ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သားသမီးသေဆုံးတာ အွန်လိုင်းပေါ်က သိရတဲ့ မိဘတွေ ဖြေသိမ့်လို့မရ
အသက် ၁၇ နှစ်မပြည့်သေးတဲ့ မောင်ဖြစ်သူရဲ့ နောက်ဆုံး ခရီးကို လိုက်မပို့ရ၊ သင်္ဂြိုဟ်မပေးလိုက်ရ၊ ဘာဆို ဘာမှ မလုပ်ပေးနိုင်တဲ့ အပြင်၊ လုပ်ပိုင်ခွင့် မရှိခဲ့တာကို မဂျိုးစဖင်း တစ်ယောက် ယူကျုံးမရ ဖြစ်ရတာဟာ ၅ လခန့်ရှိပါပြီ။
ဘယ်လိုမှ ဖြေတွေးလို့ မရတဲ့ ခံစားချက် ဖြစ်မိတယ်၊ အဲဒီ အတွက်လည်း ပိုပြီး ရင်နာရတယ်လို့ သူက ဆိုပါတယ်။
"မိသားစုဝင်တွေထဲမှာ ဆုံးရှုံးရတာ သူက ပထမဆုံးပဲ၊ သူက အငယ်ဆုံးလေး၊ အဖေအမေတွေတောင် ရှိနေသေးတာလေ။ စစချင်းတော့ စိတ်ထဲမှာ မဖြစ်ပါစေနဲ့ မဟုတ်ပါစေနဲ့ ပေါ့နော်၊
ပုံမြင်ပြီးတာတောင်မှ လူမှားပါစေလို့ အဲလောက်အထိ မျှော်လင့်ထားတာ၊ သိလိုက်ရတဲ့ အချိန်မှာ ယူကျုံးမရဘူး။" လို့ သူကပြောပါတယ်။
လွန်ခဲ့တဲ့ ၅ လက စစ်ကောင်စီ တပ်ဖွဲ့တွေသတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့ လူငယ် ၆ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ကျော်စိုးရဲ့ အစ်မ မဂျိုစဖင်း ပြောခဲ့သလို ချစ်မြတ်နိုးရတဲ့ မိသားစုဝင် တစ်ယောက် သေဆုံးသွားပြီ ဆိုတာ လူတကာတွေ အွန်လိုင်းပေါ် တင်ပြီး ပြောနေကြတော့မှ သိရတဲ့ခံစားချက်က မိဘ မောင်နှမတွေ လက်ခံနိုင်ဖို့ ခက်ခဲလှပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်က မြို့ပေါ်ရပ်ကွက် ဖြစ်တဲ့ နာနတ်တော ရပ်ကွက်နဲ့ ကပ်လျက်သား ရေယို ကျေးရွာက နေအိမ်တစ်အိမ်ရဲ့ ခြံဝင်းထဲက အိမ်သာကျင်းထဲမှာ ဒေသခံတွေ တွေ့ခဲ့တဲ့ လူငယ် ခြောက်ယောက်ရဲ့ အလောင်းတွေထဲ ဒေးဗစ် ကျော်စိုးရဲ့ အလောင်းလည်း ပါဝင်ပါတယ်။
ဆယ်တန်းတက်မယ့် ကျောင်းသား ဒေးဗစ်ကျော်စိုးက သူမသေဆုံးခင် တစ်ရက် ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ကမှ အသက် ၁၇ နှစ် ကပြည့်ခဲ့တာပါ။
သတ်ဖြတ်ခံခဲ့ကြရသူ လူငယ် ခြောက်ယောက်က နာနတ်တော ရပ်ကွက်က ဆယ်ကျော်သက်အရွယ် ခွန်းယူဂျင်း၊ ဒေးဗစ်ကျော်စိုး၊ ဂျွန်ပေါလ်၊ ဖီဒေးလယ် တို့ သူငယ်ချင်း လေးယောက်နဲ့ နောင်ယား ရပ်ကွက်က အသက် ၂၀ ကျော် အရွယ် ကိုဘုန်းဘုန်း၊ တိုက်ခြောက်လုံး ရပ်ကွက်က ကိုထွန်းနိုင် တို့ဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ သူတို့ အလောင်းတွေကို ကျင်းထဲက ဆယ်ထုတ် ရာမှာ ပါဝင်သူတွေက ပြောပါတယ်။
