အိမ်နီးချင်းနိုင်ငံတွေက ကူးစက်မှုတွေကြောင့် တကျော့ပြန်ကိုဗစ်ကို သတိပြုဖို့ တိုက်တွန်းမှုတွေရှိလာ

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်င်ငံတချို့မှာ နောက်ထပ် ကိုဗစ်လှိုင်းဒဏ်ကို ရင်ဆိုင်နေရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ ကူးစက်မှုတွေ ဖြစ်နေတဲ့ အတွက် လေကြောင်း၊ ကုန်းကြောင်းနဲ့ နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်ထားတဲ့ မြန်မာနိုင်ငံမှာလည်း နိုင်ငံဖြတ်ကျော် ကူးစက်မှုတွေလည်း ကြုံလာရနိုင်တဲ့ အခြအနေရှိတယ်လို့ သုံးသပ်နေကြပါတယ်။

ထိုင်းနိုင်ငံနဲ့ စင်္ကာပူ နိုင်ငံမှာ နေ့စဥ် ကိုဗစ်ကူးစက်သူ အရေအတွက် သောင်းနဲ့ ချီရှိလာနေပြီး သေဆုံးသူတွေလည်း ပြန်ရှိလာနေတဲ့အတွက် မြန်မာနိုင်ငံမှာ အလားတူ ကူးစက်မှုမျိုး ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်မှု သိသိသာသာတိုးလာတာ မတွေ့ရသေးပါဘူး။

ကျန်းမာရေး၀န်ကြီးဌာနရဲ့ နေ့စဉ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်အသစ်ကူးစက်သူက ဆယ်ဂဏန်းသာရှိပါတယ်။ ဒါပေမဲ့ လက်ရှိ ကူးစက်မြန်တကျော့ပြန် ကိုဗစ် BA4 နဲ့ BA5 ကို သတိပြု ပြင်ဆင်ဖို့လိုပြီလို့ တိုက်တွန်း သတိပေးမှုတွေ ရှိနေပါတယ်။

ကူးစက်မှုတွေ ဖြစ်လာခဲ့ရင် အာဏာသိမ်းမှု ဖြစ်ခဲ့အပြီး မကြုံစဖူးလောက်အောင် အထွေထွေအကျပ်အတည်း ပေါင်းစုံ ကြုံနေရတဲ့ မြန်မာပြည်သူတွေ အဖို့ အတော်ကို အခက်အခဲ ဖြစ်ကြလိမ့်မယ် ဆိုပြီး သုံးသပ်နေကြတာဖြစ်ပါတယ်။

လှိုင်းသစ်ဖြစ်လာရင် ဘယ်လို ရင်ဆိုင်ကြမလဲ

အရင် တတိယလှိုင်းဖြစ်တုန်းကထက် နိုင်ငံရေး၊ စီးပွားရေး၊ အနေအထား အားလုံး အခု ပိုမို ယုတ်လျော့လာနေတဲ့ အချိန်မှာ ကိုဗစ်လှိုင်းသစ်ဒဏ် ခံရမယ် ဆိုရင် အရင်ကထက် ကူးစက်မှု အခြေအနေပိုဆိုးလာနိုင်တဲ့အတွက် ခံနိုင်ရည်ရှိဖို့ ပြည်သူအချင်းချင်းပဲ ကူညီဖြတ်သန်းဖို့ လိုတယ်လို့ အကြံပြုချက်တွေ ရှိနေပါတယ်။

ဒါကြောင့် ဖြစ်လာခဲ့ရင် ဘယ်လို ရင်ဆိုင်သင့်တယ် ဆိုတဲ့ ကြိုတင် ပြင်ဆင်မှုတွေလုပ်ထားကြဖို့ နဲ့ မဖြစ်အောင် ကြိုတင်ကာကွယ်ကြဖို့ ပြည်သူတွေ အချင်းချင်း ရော ကျန်းမာရေးပညာရှင်တွေကပါ သတိပေး နေကြပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဌာနက ကြိုတင် ပြင်ဆင်မှုတွေ ရှိကောင်းရှိမှာ ဖြစ်ပေမဲ့ ဆရာဝန်ဦးရေနဲ့ လူနာ အရေအတွက် အချိုးအစား မျှတမှုမရှိတဲ့ အတွက် လိုအပ်ချက်တွေ ရှိနေမှာ သေချာတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခု အာဏာဖီဆန်မှု စီဒီအမ် လုပ်ထားတဲ့ ဆရာဝန် အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

"တတိယလှိုင်းလို ဖြစ်လာနိုင်တယ်လို့ မှန်းဆထားရမယ်၊ အိမ်မှာ အနည်းနဲ့ အများ ပြင်ဆင်ထားရမယ်။ အခု လတ်တလောကလည်း မစစ်လို့ သာ မသိတာ ဖြစ်ကို ဖြစ်နေတဲ့ အနေအထား ဖြစ်နေပြီ။ ပြည်သူ အချင်းချင်း ထိန်းရင် သက်သာမယ်လို့ မျှော်လင့်တယ်" လို့ သူက ပြောပါတယ်။

