ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပုသိမ် ရွှေသောင်ယံ စက်လှေမှောက်မှုက အသက်ရှင်လွတ်လာသူတွေကို ဖမ်းထား
ပုသိမ်မြို့နယ်ထဲက ရွှေသောင်ယံကမ်းခြေမှာ ပြီးခဲ့တဲရက်ပိုင်းက မုန်တိုင်းမိပြီး တိမ်းမှောက်ခဲ့တဲ့ စက်လှေပေါ်က အသက်ရှင်လွတ်လာသူ ၃၀ ကျော်ကို ရွှေသောင်ယံစခန်းမှာ ထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
ဒီလူတွေအများစုဟာ မောင်တော ဘူသီးတောင်ဘက်က ရိုဟင်ဂျာတွေဖြစ်တယ်လို့ သိရပါတယ်။
မေလ ၂၁ ရက်နေ့ ရွှေသောင်ယံကမ်းခြေ သဲကုန်းကျေးရွာအုပ်စုမှာ အဲဒီစက်လှေမှောက်ရာကနေ လွတ်မြောက်လာသူတွေထဲက ၅ ဦးကို စတင် တွေ့ရှိပြီး စစ်ဆေးခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီစက်လှေဟာ ရိုဟင်ဂျာ လူပွဲစားတွေကနေ မောင်တောမြို့နယ်၊ဘူသီးတောင်မြို့နယ်တို့ကနေ မလေးရှားကို ထွက်ဖို့အတွက် စုစည်းလာခဲ့တာဖြစ်ပြီး သူတို့ဟာ ပုဏ္ဏားကျွန်းမြို့အနီး ရခိုင်လူမျိုးတွေရဲ့ စက်လှေနဲ့ တစ်ဆင့်ထပ်ပြောင်းပြီး ထွက်ခွာလာခဲ့ရာမှာ မုန်တိုင်းမိပြီး စက်လှမြုပ်ခဲ့တာလို့ စစ်ကောင်စီဘက်က ပြောပါတယ်။
ဒီကနေ့အထိ စက်လှေမှောက်မှုမှာ သေဆုံးပြီးမျောလာသူ ရုပ်အလောင်း ၁၄ လောင်းကို ရရှိထားပြီလို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့နဲ့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေထံက သိထားရပါတယ်။
ရွှေသောင်ယံစခန်းမှာ ဖမ်းဆီးခံထားရသူအများစုဟာ အမျိုးသားတွေဖြစ်ပြီးတော့ သေဆုံးသူတွေ အများစုကတော့ အမျိုးသမီးတွေချည်းပဲဖြစ်ကြောင်း အသက်အကြီးဆုံး ၄၀ နှစ်ဝန်းကျင်ကနေ အသက် အငယ်ဆုံး ၁၄ နှစ်အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။
''ပင်လယ်ထဲ စက်လှေ ဝမ်းပေါက်ပြီး ဆုံးပါးကြတာလို့ သိရပါတယ်။ အမျိုးသား ၃၀ ကျော်ကိုလည်း အသက်ရှင်လျက် ကယ်ထားနိုင်ပါတယ်။ အလောင်းတွေကိုတော့ မနေ့ညနေပိုင်းမှာပဲ ပုသိမ်က အစ္စလာမ်ဘာသာရေးဆရာတွေက ဘာသာရေးထုံးတမ်းနဲ့အညီ လာရောက် သင်္ဂြိုဟ်ပေးသွားပါတယ်'' လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
သူတို့ဟာ ပွဲစားအကူအညီနဲ့ ရန်ကုန်ကနေတစ်ဆင့် မလေးရှားထွက်ဖို့ စုဝေးခရီးထွက်လာချိန်မှာ မုန်တိုင်းမိပြီး စက်လှေတိမ်း မှောက်ခဲ့ကြတာဖြစ်ပါတယ်။
သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေဟာ ဧရာဝတီတိုင်း ပုသိမ်မြို့ နယ်ထဲက ရွှေသောင်ယံ ကမ်းခြေမှာ မေလ ၂၁ ရက်နဲ့ ၂၂ ရက်မှာ သောင်လာတင်ခဲ့တာဖြစ်ပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေ ရှိသေးတယ်လို့ ဆယ်ယူကယ်ဆယ်ပေးခဲ့ရသူတွေရဲ့ ပြောပြချက်ကြောင့် ဒီကနေ့ မေလ ၂၄ ရက်နေ့အထိ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။
