ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး ဖြစ်လာနိုင်သလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အကျပ်အတည်းကို ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖြေရှင်းပေးရေးဆိုတဲ့ တောင်းဆိုအကြံပြုချက်တွေ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဥ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။
ဒါပေမဲ့ ဇွန်လ ၂၉ ရက်နေ့ ကတည်းက မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆော့ခွန်းရဲ့ ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရရေး ကြိုးပမ်းမှုဟာ မအောင်မြင်သေးပါဘူး။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖြေရှင်းပေးရေးဆိုတဲ့ တောင်းဆိုအကြံပြုချက်တွေကတော့ သူ့ရဲ့မြန်မာနိုင်ငံအတွင်း ဆွေးနွေးပွဲတွေမှာ ကြားလာရပါတယ်။
ဒီအပေါ်မှာ စစ်ကောင်စီကလည်း သဘောထားကို ဒီကနေ့ ထုတ်ပြောခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီ ၇ ခု ရန်ကုန်မြို့မှာ မနေ့ကတွေ့တော့ အဲ့ဒီအကြောင်း ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOFA - CAMBODIA
မြန်မာ့အကျပ်အတည်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖြေရှင်းပေးရေး ကြိုးပမ်းဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို တင်ပြခဲ့တယ်လို့ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဘီဘီစီကိုပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ပါရင် ဘယ်လောက်ကောင်းမလဲ၊ မပါရင် ဘယ်လောက် အားလျော့သွားမလဲဆိုတာ သုံးသပ်တာပေါ့ ၊ သူရဲ့ သဘောထားကို အာဆီယံ အထူးကိုယ်စားလှယ်ဘက်က ရယူပြီးတော့ ဆွေးနွေးရင် နှစ်ဖက်တိုက်ခိုက်မှုတွေ ရပ်သွားမလားဆိုတာ ဆွေးနွေးတာပေါ့လို့ " သူကပြောပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ဇူလိုင် ၁ ရက်က နေပြည်တော်မှာတွေ့ခဲ့တုန်းကလည်း အလားတူ တောင်းဆိုမှုမျိုးကြုံခဲ့ရပါတယ်လို့ ဆိုပါတယ်။
မစ္စတာ ပရတ်ဆော့ခွန်းက သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်သေးတဲ့အကြောင်းကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို ရှင်းပြခဲ့တယ်လို ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOFA - CAMBODIA
အာဆီယံ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်တွေ့ခွင့်ပေးဖို့ လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က ငြင်းပယ်ထားဆဲ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း (အာဆီယံ အထူးကိုယ်စားလှယ်) မြန်မာနိုင်ငံကို မရောက်မီ ဇွန်လ ၂၈ ရက်နေ့ကတော့ စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမှာ မဟုတ်ဘူးလို့ စစ်ကောင်စီဘက်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ မူလနေရာကို ရွေ့ပြောင်းပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီကို တောင်းဆိုခဲ့ပေမယ့်လည်း ငြင်းပယ်တာ ခံရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာတော့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက "နိုင်ငံရေးမှာမဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံနိုင်ရေး၊ စစ်ကောင်စီနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံနိုင်ရေး ဖြစ်နိုင် မဖြစ်နိုင်ပေါ့ ၊ ပထမဆုံးပြောချင်တာကတော့ တရားဥပေဒရင်ဆိုင်နေရဆဲ ပြစ်ဒဏ်ကျခံနေရဆဲ လူတွေနဲ့တွေ့ဆုံဖို့အတွက်တော့ ကန့်သတ်ချက်ရှိတယ်၊နောင်မှာ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကတော့ နိုင်ငံရေးမှာ ဘာမှ ကြိုပြောလို့ မရဘူး "လို့ပြောပါတယ်၊
အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဥ်အတွင်းမှာ တွေ့ဆုံခဲ့ပါတယ်။
သူရဲ့ ခရီးစဥ်ဟာ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေကြားရထားတဲ့ ဘုံသဘောတူညီချက် အထမြောက်ရေး ဆောင်ရွက်တဲ့အပိုင်းမှာ တိုးတက်မှုအခြေအနေနဲ့ ဖနွမ်ပင်မြို့မှာ ပြီးခဲ့တဲ့မေလဆန်းတုန်းက ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု အစည်းအဝေးရလဒ်ကိစ္စတွေကို အဓိကထားမယ်လို့ သိရပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ဟာ မြန်မာ့အရေး အထူးသံတမန်ခန့်အပ်မှုအပိုင်းမှာ မြန်မာ့အရေးငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေအားလုံးနဲ့ တွေ့ဆုံခွင့်ရနိုင်ရေးလည်း ပါဝင်ပေမဲ့ အထူးကိုစားလှယ် ခရီးစဥ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် ကြိုးစားနေတာ မအောင်မြင်သေးတာလည်း ဖြစ်ပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်မှာတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူဖို့ရှိနေပါတယ်။








