တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတင်ပြချက် အာဆီယံ ကိုယ်စားလှယ် လက်တွေ့လုပ်နိုင်မလား

ပရတ်ဆော့ခွန်း

ဓာတ်ပုံ ရင်းမြစ်, MOFA - Cambodia

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ် ဆော့ခွန်းနဲ့တွေ့ဆုံခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက သူတို့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ မြန်မာ့အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းနေတဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံထဲက စစ်တပ်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။

စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲက ၇ ဖွဲ့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြရာမှာ အာဆီယံ ကိုယ်စားလှယ်ဘက်က အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီတွေကို အမှန်တကယ် ဒုက္ခရောက်နေသူတွေလက်ထဲ ရောက်ရှိနိုင်ရေး နဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ့်အကြောင်း ရှင်းလင်း ပြောဆိုတယ်လို့ ထုတ်ပြန်ပါတယ်။

အာဆီယံ ကိုယ်စားလှယ် ဘက်က အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးနဲ့ အမှန်တကယ် ဒုက္ခရောက်နေသူတွေကို အကူအညီတွေ ရောက်ရှိနိုင်ရေး နဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးတို့ကို ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ရှင်းလင်းပြောခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက ၇ ဖွဲ့ ဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA/PC)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်(DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ အာဆီယံအထူးသံနဲ့တွေ့ဆုံမှာ ဖြစ်တယ်လို့ ဒီတွေ့ဆုံမှုမတိုင်ခင်က သိထားရပါတယ်။

အရပ်သားတွေကိုအကာအကွယ်ပေးရေး အကောင်အထည်ဖော်နိုင်မလား

တိုင်းရင်းသားတွေ ဘက်ကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံ ဖြေရှင်းရေး၊ ပါဝင်သင့်သူတွေ အားလုံး ပါတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေးတို့ ကို အဓိကထား တင်ပြခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဲဒီတင်ပြချက်တွေ အတိုင်း ညှိနှိုင်းအဖြေရှာတဲ့ နိုင်ငံရေး အခင်းအကျင်း ပေါ်ပေါက်ရေး၊ သက်ဆိုင်သူတွေ ပါဝင်ထိုက်သူတွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ် အနေနဲ့ အစွမ်းကုန် ကြိုးပမ်းပေးဖို့လည်း တိုင်းရင်းသားတွေဘက်က အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

ပါဝင်သင့် ပါဝင်ထိုက်သူတွေဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေပါဝင်သလားလို့ (KNU/KNLA-PC) ကတာဝန်ရှိသူတစ်ဦးကို ဘီဘီစီက မေးမြန်းခဲ့ရာမှာ ဘယ်သူဘယ်ဝါတွေလို့ အမည်တပ်ဖော်ပြခြင်းထက် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ရေးအတွက် ပါဝင်သင့်သူတွေ အားလုံးကို ပြောတာဖြစ်တယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အားလုံး လက်ခံနိုင်တဲ့ အရပ်သားတွေကို ကာကွယ်ပေးနိုင်တဲ့ ယန္တရားဖော်ဆောင်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို ခွဲခြားဆက်ဆံမှု မရှိ သက်ဆိုင်သူအားလုံး လွတ်လပ်စွာ ရရှိနိုင်ရေးအတွက် ကူညီဆောင်ရွက်ဖို့၊ လက်ရှိ နိုင်ငံရေး ပဋိပက္ခတွေကို ဖြေရှင်းဖို့နဲ့ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေး စတဲ့ ရေရှည် အစီအစဉ်တွေမှာ အာဆီယံက နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ထည့်သွင်း အကြံပြုခဲ့တယ်လို့ ဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းမှာ စစ်ကောင်စီက အာဏာသိမ်းဆန့်ကျင်သူတွေကို ဖိနှိပ်မှုတွေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းသူတွေလို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရသူတွေရဲ့ အရေးက စိုးရိမ်ဖွယ် မြင့်တက်လာနေတာပါ။

အရပ်သားတွေကို ကာကွယ်ပေးနိုင်တဲ့ ဒီယန္တရားဘယ်လို လက်တွေ့ အကောင်အထည်ဖော်ဖို့ရှိသလဲဆိုတာကတော့ အခုမှ ပထမဆုံးအကြိမ်တွေ့ဆုံမှု ဖြစ်တဲ့အတွက် ဆက်ပြီးညှိနှိုင်းကြရမယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) (KNU/KNLA-PC) က ဗိုလ်မှူးကြီး စောကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။

