ထိလွယ် ရှလွယ် အကဲဆတ်နေပြီး နောက်ကြောင်းပြန်လှည့်နေတဲ့ မြန်မာ့စီးပွားရေး

ဓာတ်ပုံ ရင်းမြစ်, Ko Min
ရှိသမျှ ကုန်ပစ္စည်း စျေးအကုန်တက်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စက်ရုံအချို့ ပိတ်သိမ်းကာ နိုင်ငံခြားက သွင်းကုန်တွေရှားပါးလာနေတဲ့ အခြေအနေကို မြန်မာပြည်သူတွေရင်ဆိုင်နေရချိန်မှာ မြန်မာ့စီပွားရေးနဲ့ ပတ်သက်ပြီး စောင့်ကြည့် အစီရင်ခံစာကို ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နေ့စွဲနဲ့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်မှာတော့ မြန်မာ့စီးပွားရေးဟာ ထိလွယ်ရှလွယ် အကဲဆတ်နေပြီး ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်လှည့်နေတဲ့ အတွက် စီးပွားရေးမျှော်မှန်းချက်ဟာ အားနည်းလျှက်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသား ၄၀ ရာခိုင်နှုန်း (လူဦးရေ သန်း ၂၀ ကျော်ခန့်ဟာ) ဆင်းရဲမွဲတေမှုမျဥ်းအောက်မှာ ရောက်ရှိနေပြီးတော့ ဆင်းရဲမွဲတေမှု လျော့ကျရေး ဆောင်ရွက်ချက်တွေဟာ နောက်ပြန်လှည့်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။
အခုနောက်ဆုံးသတ်မှတ်ထားတဲ့ နိုင်ငံတကာဆင်းရဲမွဲတေမှု ဝင်ငွေသတ်မှတ်ချက်ကတော့ တစ်နေ့ကို ၃ ဒေါ်လာနဲ့ ဆင့် ၂၀ (၆၅၀၀ ကျပ်ခန့်) ဖြစ်ပါတယ်။ နေ့စဉ်ဝင်ငွေဟာ အဲဒီပမာဏထက်လျော့နည်းတဲ့သူကို ဆင်းရဲမွဲတေသူလို့ ကုလသမဂ္ဂက သတ်မှတ်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက စီးပွားရေး အကြံပေး ပညာရှင်တစ်ဦးကတော့ ကမ္ဘာ့ဘဏ်မှန်းတာထက်ကို ကျော်လွန်ပြီး မြန်မာနိုင်ငံရဲ့ဆင်းရဲမွဲတေမှုနှုန်းဟာ ၅၀ ရာခိုင်နှုန်းက နေ့ ၆၀ ရာခိုင်နှုန်းအထိရောက်သွားနိုင်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SHWE INN THAR KHIN MG WIN
ဒါပေမဲ့ ကမ္ဘာ့ဘဏ်စီးပွားရေးအစီရင်ခံစာက မြန်မာနိုင်ငံ ဆောက်လုပ်ရေး၊ အထည်ချုပ်နဲ့ ကုန်ထုတ်လုပ်ငန်း ကဏ္ဍတချို့ တည်ငြိမ်စပြုလာတယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေက ကိုဗစ်အလွန်မှာ ပြန်ပြီးတည်ငြိမ်အောင် ကြိုးပမ်းလာကြတာဖြစ်တဲ့ ဒီအစီရင်ခံစာမှာ ပြောတဲ့ဒီအချက်ဟာ အတော်အသင့် မှန်ကန်နိုင်တယ်လို့ စီးပွားရေး အကြံပေးပညာရှင်တစ်ဦးက ပြောပါတယ်။
ဒီလိုတည်ငြိမ်အောင် ကြိုးပမ်းခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင်လ ၁၃ ရက်နေ့က နိုင်ငံခြားငွေကြေးနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက် ၃ ခုဟာ မြန်မာ့စီးပွားရေးအတွက် အလှည့်အပြောင်း များစွာဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီဗဟိုဘဏ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြည်တွင်းကိုဝင်လာတဲ့ ဒေါ်လာတွေကို ပြန်မထွက်အောင် ထုတ်ပြန်ချက်အမိန့် ၃ ခုထုတ်ပြီး ထိန်းခဲ့တာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူတွေကို မောင်းထုတ်သလို ဖြစ်စေတယ် စီးပွားရေး အကြံပေးပညာရှင်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SHWE INN THAR KHIN MG WIN
ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး ပြည်တွင်းမှာ နေထိုင်သူတွေအနေနဲ့ နိုင်ငံခြား ကြွေးမြီယူထားတာရှိရင် အဲဒီချေးငွေတွေကို အတိုးဖြစ်စေ၊ အရင်းဖြစ်စေ လတ်တလော ပြန်မဆပ်သေးဘဲ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က စာထုတ်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့အထက်ပါရှိတဲ့ ကုမ္ပဏီတွေကို နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ပေးထားတာကိုလည်း ဗဟိုဘဏ်က ဇူလိုင်လ ၁၃ ရက်နေ့က ပြန်ပယ်ဖျက်ခဲ့ပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ပြည်တွင်းမှာ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိ ပါ၀င်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားသုံးငွေစာရင်းက နိုင်ငံခြားငွေတွေကို မြန်မာကျပ်ငွေနဲ့လဲလှယ်ဖို့ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့မှာ လည်း မြန်မာနိုင်ငံအတွင်း ဒေါ်လာကိုင်ထားတဲ့ ကုမ္ပဏီမှန်သမျှ ဇူလိုင် ၂၁ ရက်နေ့ ညနေ ၆ နာရီနောက်ဆုံးထားပြီး ကျပ်ငွေနဲ့လဲပေးရမယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
သို့သော်လည်း ပြည်တွင်းက နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၅၀ ရာခိုင်နှုန်း အထက်ပါဝင်ထားတဲ့ ကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာတစ်ဦးကတော့ သူတို့ရဲ့ ဒေါ်လာငွေစာရင်းတွေတော့ ဒီကနေ ည ၈ နာရီအထိ လဲရတာ မရှိသေးဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာတော့ လက်တလောထုတ်ပြန်တဲ့ ကန့်သတ်ချက်တွေဖြေလျှော့လိုက် တစ်ဖန် ပြန်လည်ရုပ်သိမ်းလိုက် စတဲ့ မူဝါဒ ညွန်ကြားချက် အသစ်အသစ် အလျှင်အမြန် ချမှတ်နေတာကြောင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာမှာ မရေရာမှုတွေ မြင့်တက်နေတယ်လို့ ဖော်ပြထားပါတယ်။
ပြည်တွင်းမှာ အခုရက်ပိုင်း ဒေါ်လာစျေးတွေဟာ ၂၄၀၀ ကျော်ဝန်းကျင်အထိ ရောက်လာပြီးနောက်မှာ သွင်းကုန်တွေ စျေးနှုန်းတွေ ပြောင်းလဲလာခဲ့ပါတယ်။
နိုင်ငံခြားကတင်သွင်းနေတဲ့ အီလက်ထရောနစ် ပစ္စည်းတွေ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း အထိစျေးတက်လာခဲ့တယ်လို့ အီလက်ထရောနစ် ပစ္စည်းတင်သွင်းရောင်းချသူအချို့က ပြောပါတယ်။
နိုင်ငံခြားက တင်သွင်းတဲ့ဆေးဝါးတွေလည်း အခုရက်ပိုင်း ပစ္စည်းပြတ်နေပြီး လိုသလောက် ဝယ်မရဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဝန်ပိစေတဲ့ ကုန်သွယ်မှုလိုင်စင် ကန့်သတ်ချက်များနဲ့ နိုင်ငံခြားငွေကြေးကို မဖြစ်မနေ ဒေါ်လာကနေ ကျပ်ပြောင်းလဲရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေက ပြည်ပပို့ကုန်တွေ အခက်တွေ့စေသလို ပြည်ပ သွင်းကုန်အင်အားစုများကို နှောင့်နှေး ပြတ်တောက်စေပြီး