၂၀၂၁ မြန်မာ့စီးပွားရေးသုံးသပ်ချက် အပိုင်း ၂ - မြန်မာ့စီးပွားရေးကြီးတခုလုံးသေးငယ်ကျုံ့ဝင်သွားခြင်း

ကျပ်ငွေတန်ဖိုးဟာ ၃၈ ရာနှုန်းလောက်ကျသွားတယ်။ ဒေါ်လာစျေး ၃၈ ရာနှုန်းတက်သွားတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျပ်ငွေတန်ဖိုးဟာ ၃၈ ရာနှုန်းလောက်ကျသွားတယ်။ ဒေါ်လာစျေး ၃၈ ရာနှုန်းတက်သွားတယ်။

ကိုဗစ်ကြောင့် အားနည်းချိနဲ့နေတဲ့ မြန်မာ့စီးပွားရေးဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် အောက်ခြေကနေ သိမ်းရိုက်လိုက်သလို အကြီးအကျယ် ယိမ်းယိုင်သွားစေပါတယ်။

တနေရာတကဏ္ဍမှာ ယိမ်းယိုင်ပျက်စီးမှုမျိုးမဟုတ်ဘဲ နေရာတိုင်းမှာ အဘက်ဘက်က အထွေထွေအခြေအနေ အားလုံး ထိုးဆင်းသွားတာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP ၁၇.၉၄ ရာနှုန်းကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ တကယ်လို့ ကိုဗစ်နဲ့ အာဏာသိမ်းမှုမဖြစ်ခဲ့ရင် ရှိရမဲ့ GDP ထက် ၃၀ ရာခိုင်နှုန်း လျော့နည်းသွားတာလို့လည်း ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းအားလုံးအပေါ် အကျိုးသက်ရောက်မှုဖြစ်စေတဲ့ ဘဏ်လုပ်ငန်းရဲ့ ကစဉ့်ကလျားဖြစ်စဉ်ကို အပိုင်း ၁ မှာ ဖော်ပြခဲ့ပြီးပါပြီ။ ကျန်တဲ့စီးပွားရေးကဏ္ဍတွေအပေါ် သက်ရောက်မှုကို ဆက်လက်လေ့လာကြည့်ပါမယ်။

ခရီးသွားလုပ်ငန်းနဲ့ လေကြောင်းလိုင်းများ

ကိုဗစ်အစပိုင်းကတည်းက ထိုးကျသွားတဲ့ စီးပွားရေးလုပ်ငန်းကတော့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဖြစ်ပါတယ်။ ရန်ကုန်နဲ့ ပင်လယ်ကမ်းခြေတချို့မှာ ဟိုတယ်ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းရှင်တဦးကတော့ ကိုဗစ်အစကတည်းက ဟိုတယ်အားလုံးမှာ တည်းခိုသူသိသိသာသာ လျော့ကျသွားတယ်လို့ဆိုပါတယ်။

"မလာတော့သလောက်ကိုနည်းသွားတာပါ။ ကမ်းခြေဟိုတယ်တွေကမှ သူ့ရာသီအချိန်အခါတို့ ကိုဗစ်သက်သာချိန်တို့မှာ လူရောက်လာပါသေးတယ်။ ရန်ကုန်ကဟိုတယ်တွေမှာတော့ သိသိသာသာကို နည်းသွားပါတယ်။"

ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း ပြန်လည်သက်သာလာချိန်မှာ စီးပွားရေးလုပ်ငန်းတချို့ ပြန်လည် လည်ပတ်နိုင်ပေမဲ့ ခရီးသွားလုပ်ငန်းနဲ့ လေကြောင်းလိုင်းတွေကတော့ သိပ်အလုပ်မဖြစ်လာခဲ့ဘူးလို့ ဒေါက်တာဘွဲ့ရ စီးပွားရေးပညာရှင်ကလည်း သုံးသပ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ တနှစ်တာအတွင်း မြန်မာနိုင်ငံကိုရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက်ဟာ ၄.၄ သန်းရှိတယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ ခရီးသွားလုပ်ငန်းမှာ ပါဝင်အလုပ်လုပ်နေသူ လုပ်သားဦးရေက ၅ သိန်းရှိတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်ဧပြီလဆန်းပိုင်းမှာတော့ ခရီးသွားလုပ်ငန်းတွေရဲ့ ၃၉ ရာနှုန်းဟာ လုပ်ငန်းရပ်တန့်သွားတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP ကထုတ်ပြန်တဲ့ ကိုဗစ် ၁၉ နှင့်စစ်တပ်အာဏာသိမ်းမှု၏ ဆင်းရဲမွဲတေမှုအပေါ်သက်ရောက်ချက် အစီရင်ခံစာက ဖော်ပြပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ လေကြောင်းလုပ်ငန်းကတော့ လွယ်လွယ်နဲ့ ပြန်ဆွဲတင်လို့ မရနိုင်ဘူး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခရီးသွားလုပ်ငန်းနဲ့ လေကြောင်းလုပ်ငန်းကတော့ လွယ်လွယ်နဲ့ ပြန်ဆွဲတင်လို့ မရနိုင်ဘူး

မွေးမြူရေးလုပ်ငန်း

မြန်မာနိုင်ငံအလယ်ပိုင်းက ကြက်မွေးမြူရေးခြံတွေရဲ့ ၅၀ ရာနှုန်းလောက် ခြံပြုတ်သွားတယ်လို့ မွေးမြူရေးသမားတဦးကဘီဘီစီကို ပြောပါတယ်။ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် ခြံသေး၊ လုပ်ငန်းသေးတွေ အားလုံးပြုတ်သွားတာလို့ သူကဆိုပါတယ်။

"ကြက်ခြံထဲမှာဆိုရင် ကျွန်တော်တို့လို ခြံကြီးတွေပဲ ကျန်ခဲ့တာ။ ခြံသေးတွေ အကုန်လုံးပြုတ်ကုန်ကြတယ်။ ဘာလို့ ပြုတ်ကုန်ကြသလဲဆိုတော့ သွင်းအားစုအားလုံး စျေးကြီးကုန်ပြီး ကိုယ့်ထုတ်ကုန်တွေက စျေးကျကုန်လို့ မကိုက်တော့တာ။ အဲဒါကြောင့်ဖြုတ်ပစ်ကြရတာ။ သွင်းအားစုဆိုတဲ့အထဲမှာ အဓိကစျေးတက်သွားတဲ့သွင်းအားစုတွေကတော့ အစာနဲ့ဆေးပါပဲ။"

အစာနဲ့ဆေးက ဘာ့ကြောင့်စျေးသိပ်တက်သွားသလဲဆိုတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျပြီး ငွေဖောင်းပွသွားခဲ့လို့ပါ။ စစ်တပ်အာဏာမသိမ်းခင်က ၁ ဒေါ်လာကို ၁၃၀၀ ကျပ်ဝန်းကျင်လောက်ရှိရာကနေ အခုအခါ ၁၈၀၀ ကျပ်ကျော်ဖြစ်နေပါတယ်။ ဒေါ်လာစျေး ၃၈ ရာနှုန်းလောက်တက်သွားပါတယ်။ တနည်းအားဖြင့်ပြောရရင် ကျပ်ငွေတန်ဖိုး ၃၈ ရာနှုန်းလောက်ကျသွားတဲ့သဘောဖြစ်ပါတယ်။

"မွေးမြူရေးအစာကလည်း နိုင်ငံခြားကနေ တော်တော်များများသွင်းရတာဗျ။ အစာရဲ့ ၇၅ ရာနှုန်းလောက်က နိုင်ငံခြားကသွင်းတဲ့သွင်းကုန်အပေါ်မှီခိုရပြီး ကျန်တဲ့ ၂၅ ရာနှုန်းလောက်ပဲ ပြည်တွင်းကရတာ။ အစာကို ဘရာဇီး၊ ယူကရိန်း၊ အမေရိကန်နိုင်ငံတွေကနေ သွင်းရတယ်။ ဆေးဆိုရင် ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယန် နိုင်ငံတွေဆီကနေ အများဆုံးတင်သွင်းတယ်။ အဲဒါတွေက စျေးသိပ်တက်သွားတယ်။ ကိုယ်ရောင်းတဲ့ထွက်ကုန်ကျ စျေးတက်ရောင်းလို့မရတဲ့ အခြေအနေဖြစ်နေတယ်။ အဲဒါကြောင့် ခြံသေးတွေ အားလုံးပြုတ်သွားတာ။ ခြံကြီးတွေကရော ကိုက်လို့ ဆက်မွေးနေကြတာလားဆိုတော့ အဲသလိုလည်း မဟုတ်ဘူး။ တခါတလေအရင်း၊ တခါတလေ နည်းနည်းအရှုံးခံပြီး ခြံတည်မြဲရေးအတွက် ခြံသက်တမ်းဆွဲဆန့်နေရတာ။"