အလောင်းတွေပေါ်မှာ ရိုက်နှက် ဒဏ်ရာတွေ၊ ကျည်ပေါက် ရာတွေ တွေ့ခဲ့ရသလို နှစ်ယောက်လောက်က ရင်ဝမှာ ကျည်ဆန်ရာတွေအပြင် လက်နဲ့ အရိုးအဆစ်တွေ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ ဆယ်ယူရာမှာ ကူညီသူ တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ကယားပြည်နယ်အတွင်း အရပ်သားတွေ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ ၂၃၉ ဦး ၊ စစ်ဘေးရှောင်နေစဥ်သေဆုံးသူ ၂၆ ဦးနဲ့ တိုက်ပွဲတွေ အတွင်းသေဆုံးခဲ့တဲ့ ဒေသလက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၂၈ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ အင်အားစုက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဖမ်းဆီးခံရတဲ့နေ့
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၆ နာရီခွဲ လောက်က နာနတ်တော ရပ်ကွက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်လာခဲ့ပြီးနောက်မှာ လူငယ်တွေ ဖမ်းဆီးခေါ်ဆောင်သွားခံရတာ ဒေသခံတချို့ တွေ့မြင်လိုက်ကြပေမဲ့ အဲဒီလူငယ်တွေ ဘယ်လို အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘယ်လို သတ်ဖြတ်ခံခဲ့ကြရတယ် ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်ကြပါဘူး။
"စစ်ကြောင်း ထိုးလာပြီ ဆိုတဲ့ အချိန်မှာ ဘယ်သူမဆို ကြောက်လွန်းလို့ ခေါင်း မဖော်ရဲကြဘူး၊ ကြောက်ကြတယ်။ ဘယ်သူမှ အပြင် မထွက်ရဲကြဘူး။ ပုန်းနေကြတယ်။" လို့ ဒေးဗစ်ကျော်စိုးရဲ့ အစ်မက ပြောပါတယ်။
သူတို့ မိသားစုတွေ အနေနဲ့ လူငယ်တွေ သေဆုံးသွားပြီဆိုတာ သိခဲ့ကြရပြီးမှ လက်လှမ်းမီသလောက် လိုက်လံ မေးမြန်းပြီး ဆက်စပ်ယူခဲ့ကြရတယ်လို့ ဆိုပါတယ်။
သူ့မောင်လေး အဖမ်းခံလိုက်ရတယ် ဆိုတာ ဇန်နဝါရီ ၂၆ ရက်နေ့ကသိလိုက်တယ်၊ ဘယ်လို စွပ်စွဲပြီး ဘယ်လို ဖမ်းတယ် ဆိုတာတော့ မသိဘူး၊ ဖြစ်နိုင်တာက PDF အဖွဲ့နဲ့ ဆက်စပ်တယ် ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေးဗစ် ကျော်စိုးရဲ့ အစ်မက ပြောပါတယ်။