ဒီတင်ပြချက်တွေအပေါ် အာဆီယံ ကိုယ်စားလှယ်ဘက်က ဘယ်လို ပြန်လည် ဆွေးနွေးခဲ့တယ်၊ ကတိစကားတွေ ပေးခဲ့တယ် ဆိုတာကိုတော့ တိုင်းရင်းသား အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

ဒီအဖွဲ့တွေဟာ အာဆီယံအထူးသံတမန်ကို ခန့်အပ်စဥ်ကတည်းက ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားခဲ့တာပါ။

ဒါ့အပြင် အာဆီယံ အထူးသံတမန်နဲ့တွေ့တဲ့ အပစ်ရပ် ၇ ဖွဲ့ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

ဒါပေမဲ့ အာဆီယံ အထူကိုယ်စားလှယ်ရဲ့ တခြား တိုက်တွန်း ပြောဆိုထားမှုတွေကို စစ်ကောင်စီဘက်က လက်ခံလိုက်နာဆောင်ရွက်တာတွေ မရှိတဲ့ အတွက် အခု ခရီးစဉ်မှာလည်း ဘယ်လောက်အထိ သူစွမ်းဆောင်နိုင်မလဲ ဆိုတာ မေးခွန်းထုတ်နေကြပါတယ်။

ပုဂံမှာ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဖို့ရှိနေ

အခု တစ်ခေါက် ခရီးစဥ်မှာ စစ်ကောင်စီဥက္ကဋ္ဌ၊ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ခွန်းဟာ ဇူလိုင် ၄ ရက်မှာ မြန်မာနိုင်ငံ ပုဂံမြို့မှာ ပြုလုပ်မယ့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ ရှိတယ်လို့ ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး သတင်းထုတ်ပြန်ထားပါတယ်။

အဖွဲ့ဝင်နိုင်ငံ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာတို့ ပါဝင်မယ့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာ့အရေးမှာ မြန်မာ့အကျပ်အတည်း ပြေလည်ရေးကိုသာ အဓိကထားမယ်လို့ ပြောထားပြီး စစ်ကောင်စီနဲ့ ဆက်ဆံမှုတွေ ဆက်ရှိနေတဲ့ တရုတ်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီလည်း တက်ရောက်မှာ ဖြစ်ပါတယ်။ ကမ္ဘာဒီးယားဘက်က ထုတ်ပြန်ချက်အရ မစ္စတာ ပရတ်ဆော့ခွန်းဟာ ဆွေးနွေးပွဲတက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံတွေက အဖွဲ့တွေနဲ့ သီးခြားစီတွေ့ဆုံဖို့လည်း ရှိနေပါတယ်။

အဲဒီဆွေးနွေးပွဲကို ရောက်လာမယ့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ စစ်ကောင်စီ ဥက္ကဋ္ဌတို့ တွေ့ဆုံမလားဆိုတာကိုတော့ ထုတ်ဖော်ပြောထားကြခြင်း မရှိသေးပါဘူး။

ဒီတစ်ခေါက်ခရီးစဥ်ရော အလုပ်ဖြစ်မလား

ဇွန်လ ၃၀ ရက်မှာ စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ အာဆီယံအထူးသံတမန်တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ဇွန်လ ၃၀ ရက်မှာ စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ အာဆီယံအထူးသံတမန်တွေ့ဆုံ

အခြားတစ်ဖက်မှာတော့ အာဆီယံ အထူးသံဟာ နိုင်ငံရေးအကျပ်အတည်း ဖြစ်စဥ်မှာ ပါဝင်နေတဲ့ ဘက်အားလုံးကသူတွေ ၊ စစ်ကောင်စီတပ်တွေနဲ့ အဓိက တိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့အစည်း စတာတွေနဲ့ တွေ့ဆုံနိုင်မှု မရှိလို့ သူ့ရဲ့ ခရီးစဥ် အလုပ်ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းတွေကို ရှိနေပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပီဒီအက်ဖ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြောဆိုပြီး မနေ့က စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ အာဆီယံအထူးသံတမန် တွေ့ဆုံစဥ်မှာ ပီဒီအက်ဖ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို စစ်ကောင်စီဘက်က ပြောပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က တွေ့ဆုံမှုမှာလည်း အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်မှု တိုးတက်မှု အကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ပြောပေမဲ့ ဒေသတွင်း အာဆီယံနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ မြန်မာ့အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းဖို့ သဘောတူထားတဲ့ အဲဒီအချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည်ဖော်ဖို့နှေးကွေးနေတယ်ဆိုပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်တာတွေနဲ့ သံတမန်ရေးဝိုင်းဖယ်ကျဥ်မှုတွေ ပြုလုပ်ထားပါတယ်။