ဝက်မွေးမြူရေးကလည်း အရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကတည်းက မိရိုးဖလာ လွှတ်ကျောင်းမွေးတဲ့ ဝက်မွေးမြူရေးဟာ တိမ်ကောသလောက်ဖြစ်သွားပြီး အသားတိုးခြံတွေပေါ်ပေါက်ခဲ့ပါတယ်။ အခုအခါ အသားတိုးဝက်မွေးတဲ့ခြံတွေ၊ နို့စားနွားအသားစားနွားမွေးမြူရေးခြံတွေဟာလည်း ကြက်ခြံတွေနည်းတူ ကံကြမ္မာမျိုးကို ရင်ဆိုင်နေရပါတယ်။ ဘာ့ကြောင့် အဲသလိုဖြစ်ရသလဲဆိုတော့ အသား၊ ကြက်ဥစတဲ့ ထွက်ကုန်တွေရဲ့ ခြံထွက်စျေးနှုန်း farmgate price ဟာ သိပ်နည်းနေလို့ပါ။

သူတို့ရဲ့ခြံမှာရတဲ့စျေးနှုန်းက သိပ်နည်းနေပေမဲ့ အများပြည်သူစားသုံးသူတွေမှာ တော်တော်စျေးချိုသွားသလားဆိုတော့ ပြောပလောက်အောင် သိပ်စျေးချိုသွားတာတော့ မဟုတ်ပါဘူး။ ဒါဆိုခြံထွက်စျေးနဲ့ စျေးမှာရောင်းတဲ့စျေးအကြား ဘာ့ကြောင့် ကွာဟချက်များနေတာပါလဲ။ အဲဒီကွာဟချက်ကတော့ ဒေါ်လာစျေးရဲ့စနက်ဖြစ်ပါတယ်။ ဒေါ်လာစျေးတက်တော့ ရေနံစျေးတက်ပါတယ်။ ရေနံစျေးတက်တော့ သယ်ယူပို့ဆောင်ခ စျေးတက်ပါတယ်။ အဲဒီသယ်ယူပို့ဆောင်ခဟာ တံတိုင်းတခုပမာ ခြားထားတဲ့အတွက် ထုတ်လုပ်သူစျေးမရ၊ စားသုံးသူစျေးမကျ ဖြစ်နေတာပါ။

ကြက်ခြံကြီးတွေလည်းကိုက်လို့မဟုတ်ဘူး၊ ခြံတည်မြဲအောင်လုပ်နေရတာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကြက်ခြံကြီးတွေလည်းကိုက်လို့မဟုတ်ဘူး၊ ခြံတည်မြဲအောင်လုပ်နေရတာ

ဝယ်လိုအားကျဆင်းခြင်း

စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါ နှစ်မျိုးပေါင်းနှိပ်စက်မှုကို ခံရပြီးနောက်မှာ သိသိသာသာကျဆင်းသွားတာက ဝယ်လိုအား Demand ဖြစ်ပါတယ်။ ဝယ်လိုအားကျဆင်းရခြင်း အကြောင်းရင်း အမျိုးမျိုးရှိကြတဲ့အနက် အခုချိန်မှာ ဝယ်လိုအားကျဆင်းရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ဝယ်နိုင်တဲ့စွမ်းအား purchasing power ကျဆင်းသွားလို့ပါ။