သေဆုံးသူ လူငယ်တစ်ယောက်ဖြစ်တဲ့ ခူး ယူဂျင်းရဲ့ မိခင် ကတော့ သူ့သားနဲ့ သူငယ်ချင်းတွေ သေဆုံးခဲ့ရပြီးနောက်မှာ လိုက်စုံစမ်းပြီး သိရတာ တချို့ကို ဘီဘီစီကို ပြန်ပြောပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ်တွေက ဒီ ၆ ယောက်ထက်ပိုတယ်လို့ သူပြန်သိရကြောင်း ပြောပါတယ်။
အဲဒီနေ့က ခူးယူဂျင်းတို့ လူငယ်တွေ စုနေကြတဲ့ ခူးယူဂျင်းရဲ့ အဖွား နေအိမ်ကနေ သူတို့ကို ဖမ်းဆီးသွားတာ ဖြစ်ပြီး ရေယိုရွာက အိမ်တစ်အိမ်ဆီ သူတို့ကို ခေါ်သွားခဲ့တယ်၊ အိမ်က အဝတ်လှန်းတဲ့ ကြိုးတွေနဲ့ တုပ်ပြီး လမ်း တစ်လျှောက်လုံး ရိုက်နှက် ခေါ်ဆောင်သွားတာ မြင်ရတယ်လို့ မျက်မြင်တွေ့သူ တွေက သူ့ကို ပြန်ပြောတယ်လို့ ခူးယူဂျင်းရဲ့ မိခင်က ပြောပါတယ်။
သူ့သားဖြစ်သူကို လက်ထဲမှာ သေနတ် ရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတာလို့ သိရကြောင်း ခူးယူဂျင်းရဲ့ မိခင်က ပြောပါတယ်။ အဲဒီလို စွပ်စွဲတာ မမှန်ကန်ကြောင်းနဲ့ သူ့သားရော ကျန်တဲ့ သူ့သား သူငယ်ချင် လေးယောက်စလုံးမှာပါ ဘာအပြစ်မှ မရှိဘူးလို့ ပြောပါတယ်။
သူ့အနေနဲ့က သူ့သားနဲ့ အမြဲ တတွဲတွဲ နေကြတဲ့ သား ရဲ့ သူငယ်ချင်းတွေကို သားအရင်းတွေလို ရင်းနှီး ချစ်ခင် နေခဲ့တယ်လို့ ခူးယူဂျင်းရဲ့ မိခင်က ပြောပါတယ်။
မိသားစုလိုက် စစ်ဘေးရှောင်ကြ
ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေခဲ့တဲ့ ဇန်နဝါရီလ အတွင်း လွိုင်ကော်မြို့ပေါ်က ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်သွားခဲ့ကြပါတယ်။
ဒေးဗစ်ကျော်စိုးတို့ မိသားစုကတော့ တစ်အိမ်သားလုံး လွိုင်ကော်ကနေ ၁၀ ရက်နေ့က ထွက်ခွာသွားခဲ့ကြတာပါ။ ၂၃ ရက်နေ့မှာ ဒေးဗစ် ကျော်စိုးက ပစ်ထားခဲ့တဲ့ အိမ်ကို ပြန်ကြည့်မယ်၊ အိမ်မှာ မွေးထားတဲ့ ကြက်တွေ ဘဲတွေကို ပြန်ကြည့်မယ် ဆိုပြီး အိမ်ပြန်သွားခဲ့တာလို့ သူ့ အစ်မက ပြောပါတယ်။
ခူးယူဂျင်းကတော့ သူအဖမ်းခံရပြီး မသေဆုံးခင် နှစ်ပတ်နီးပါးကမှ ဖခင် သေဆုံးခဲ့တာဖြစ်ပါတယ်။ သူ့ဖခင်က အစာအိမ်ပေါက်ပြီး သေဆုံးရတာပါ။ အဲဒီ အချိန်က တိုက်ပွဲတွေ ဖြစ်နေလို့ ဆေးရုံကို အချိန်မီ မသွားနိုင်တဲ့ အတွက် အသက် ဆုံးရတာလို့ ခူးယူဂျင်းရဲ့ မိခင်က ပြောပါတယ်။
