင်းက ဒီကနေ့မနက်ပိုင်းမှာ လက္ကာရွာကို ဖြတ်သန်းသွားဖို့အတွက် လာရောက်စဉ် လက္ကာရွာထဲမှာရှိတဲ့ အေအေတပ်ဖွဲ့ဝင် တစ်ရာကျော်လောက်က ရွာဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကနေ ဖြတ်တိုက်တာကြောင့် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးက အတည်ပြုပြောဆိုပါတယ်။
ဒေသခံတွေကတော့ တိုက်ပွဲဖြစ်တာဟာ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်က စတင်ဖြစ်ပွားခဲ့တယ်လို့ပြောဆို ကြပေမယ့် တပ်မတော်ဘက်ကတော့ မနက်ပိုင်း ၈ နာရီလောက်မှာ စတင်ပြီး နေ့လယ် ၁ နာရီလောက်မှာ ပြီးဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
"အေအေက ရွာထဲကနေပစ်တဲ့အတွက်ကြောင့် (အိမ်တွေ)လောင်နေမှာပဲ။ ဘာလို့ရွာထဲကနေပြီးတော့ လာပစ်လဲ။ တပ်မတော်စစ်ကြောင်းလာတာကို ရွာထဲကနေပြီးတော့ အပိုင်စောင့်ချတာ။ လောင်တာကတော့ သောင်းကျန်းသူပစ်တာလား။ ကျွန်တော်တို့ပစ်တာလား။ ဒါကိုတော့ ကျွန်တော်မသိဘူး။"လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
တိုက်ပွဲဟာ လက္ကာကျေးရွာအနီး စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မြောက်ဦးမြို့ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ အတွက် အဲ့ဒီကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပြီး နေအိမ်မီးလောင်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
လက္ကာကျေးရွာဟာ မြောက်ဦးမြို့ရဲ့မြောက်ဘက် ၇ မိုင်ခန့်အကွာမှာ တည်ရှိနေတာဖြစ်ပြီး မြောက်ဦးမြို့ အရှေ့ဘက် ရှေးဟောင်းသမိုင်းဝင် ရွှေတောင်တောင်ထိပ်ပေါ်ကနေ အမြောက်တွေနဲ့ ပစ်ခတ်မှုတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုလိုမျိုး ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မခံရစေချင်ရင် အေအေကို ရွာထဲကိုမလာစေနဲ့လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ထပ်မံပြောဆိုပါတယ်။
လက္ကာကျေးရွာဟာ အေအေရွာဖြစ်ပြီး လွန်ခဲ့တဲ့ ၆ လလောက်ကလည်း အဲ့ဒီရွာကနေ ဆန်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ဝေသာလီကျေးရွာသားတစ်ဦးက "တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျွန်တော်တို့ရွာက မျက်နှာချင်းဆိုင်ပါ။ သုံးဖာလုံလောက်ပဲ ဝေးပါတယ်။ ကျွန်တော်တို့ရွာကနေ အကုန်လုံးကိုမြင်နေရတယ်။ လက်နက်ကြီးကျည်တွေကျပြီးတော့ နေအိမ်မီးလောင်တာကိုလည်း မြင်ရပါတယ်။ မီးလောင်တဲ့အိမ်က သိပ်အများကြီးတော့မဟုတ်ဘူး။ တစ်ဆောင်နှစ်ဆောင် လောက်ပဲရှိမှာပါ"လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ လက္ကာကျေးရွာမှာ လွန်ခဲ့တဲ့ ၆ လလောက်ကနေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကျေးရွာသားအများအပြား ဖမ်းဆီးခံလိုက်ရတဲ့အတွက် ရွာသားတွေထွက်ပြေးခဲ့ကြတာကြောင့် ကျေးရွာအတွင်းမှာနေထိုင်သူတွေ နည်းနည်းပါးပါးပဲရှိတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ဒီနေ့တိုက်ပွဲတွေကြောင့် ကျန်တဲ့ရွာသားတွေဟာ ရွာသစ်ကေ၊ တင်းထိန်ကန်၊ ပြလှ၊ ကုလားချောင်း စတဲ့ကျေးရွာတွေကို ထွက်ပြေးရောက်ရှိနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
"ရွာမီးလောင်တာက တိုက်ပွဲကြောင့် လောင်တာလို့ပဲ ထင်ပါတယ်။ လက္ကာတိုက်ပွဲပြီးလို့ သုံးနာရီ လေးနာရီလောက်အကြာမှာ ထပ်ပြီးတော့ ဝေသာလီရွာနားမှာ တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ ရွာသားတွေကတော့ ရွာမှာမရှိတာကြာပြီ"လို့ မြောက်ဦး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။
လက္ကာကျေးရွာနဲ့ တောင်ဘက် တစ်မိုင်ခန့်အကွာမှာရှိတဲ့ ပေါက်တောပြင်ကျေးရွာအရှေ့ဘက် သမိုင်းဝင် သင်္ကျစ်တော် တောင်ပေါ်မှာရှိနေတဲ့ တပ်တွေ လက္ကာရွာဘက်ကိုအလာမှာ ဝေသာလီကျေးရွာအနီး အေအေဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒုတိယအကြိမ် တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း ရန်သူဘက်က အလောင်းတွေနဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းရမိထားတာတွေ ရှိနေပြီး ဒါတွေကို သီးသန့်သတင်းထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
တိုက်ပွဲ အခြေအနေတွေကို ရက္ခိုင့်တပ်မတော် အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။
တိုက်ပွဲရှောင်သူတွေရဲ့ အခြေအနေ
တိုက်ပွဲအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် စက်တပ်လှေငယ်နဲ့ ထွက်ပြေးခဲ့ကြတဲ့ ဝေသာလီကျေးရွာက မိသားတစ်စုဟာ ပီပင်ရင်း-ပြလှ ချောင်းဆုံကိုဖြတ်ကူးနေစဉ် နစ်မြုပ်သွားခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ ပျောက်ဆုံးသွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
တပ်မတော်အနေနဲ့ လက္ကာကျေးရွာအတွင်းက အေအေတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီပြီး တိုက်ခိုက် ပစ်ခတ်တဲ့အတွက် ပြန်လည်ပစ်ခတ်ခဲ့ရတာဖြစ်ပြီး တခြားကျေးရွာတွေကို ပစ်ခတ်ခဲ့ခြင်းမရှိဘူးလို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ လက္ကာကျေးရွာဘက်ကို မြောက်ဦးမြို့က တပ်တွေက လက်နက်ကြီး ပစ်ကူတွေ ပစ်ခတ်နေတဲ့အတွက် မြို့ခံတွေက စိုးရိမ်နေကြပါတယ်။