အရပ်သားနားလည်မဲ့စကားနဲ့ တည့်တည့်ရှင်းရှင်း ပြောရရင်တော့ လူတွေမွဲသွားလို့ စီးပွားရေးကျသွားလို့ မဝယ်နိုင်တော့တာပါပဲ။ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ အသေးစိတ်ထပ်ပြောပါမယ်။ အလုပ်အကိုင်မရှိ၊ လူတွေဆင်းရဲကြတော့ တချို့က လျှော့စားကြရပါတယ်။ တချို့က လျှော့သုံးကြပါတယ်။ ဒါတွေအားလုံးဟာ ထုတ်ကုန်တွေ စျေးတိုးတောင်းလို့ မရတဲ့ အဓိကအကြောင်းဖြစ်ပါတယ်။

အဲသလိုအထွေထွေဝယ်လိုအားကျဆင်းမှုဟာ ထုတ်ကုန်အားလုံး၊ ကုန်ထုတ်လုပ်ငန်းအားလုံး၊ ဝန်ဆောင်မှုလုပ်ငန်း အားလုံးအပေါ် အကျိုးသက်ရောက်ပါတယ်။

စီးပွားရေးကျုံ့ခြင်း

စျေးကွက်စီးပွားရေးရဲ့ ယေဘုယျသဘောက စျေးကျရင် ဝယ်လိုအားတက်ပါတယ်။ အရပ်စကားနဲ့ပြောရရင်တော့ စျေးကျရင် ဝယ်အားလိုက်ပါတယ်။ ဝယ်ချင်သူပေါပါတယ်။ ဒါကဖြစ်ရိုးဖြစ်စဉ်ပါ။ အခုတော့ အဲသလို ဖြစ်မြဲဓမ္မတာနဲ့ ဆန့်ကျင်နေပါတယ်။

ထုတ်လုပ်သူရတဲ့စျေး farmgate price ကျနေပေမဲ့ ဝယ်ချင်သူက တိုးမလာပါဘူး။ ဝယ်နိုင်စွမ်းမရှိပါဘူး။ အဲဒါကြောင့် ရောင်းလိုအားနဲ့ ဝယ်လိုအားနှစ်ခုစလုံးတပြိုင်နက်ကျဆင်းနေပါတယ်။ ဖြစ်မြဲဓမ္မတာသဘောက ရောင်းလိုအားကျရင် ဝယ်လိုအားတက်၊ ဝယ်လိုအားကျရင် ရောင်းလိုအားတက်ရစမြဲဖြစ်ပေမဲ့ အခုတော့ ရောင်းလိုအားနဲ့ ဝယ်လိုအားဟာ တပြိုင်တည်း ကျနေပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ရောင်းလိုအားရော၊ ဝယ်လိုအားရောကျတယ်ဆိုတာ စျေးကွက်ထိုင်းမှိုင်းနေတာဖြစ်ပါတယ်။

ဒေါက်တာဘွဲ့ရစီးပွားရေးပညာရှင်က အခုလိုဆိုပါတယ်။

"ရောင်းလိုအားရော၊ ဝယ်လိုအားပါကျသွားတဲ့ သဘောက စီးပွားရေးကျုံ့သွားတာ။ economy shrink ဖြစ်သွားတယ်ခေါ်တယ်။ စီးပွားရေးဖြစ်စဉ်ရဲ့စွမ်းပကား economy skill ကျသွားတယ်။"

ထုတ်လုပ်သူလည်း တွက်ခြေမကိုက်၊ စားသုံးသူလည်း တွက်ခြေမကိုက်၊ လူများစုရဲ့ စီးပွားရေးမကောင်းတာဟာ အခုကာလရဲ့ အထင်ရှားဆုံးစီးပွားရေးလက္ခဏာ ဖြစ်ပါတယ်။

ရောင်းလိုအားရော၊ ဝယ်လိုအားပါ တပြိုင်တည်းကျဆင်းခြင်း၊ စီးပွားရေးကျုံ့ခြင်းရဲ့ အကျိုးဆက်ဟာ စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံးကို ထိခိုက်ပြိုလဲစေနိုင်တဲ့ အကြောင်းအရင်းတခုဖြစ်တယ်ဆိုတာကို ဆက်လက်တင်ပြမဲ့ စီးပွားရေးကဏ္ဍတချို့မှာ တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။