တခြား ဒေသခံတွေ အိုးအိမ်စွန့် ထွက်ခွာပြေးကြပေမဲ့ သူက မကျန်းမာတဲ့ ဖခင်ကို ဆေးခန်း ခေါ်သွားရတာ၊ ကုသပေးဖို့ စောင့်ရှောက် နေရတာဖြစ်လို့ တခြားဒေသခံတွေလို ထွက်မပြေးနိုင်ဘဲ ရင်း အဖွားအိမ်မှာ နေခဲ့တာလို့ ဆိုပါတယ်။
သတ်ဖြတ်ခံခဲ့ရတဲ့ လူငယ်တွေဟာ လက်နက်ကိုင်ဆောင်တာလည်း မရှိသလို PDF လို ဒေသ ကာကွယ်ရေးတပ်တွေနဲ့လည်း ဆက်စပ်မှု မရှိဘူးလို့ ခူးယူဂျင်းရဲ့ မိခင်က ပြောပါတယ်။
ဒေးဗစ်ကျော်စိုးရဲ့ အစ်မ ကလည်း သူ့မောင်လေးဟာ ဘောလုံးကန်တာကြိုက်တဲ့ ဘောလုံးရူးလေးဖြစ်ပြီး တခြားစိတ်ဝင်စားတာ ဘာမှ မရှိဘူးလို့ ပြောပါတယ်။ မောင်အငယ်ဆုံးလေးဖြစ်တဲ့ အတွက် သူ့ဖုန်းကို မကြာခဏ ယူစစ်ကြည့်တယ်၊ ဖုန်းထဲမှာ ဘောလုံးဂိမ်း တွေ၊ တစ်တော့ တွေက လွဲရင် ဘာမှ မတွေ့ဘူးလို့ ပြောပါတယ်။ သူ့ဖုန်းမှာ ပီဒီအက်ဖ်နဲ့ ဆက်စပ်တယ်လို့ ပြောရမယ့်ဟာ ဘာမှကို မရှိဘူးလို့ ပြောပါတယ်။
သေဆုံးပြီဆိုတာ လက်မခံနိုင်
"အမေဆိုလည်း ပုံတွေ့ပြီးတာတောင်မှ မဟုတ်လောက်ဘူး ထင်တယ်၊ မဖြစ်ပါစေနဲ့ လူမှားတယ်များ ဖြစ် ဦးမလားပေါ့လေ။ သူ့ရဲ့ အဝတ်အစားတွေ ဖိနပ်တွေ အရဆို မောင်လေးမှန်း သေချာသလောက် ဖြစ်သွားတော့ လက်မခံချင်ဘဲ အတည်ပြုလိုက်ရတယ်။"လို့ ဒေးဗစ် ကျော်စိုးရဲ့ အစ်မက ပြောပါတယ်။
ခူးယူဂျင်းရဲ့ မိခင်ကလည်း ဇန်နဝါရီ ၂၅ ရက်နေ့က အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ပို့စ် တခုမှာ ရေယိုရွာမှာ အလောင်းတွေ တွေ့ရတယ်၊ အဲဒီကို ဖြတ်မသွားကြနဲ့လို့ သတိပေးရေးထားတာ တွေ့ရပြီး နောက်ထပ် တွေ့ရတဲ့ ဓာတ်ပုံတွေမှာ သူ့သား သူငယ်ချင်း ဂျွန်ပေါလ်ကို တွေ့လိုက်ပြီး သူ့သားပုံကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်။
နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်နေတဲ့ မိခင် အနေနဲ့ သားဖြစ်သူ သေဆုံးသွားခဲ့ရပြီ ဆိုတာကို သိလိုက်ရလို့ ကြေကွဲရတဲ့ ခံစားချက်က ဘယ်လို စကားလုံးနဲ့မှ ပြောပြလို့ မရဘူး၊ အခုချိန် အထိလည်း လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