လှေပေါ်ပါတဲ့လူ အရေအတွက်အတိအကျကိုတော့ စစ်ကောင်စီဘက်အပြင် ရိုဟင်ဂျာတွေအရေး လိုက်ပါလုပ်ဆောင်ပေးနေသူတွေ ကိုယ်တိုင်တိတိကျကျ သိထားရတာမျိုးမရှိပါဘူး။
ရိုဟင်ဂျာတွေကို ပုသိမ်မြို့နယ်ထဲမှာတွေ့ရှိတာ အခုတစ်ကြိမ်က ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ရိုဟင်ဂျာ ၇၀ ကျော်လောက်ကို ပုသိမ်မြို့နယ်ထဲက ပင်လယ်ပြင်တွေမှာ တွေ့ရှိခဲ့လို့ ဖမ်းဆီးထားတာတွေ ရှိခဲ့ပါသေးတယ်။
အခုဖြစ်စဥ်ကတော့ မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေဟာ နေထိုင်နေရတဲ့ အကျပ်အတည်း အခက်အခဲကနေ လွတ်မြောက်ဖို့ ကြံမိကြံရာ ပြုလုပ်ရာကနေ အသက်ဆုံးပါးတဲ့အထိ ဖြစ်ကြရတယ်ဆိုတာကို ပြနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောထားပါတယ်။
ဖမ်းမိထားတဲ့သူတွေကို ရွှေသောင်ကမ်းခြေမှာပဲ တရားစွဲတင်ပြီး သူတို့အမှုကိုစစ်ကာ နေရပ်ပြန်လွှတ်ဖို့ ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
လူကုန်ကူးတဲ့သူကိုတော့ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပြီး အဲ့ဒီသူဟာ ရသေ့တောင်မြို့ဘက်က ဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းကနေ ရန်ကုန်နဲ့ ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာနေကြတဲ့ ရိုဟင်ဂျာတွေ မကြာခဏဆိုသလို ဖမ်းဆီးခံနေကြရတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ တခြားဒေသတွေကို ထွက်ခွာကြတဲ့အခါမှာ ကုန်းလမ်းနဲ့ရေလမ်းနှစ်ခုကို အဓိကအသုံးပြုကြပါတယ်။
ရေလမ်းကြောင်းကနေ စက်လှေတွေနဲ့ သွားလာသူတွေက ပိုမိုများပြားတာကို တွေ့ရပါတယ်။ လှေစီးပြီးသွား လာကြသူတွေထဲမှာ အရွယ်ရောက်ပြီးသူတွေအပြင် ကလေးငယ်တွေပါ ပါဝင်နေတာဖြစ်ပါတယ်။
စုံစမ်းမှုတွေအရ ဒါဟာ မိသားစုအလိုက် နေရပ်စွန့်ခွာကြသူတွေဖြစ်ကြပြီး နေရာသစ်မှာ အခြေချနေထိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ အခုလို ကလေးငယ်တွေနဲ့ အသက်စွန့်ပြီးသွားကြတာဖြစ်တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးမှုတွေနဲ့ ကြုံနေကြရပေမယ့် ရပ်တန့်သွားခြင်းမရှိဘဲ ပုံသဏ္ဍန်မျိုးစုံနဲ့ ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာသွားလာမှုတွေက ရှိနေဆဲဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဒေသခံတွေက တစ်ဆင့် သိရပါတယ်။