ဖြစ်နိုင်ရင် ကာကွယ်ဆေးထိုးကြဖို့ လိုတယ်၊ ဒါပေမဲ့ ကာကွယ်ဆေးက ရာနှုန်းပြည့် ကာကွယ်ပေးနိုင်မယ်လို့ တထစ်ချ ပြောလို့ မရသေးတဲ့ အတွက် ကိုယ်ခံအားကောင်းအောင် နေသင့်တယ်၊ ရောဂါ အခံ ရှိသူတွေ အသက် အရွယ် ကြီးရင့်တဲ့ လူကြီးတွေကို ဂရုစိုက်သင့်တယ်၊ အဆိုးဆုံးဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ် ဆိုတာ မှန်းဆထားသင့်ပေမဲ့ မျှော်လင့်ချက် နည်းသွားဖို့တော့ မသင့်ဘူးလို့ သူက ပြောပါတယ်။

စိုးရိမ်တကြီးနဲ့ ဆေးဝါး အောက်ဆီဂျင် စတာတွေကို ကြိုတင် ဝယ်ယူတာမျိုး မလုပ်ဖို့လည်း သူက သတိပေးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခု ဇူလိုင်လက စတင်ခဲ့တဲ့ ကိုဗစ် တတိယလှိုင်းမှာ မြန်မာနိုင်ငံ အတွင်း ဆေးဝါးတွေ အဆမတန် စျေးတက်ပြီး အောင်ဆီဂျင် လိုသလောက် မရတာတွေကြောင့် အသက်ဆုံးရှုံးရတာတွေ အများအပြား ရှိခဲ့ပါတယ်။

ကြုံတွေ့နေရတဲ့ အခြေအနေ

ကိုဗစ် တတိယလှိုင်းဖြစ်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှုအောက်မှာ မနှစ်ကထက်ပိုဆိုးတဲ့ အထွေထွေ အကျပ်အတည်းတွေ ထပ်ရှိလာနေပါတယ်။

ထပ်ဆောင်း ကာကွယ်ဆေးကလည်း အောက်ခြေလူထုကြား အမှန်တကယ် ထိုးထားနိုင်တဲ့ အရေအတွက်နဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တို့ ကွဲလွဲနေပါတယ်။

ငွေရှိရင်တောင် ဆေးဝါး ဝယ်လို့ မရတဲ့ အခြေအနေဖြစ်လာ နိုင်တာကြောင့် ပြည်သူတွေ အနေနဲ့ ကိုယ့်ကျန်းမာရေးအတွက် လူမှုဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပြင်ဆင်ထားသင့်တယ် ဆိုတဲ့ အကြံပြုချက်တွေလည်း လူမှုကွန်ရက်မှာ မျှဝေ နေကြပါတယ်။

ကိုဗစ်ကာကွန်ရင်းစင်တာမှာ ကူညီနေသူတစ်ယောက်ကတော့ ပြည်သူတွေကြားထဲမှာ အရင်ကိုဗစ် လှိုင်းဒဏ် နောက်ပိုင်းမှာ ကာကွယ်ရေးနဲ့ဆိုင်တဲ့ အလေ့အထလေးတွေ ရလာတာ တွေ့ရတယ်လို့ ပြောပါတယ်။

နာရေးတွေမှာ ဆိုရင် အရင်တုန်းကလို အစားအသောက်နဲ့ ဧည့်ခံတဲ့ စနစ်မျိုး သိပ်မလုပ် မဟုတ်တော့ဘဲ မုန့်ဘူးလေးတွေ ထမင်းဘူးလေးတွေ ဝေငှတဲ့ စနစ်ကို သုံးလာကြတယ်၊ လူစုလူဝေးကို အတတ်နိုင်ဆုံး ရှောင်ရှားကြတယ် လို့ သူက ပြောပါတယ်။

အခုနောက်ပိုင်း ဗိုင်းရပ်စ်က ရောဂါ ပြန့်ပွားမှုနှုန်း မြန်ဆန်တယ် ဆိုတော့ အဓိက သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ၊ ကိုယ်ခံအား နည်းသူတွေ ကို ကိုယ်ခံအားကောင်းအောင် ပိုမို ဂရုစိုက်ဖို့ သင့်တယ်လို့ လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်တဲ့ ကိုဗစ်နောက်ထပ်လှိုင်းတွေအတွက် ဘာတွေ ကြိုတင် ပြင်ဆင် ဆောင်ရွက်နေသလဲ ဆိုတာ စစ်ကောင်စီရဲ့ ကျန်းမာရေး၀န်ကြီး ဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ အဆက်အသွယ် မရသေးပါဘူး။