မန္တလေး မြေပြင်သပိတ်တွေ ပြန်ထွက်လာ

ဓာတ်ပုံ ရင်းမြစ်, Mandalay Revolution Strike
လုံခြုံရေးကြောင့် ရပ်နားသွားခဲ့တဲ့ မန္တလေးမြို့က စစ်အာဏာသိမ်း ဆန့်ကျင်ရေး မြေပြင်သပိတ်တွေ ဒီကနေ့မေလ ၁၉ ရက်နေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်။
သပိတ်ပြုလုပ်တဲ့ ရပ်ကွက်မှာ စစ်ကောင်စီသတင်းပေးကြောင့် လူစုခွဲခဲ့ရပေမယ့် အဖမ်းဆီးမခံရပဲ အောင်မြင်ခဲ့တယ်လို့ သပိတ်မှာပါဝင်လှုပ်ရှားသူတွေက ပြောပါတယ်။
"မြလိပ်တောင် ကိစ္စပြီးနောက်မှ အခုမှ မြေပြင်သပိတ်ပြန်ထွက်တာပေါ့။ ရတဲ့နေရာက လှုပ်ရှားနေမှာပဲ။ ဒီနေ့လည်း ရပ်ကွက်ထဲက လူတချို့က ဖုန်းဆက်နေပြီး လူစုခွဲတော့ဆိုလို့။ ပူးပေါင်းပါဝင်မှုက အများကြီးမဟုတ်ပေမယ့် အနည်းစုက ကျန်ပါသေးတယ်"လို့ မန္တလေးသပိတ်အင်အားစုမှာ ဦးဆောင်ပါဝင်သူတစ်ဦးက ပြောပါတယ်။
ဒီကနေ့(မေ ၁၉)မှာ မန္တလာသွေးတွေ ရဲရဲတောက် စစ်ဖိနပ်အောက်ဒူးမထောက် စာသားပါ စာတန်းကိုင်ဆွဲပြီး မြေပြင်သပိတ်ကို သပိတ်ပေါင်းစုံက အဖွဲ့ဝင်တွေ ပူးပေါင်းပြီး မန္တလေးမြို့မှာ ပြန်လည်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ တပ်ပေါင်းစုသပိတ်က တက်ကြွလှုပ်ရှားသူ ကိုသူရအောင် အပါဝင် ဓာတ်ပုံသတင်းထောက်တွေ ဖမ်းဆီးခံရတာ၊ ဧပြီလဆန်းမှာ မြေပြင်သပိတ်ပါဝင်သူ အနည်းဆုံး ရှစ်ယောက်ကို စစ်ကောင်စီက အင်အားသုံး ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဧပြီ ပထမအပတ် တစ်ပတ်အတွင်းမှာကို မန္တလေးမြို့တွင်းမှာ အယောက် ၃၀နီးပါး ဖမ်းဆီးခံရတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြကြပါတယ်။
မေလ ၃ရက်နေ့မှာ မြေပြင်သပိတ်လှုပ်ရှားသူ လူငယ်တစ်ချို့က မြလိပ်တောင်ထိပ်မှာ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ကြွေးကြော်စာတန်းကို ချိတ်ဆွဲခဲ့ပါတယ်။
နောက်နေ့မှာ စစ်အာဏာသိမ်း ထောက်ခံသူတွေက စာတန်းချိတ်ဆွဲခဲ့သူနှစ်ဦး သေဆုံးပြီဆိုကာ ဓာတ်ပုံနဲ့တကွ ဖြန့်ဝေခဲ့ပါတယ်။ သပိတ်မှာ ပါဝင်သူ လူငယ်တစ်ဦးက တောင်ထိပ်စာတန်းချိတ်သူတွေ ဘေးကင်းကာ အားလုံးပြန်ရောက်ရှိခဲ့တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
မေလ(၃)ရက်နေ့ ကပဲ မြို့ပြပြောက်ကျားတပ်ဖွဲ့က လူငယ်တချို့ဟာ မန္တလေးမြို့မှာ ဒဏ်ရာကုသနေစဉ် သတင်းပေးကြောင့် စစ်ကောင်စီနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး မိန်းကလေးတစ်ဦးအပါအဝင် လူငါးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေသူတွေကို မြို့ဒေသခံတွေက စောင့်ရှောက် ကူညီမှု အားနည်းခဲ့လို့ မြို့ပြလှုပ်ရှားသူတွေအတွက် စိတ်အနှောင့်ယှက်ဖြစ်စရာနဲ့ ကြုံတွေ့နေရတာ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
အဲ့ဒီနောက် မြို့ပြပြောက်ကျားတပ်ဖွဲ့ သုံးခုက မန္တလေးမြို့ပေါ်မှာ စစ်အာဏာသိမ်း လှုပ်ရှားမှု လုပ်ငန်းတွေကို စွန့်ခွာပြီလို့ ကြေညာချက် စာစောင်ထွက်ပေါ်ခဲ့ပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ အဖမ်းခံရပြီး နောက်ရက်တွေအတွင်း မန္တလေးမြို့မှာ ရပ်ကွက်အချို့က နေအိမ်တွေကို စစ်ကောင်စီက အင်အားသုံး စစ်ဆေး ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးမြို့အတွင်း အခြားမြို့တွေမှာ ပြုလုပ်လေ့မရှိတဲ့ လမ်းမတွေနဲ့ ရပ်ကွက်တချို့ကို ပိတ်ဆို့စစ်ဆေးတာ နေအိမ်တွေဝင်ရောက် ဧည့်စာရင်းစစ် ဖမ်းဆီးတာတွေက ဒီကနေ့ အထိ နေ့စဉ်လိုလို ဖြစ်နေပါတယ်။
ဒါ့အပြင် လူမသိဘဲ အဖမ်းခံရသူတွေ ရှိနေလို့ မြေပြင်သပိတ်ပါဝင်သူတွေ ထောက်ပံ့သူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။
မြေပြင်သပိတ်တွေ ကိုဖမ်းဆီးမှုတွေ တင်းကြပ်မှုတွေရှိနေပေမဲ့ စစ်အာဏာသိမ်းမှုကို အခွင့်ရရင် ရသလို ပြုလုပ်သွားမယ်လို့ လည်းသပိတ်မှာ ပါဝင်သူတွေက ပြောပါတယ်။
မြေပြင်သပိတ်တွေ မြို့ပြပြောက်ကျားအဖွဲ့တွေ မန္တလေးမြို့မှာ လှုပ်ရှားဖို့ အားနည်းလာတာဟာ မန္တလေးမြို့ရဲ့ မြို့နယ်တွေက ဒေသခံအများစု ပူးပေါင်းပါဝင်တာနည်းလို့ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေဘက်က မေလဆန်းက ပြောခဲ့ပါတယ်။
ဒီကနေ့ မေလ ၁၉ ရက်နေ့ မြေပြင်သပိတ်မှာ စစ်ကောင်စီ သတင်းပေးကြောင့် သပိတ်စစ်ကြောင်းလူစုခွဲခဲ့ရပေမယ့် ရပ်ကွက်နေ ပြည်သူ အချို့က တတ်နိုင်သမျှ ပူးပေါင်းပါဝင်တာကို တွေ့ရတယ်လို့ သပိတ်မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။