ဇွန် ၂၅ ရက်နေ့ဆို ၅ လ ပြည့်ပြီ
လွိုင်ကော်မြို့ပေါ် ရပ်ကွက်မှာ နေအိမ်စောင့်ရင်း ကျန်ခဲ့ကြတဲ့ လူငယ် ၆ ယောက် သေဆုံးခဲ့တာ အခု ၂၀၂၂ ခု ဇွန်လ ၂၅ ရက် ဆိုရင် ၅ လ ပြည့်ပါပြီ။
ကျန်ခဲ့တဲ့ ဘယ် မိသားစု တစ်ဦးတစ်ယောက်ကမှ အဲဒီ လူငယ်တွေရဲ့ အလောင်းကို မမြင်တွေ့ကြရသလို ကိုယ်တိုင် သင်္ဂြိုဟ်ခွင့်လည်း မရခဲ့ကြပါဘူး။
သေဆုံးတယ်လို့ သိလိုက်ရချိန်မှာ ဒီအလောင်းတွေကို ပိုင်ရှင်မဲ့တွေ အဖြစ် လေးမိုင် သင်္ချိုင်းမှာ သင်္ဂြိုဟ်ပြီးနေပြီလို့ ကျန်ရစ်တဲ့ မိသားစုတွေက ပြောပါတယ်။
အဲဒီ ရက်ပိုင်းက လွိုင်ကော်မှာ အခြေအနေက တောက်လျှောက် ဆက်ဆိုးနေ၊ သူတို့ ရှောင်နေတဲ့ နေရာကလည်း အိမ်နဲ့က ဝေးတဲ့အတွက် သွားမကြည့်နိုင်ဘူးလို့ မဂျိုစဖင်းက ပြောပါတယ်။
နောက်ပိုင်းမှာတော့ နာနတ်တော ရက်ကွက်က သေဆုံးသူ လူငယ် ခွန်းယူဂျင်း၊ ဒေးဗစ်ကျော်စိုး၊ ဂျွန်ပေါလ်၊ ဖီဒေးလယ် တို့ လေးယောက်ကို နာနတ်တော ရပ်ကွက်မှာပဲ ရိုးရာ အယူအဆ အရ အုတ်ဂူ လေးတွေ ယှဉ်ပြီး ပြန်လုပ်ထားပေးတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒီလို လုပ်တဲ့နေရာမှာလည်း ကျန်ရစ်တဲ့ မိသားစုတွေ အချင်းချင်း ညှိနှိုင်းရတာတွေ မိသားစုတွေ စုံလင်ဖို့၊ ဘာသာရေးအရ လုပ်ဖို့ စတာတွေကို တော်တော်လေး ညှိခဲ့ရပြီး ခက်ခက်ခဲခဲ လုပ်ခဲ့ရတယ်လို့ မဂျိုစဖင်းက ပြောပါတယ်။
လစဉ် တစ်လတစ်ခါ ဘုရားကျောင်းမှာ ဘာသာရေးအရ ဆုတောင်းမေတ္တာ ပို့သပေးတယ်လို့ သူက ဆိုပါတယ်။
"အမေက ယူကျုံးမရ ဖြစ်မိတယ်၊ သူ့သားလေး သေရတာ သူလွှတ်လိုက်မိလို့ ဖြစ်ရတာလို့ ပြောနေတယ်၊ တစိမ့်စိမ့်ပြန်တွေးမိပြီး စိတ်ထိခိုက်ရတယ်၊ အထွေးဆုံးလေး ဖြစ်တော့ မိဘနဲ့ မောင်နှမတွေ အားလုံးက နှမြောမိတယ်၊ လွှတ်လိုက်မိလို့ ဖြစ်ရတာ ဆိုပြီး အခုထိလည်း တွေးမိလိုက်ရင် နှလုံးသွေး ရပ်မတတ် ခံစားနေကြရတယ်" လို့ ဒေးဗစ် ကျော်စိုးရဲ့ မိသားစုက ပြောပါတယ်။
ခူးယူဂျင်းရဲ့ မိခင်ကတော့ သူ့သားလေး သေဆုံးသွားပြီ ဆိုတာကို အခု အချိန်အထိ လက်မခံနိုင်သေးပါဘူး။
"တော်လှန်ရေး ပြီးရင် သားများ ပြန်ပေါ်လာမလား ဆိုပြီး စောင့်နေတာပေါ့" လို့ ပြောပါတယ်။