ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငွေလဲနှုန်းသစ် စတင် အသက်ဝင်၊ ကုန်သည်တွေ ခက်ခဲနေဆဲ
မြန်မာနိုင်ငံ စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာငွေလဲလှယ်နှုန်းကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်ကနေ ၂၁၀၀ ကျပ်ကို တိုးမြှင့် ပြောင်းလဲသတ်မှတ်ပြီး စျေးကွက်ပြန်ဖွင့်တဲ့ ပထဆုံးနေ့မှာပဲ နယ်စပ်ကုန်သွယ်ရေးတွေ စတင် လှုပ်ရှားလာခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှာဆိုရင် ပို့ကုန်လိုင်စင် လျှောက်ထားသူ အနည်းငယ် ပြန်ရှိလာတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
သတ်မှတ်နှုန်ထားနဲ့ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေနဲ့ လဲပြီးရင် ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားတာ၊ ပစ္စည်း တင်သွင်းတာ လုပ်ဆောင်နိုင်တယ် ဆိုပေမဲ့ အရင်လို ပုံမှန် သတ်မှတ်ချက်တွေ အတိုင်း တင်ပို့နိုင်ဖို့ အခက်အခဲတွေ ရှိနေသေးတယ်လို့ မူဆယ်နမ့်ခမ်း ကုန်သည်ကြီးများအသင်းက ပြောပါတယ်။
အမေရိကန် ဒေါ်လာ သတ်မှတ်နှုန်းထားကို မြှင့်ပေးလိုက်တာကြောင့် ပို့ကုန်ရငွေတွေကို ဒေါ်လာနဲ့ ရှင်းရတဲ့ ပဲ ၊ ပြောင်း၊ နှမ်း အပါအဝင် ဆီထွက် သီးနှံတင်ပို့ သူတွေအတွက် အရင်လောက် အရှုံးမများတော့ဘူးလို့ မူဆယ်မှာရောက်နေကြတဲ့ ပို့ကုန်လုပ်ငန်းရှင် ကုန်သည်တွေက ပြောပါတယ်။
ဒါပေမဲ့ ပို့ကုန်ရငွေကို မိမိ ဘဏ်စာရင်းထဲမှာ ဦးစွာထည့်သွင်းပြသပြီးမှ ပို့ကုန်လိုင်စင်ထုတ်ပေးတဲ့ စနစ်က အခုချိန်ထိ ရှိနေသေးတာကြောင့် ပဲ၊ ပြောင်း၊ နှမ်းနဲ့ ဆီထွက်သီးနှံတွေ တင်ပို့ဖို့က အရင်လိုပဲ ရပ်တန့် နေသေးတယ်လို့ မူဆယ် နမ့်ခမ်းကုန်သည်ကြီးများအသင်းက ပြောပါတယ်။
လက်ရှိ မူဆယ်နယ်စပ်မှာ မူဝါဒအပြောင်းအလဲရှိမရှိ ထပ်မံစောင့်ကြည့်ပြီး ပဲ၊ ပြောင်း၊ နှမ်းနဲ့ ဆီထွက်သီးနှံတွေကို တရုတ်နိုင်ငံဘက် မတင်ပို့နိုင်သေးဘူးလို့ မူဆယ်က ကုန်သည်တစ်ဦးက ပြောပါတယ်။
ပို့ကုန်တွေ မပို့နိုင်သေးတဲ့အတွက် သွင်းကုန် ပြန်သွင်းနိုင်ရေးမှာလည်း နယ်စပ်ကုန်သွယ်ရေးရော ပုံမှန်ကုန်သွယ်ရေးမှာပါ အခက်အခဲက ရှိနေပါတယ်။
ဒေါ်လာ ရှားပါးမှုက ဆက်ရှိနေပြီး ပြင်ပပေါက်စျေးနဲ့ ဗဟိုဘဏ် သတ်မှတ်စျေးနှုန်းက တစ်ဒေါ်လာကို ၅၀၀ နဲ့ ၆၀၀ ကြားထိကွာခြားနေတဲ့အတွက် ကုန်စျေးနှုန်း ကြီးမြင့်မှု ဆက်ရှိနေဦးမယ်လို့ ကုန်သည်တွေဘက်က ဆိုကြပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာအခုလို သတ်မှတ်ချက်တွေနဲ့ လုပ်ဆောင်နေရပေမယ့် ပုံမှန်ကုန်သွယ်ရေးလို့ ခေါ်တဲ့ ရေကြောင်း၊ လေကြောင်း ကနေ တင်ပို့သူတွေ အတွက်တော့ အဲဒီလို ကန့်သတ်ချက်မျိုးတွေ မရှိဘူးလို့ ရေကြောင်းကနေ ပဲမျိုးစုံ ပြည်ပကို တင်ပို့ နေတဲ့ ကုန်သည် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒေါ်လာစျေးကို တိုးမြှင့်လာမှုကြောင့် ပဲစျေးတွေ အရင်ထက်စျေးမြှင့်လာပြီး အိန္ဒိယဝယ်လက်တွေဘက်ကို ပြန်ပို့တာရှိပြီလို့ ပြောပါတယ်။
ငွေလဲဖို့ သတ်မှတ်နှုန်းနဲ့ ပြင်ပပေါက်စျေး ကွာခြားချက် ကြီးမားနေတဲ့ အတွက် ဗဟိုဘဏ်ကနေ နိုင်ငံခြားသုံးငွေလဲနှုန်းကို သတ်မှတ်ဖော်ပြရာမှာ ပုံသေ မသတ်မှတ်ဘဲ ဘယ်လောက် သတ်မှတ်သင့်တယ်ဆိုတာ နေ့စဉ် စောင့်ကြည့် သုံးသပ်ပြီး တစ်ပတ် တန်သည် နှစ်ပတ်တန်သည် စသဖြင့် ငွေလဲနှုန်း အတက်အကျ သတ်မှတ်ပေးမယ် ဆိုရင် ရောင်းသူ၊ ဝယ်သူ၊ သွင်းကုန်၊ ပို့ကုန် လုပ်သူတွေ အားလုံး အများကြီး အဆင်ပြေနိုင်တယ်လို့ ပဲ တင်ပို့တဲ့ လုပ်ငန်းရှင်တစ်ဦးက အကြံပြုပါတယ်။
လောလောဆယ်မှာ ဗဟိုဘဏ်က အမေရိကန် ဒေါ်လာစျေးနှုန်း ပြောင်းလဲလိုက်တာကြောင့် ပို့ကုန်လုပ်ငန်းတချို့ အရင်ထက် နစ်နာဆုံးရှုံးမှု နည်းသွားပေမဲ့ သွင်းကုန်တွေ ပြန်သွင်းရာမှာ စျေးကွက်အတွင်း ဝယ်ယူရခက်ခဲတဲ့ အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်စျေးနှုန်းနဲ့ ပြန်လည်ရောင်းချပေးဖို့ ကုန်သည်တွေဘက်က လိုလားနေကြပါတယ်။
ပြည်တွင်းစက်သုံးဆီဈေးကွက်မှာတော့ ဩဂုတ်လ ၈ ရက် ပေါက်ဈေးအရ စက်သုံးဆီဈေးနှုန်းတွေဟာ အရင်နေ့ ကထက် တစ်လီတာကို ကျပ်နှစ်ရာလောက်အထိ ပြန်မြင့်တက်လာခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။