အခက်တွေ့စေတယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံ ဆောက်လုပ်ရေး၊ အထည်ချုပ်နဲ့ ကုန်ထုတ်လုပ်ငန်း ကဏ္ဍတချို့ တည်ငြိမ်စပြုလာတယ်လို့ အစီရင်ခံစာက ဆိုထားပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ပြည်တွင်းမှာ ကားတွေကို SKD စနစ်နဲ့ ထုတ်လုပ်နေတဲ့ ဆူဇူကီး ကုမ္ပဏီကတော့ စက်ရုံယာယီပိတ်လိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
သွင်းကုန် လိုင်စင်တွေချမပေးတော့တာ သွင်းကုန်လိုင်စင် အခက်ခဲတွေကြောင့် ဆက်ပြီးရပ်တည်ဖို့ ခက်ခဲသွားတာဖြစ်တယ်လို့ ပြည်တွင်းစီးပွားရေး အကြံပေးပညာရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်အချို့ကတော့ မြန်မာစီးပွားရေးဟာ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ပြည်သူပိုင်သိမ်းတဲ့ ခေတ်က ပုံစံပြန်ဖြစ်သွားပြီး အစစအရာရာ နောက်ကို ပြန်သွားနေတယ်လို့ ပြောကြပါတယ်။
ပြည်တွင်းက အထည်ချုပ်လုပ်ငန်းတွေဟာလည်း မရေရာမှုတွေရှိနေဆဲဖြစ်ပြီး နိုင်ငံသားအများအပြားဟာ ပြည်ပကိုထွက်ပြီးသွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြပါတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတစ်နှစ်အတွင်း ထိုင်းနိုင်ငံ အတွင်းတရားမဝင်ခိုးဝင်လာသူ တစ်သိန်းကျော် ဖမ်းမိခဲ့ပြီး ၉၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းအစိုးရ သတင်းတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးမှုကို တိုင်းတာတဲ့ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု ဂျီဒီပီ ဟာ ၂၀၂၂ ခုနှစ်မှာ ပြီခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ ယှာဥ်ရင်၁၃ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျနေမယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ကာလတိုကနေ ကာလလတ်အထိ ပြည်ကသွင်းကုန် သွင်းအားစု စျေးနှုန်းတွေ ဆက်လက်မြင့်နိုင်ခြေ ရှိတာကြောင့် ကုန်ထုတ်လုပ်မှုနဲ့ သုံးစွဲနိုင်မှုကို အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံနေရာ အတော်များများ ပဋိပက္ခတွေ ပျံ့နှံ့ကြီးထွားလာလို့ ကုန်ထုတ်လုပ်ငန်းတွေ ဆက်လက် အတားအဆီးဖြစ်စေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာဖော်ပြတဲ့ ဆင်းရဲမွဲတေမှုနှုန်းထက် နောင်နှစ်တွေမှာ နိုင်ငံသား ၅၀ ရာခိုင်နှုန်းက နေ ၆၀ ရာခိုင်နှုန်း( နိုင်ငံသား၂၅ သန်းကျော် ခန့်)ဆင်းရဲမွဲတေမှု စာရင်းမှာ ပါလာဖို့ရှိတယ်လို့ ပြည်တွင်းက စီးပွားရေး အကြံပေးတစ်ဦးက ဆိုပါတယ်။
ငွေကြေးလဲလှယ်မှု မတည်ငြိမ်တာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို မောင်းထုတ်နေသလို ဒေါ်လာကို ထိန်းချုပ်နေတာ တွေကြောင့် ပြည်တွင်းမှာရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်စိတ်ချမှု အားနည်းနေဦးမယ်လို့လည်း စီးပွားရေး အကြံပေးတစ်ဦးကပြောပါတယ်။








