အေအေဟာ ရခိုင်မှာ တိုက်ပွဲခေါ်နေတယ်လို့ စစ်ကောင်စီ ပြော

ရက္ခိုင့်တပ်တော် အေအေဟာ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခကို ဖိတ်ခေါ်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အေအေ အဖွဲ့အနေနဲ့ ၂၀၂၀ ခုနှစ် ရခိုင်မှာ တိုက်ပွဲတွေရပ်သွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်က အုပ်ချုပ်ရေးယန္တရားနဲ့ တရားစီရင်ရေးတွေမှာ ဝင်ရောက်နှောင့်ယှက်တာမျိုးတွေ ရှိနေတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့မေလဆန်းကစပြီး ရခိုင်ပြည်နယ်အတွင်းက ကျေးရွာတွေမှာ အေအေနဲ့ဆက်စပ်သူတွေကို စစ်ကောင်စီက ရှာဖွေမှု၊ စစ်ဆေးမှုတွေကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်ခဲ့တာ ရှိပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက် ကလည်း တောင်ကုတ်မြို့နယ်က ကျေးရွာတချို့မှာ ULA/AA ရဲ့ကျေးရွာ တာဝန်ခံတွေကို စစ်ကောင်စီတပ်တွေကနေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေမှုတွေရှိနေပြီး ကျေးရွာအနီးဝန်းကျင်တွေမှာလည်း ကင်းပုန်းဝပ်တာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မေလ ၁၈ ရက်နေ့ ညပိုင်းကတော့ ရခိုင်ပြည်နယ်က မြောက်ဦးမြို့ပေါ်မှာ သေနတ်သံတွေ ပြန်ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေရပ်သွားတဲ့ တစ်နှစ်ကျော်အတွင်း မြောက်ဦးမြို့မှာ သေနတ်သံတွေ ပြန်ကြားခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီပစ်ခတ်မှုဟာ စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်တဲ့ ခလရ ၃၇၈ တပ်ရင်းရဲ့ တပ်စခန်းနေရာ တစ်ခုဖြစ်တဲ့ ဘောင်းဒွပ်တောင်တန်းပေါ်ကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီအနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောဆိုကြပါတယ်။

မြောက်ဦးမြို့ရဲ့အခြေအနေဟာ တည်ငြိမ်နေတဲ့အခြေအနေရှိနေသလို နှစ်ဖက်တပ်တွေအကြား တစ်စုံတစ်ရာ ထိတွေ့မှုတွေလည်းမရှိတဲ့အချိန်မှာ စစ်ကောင်စီတပ်ကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ULA/AA ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစတဲ့ ယန္တရားတွေကို ထိခိုက်မှု စစ်ကောင်စီ တပ်တွေရဲ့ အနှောင့်အယှက်ပြုမှုတွေကြောင့် ဒေသတွင်းနှစ်ဖက်တပ်တွေအကြား တင်းမာမှုတွေလည်း မြင့်တက်လာနေသလို တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားလာနိုင်တယ်လို့ အေအေဘက်က အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်က နေထိုင်သူတွေကို သတိပေးပြောဆိုထားခဲ့ပါတယ်။

အေအေ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာမှာ ပြီးခဲ့တဲ့မေလဆန်းက အနောက်ပိုင်းတိုင်း တိုင်းမှူးကို နာမည်တပ်ပြီး သူ့ရဲ့လုပ်ရပ်တွေကြောင့် အာရုံနောက်နေရကြောင်း၊ သူနေတဲ့နေရာထိ လာတိုက်လို့ရတယ်ဆိုတဲ့ သဘောမျိုး စိန်ခေါ်တဲ့စာသား ရေးသားခဲ့ပါတယ်။

အနောက်ပိုင်းတိုင်း တိုင်းမှူးရဲ့ လုပ်ရပ်တွေက ဘာတွေလဲဆိုတာတော့ သူ့ထဲမှာ ပြောမထားပါဘူး။

ဒီသတင်းစာရှင်းလင်းပွဲမတိုင်မီကတော့ အေအေဗိုလ်ချုပ်ပြောဆိုမှုနဲ့ ပတ်သက်ပြီး "တိုက်ပွဲ မဖြစ်တာက ဒေသခံတွေရော၊ တပ်မတော်ရော၊ EAO တွေအတွက်ရော အားလုံးအတွက် ပိုပြီး အကျိုးရှိကြောင်း၊ အားလုံးက ထိန်းသိမ်းဆောင်ရွက်ရင် ပိုအကျိုးဖြစ်ထွန်းမယ်လို့ မြင်ကြောင်းနဲ့ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ပြောဆိုထားတာလည်းရှိကြောင်း" ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်တွေ့ဆုံမယ်ဆိုပြီး ကမ်းလှမ်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို မနက်ဖြန် မေလ ၂၀ ရက်မှာ စတင် ဖို့ရှိနေပါတယ်။

ဒီဆွေးနွေးပွဲကိုတော့ အေအေဘက်က တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တက်ရောက်ဖို့ရှိပြီးတော့ မနက်ဖြန်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရသူကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့ ရလဒ်တစ်ခုထွက်အောင် ဆွေးနွေးမယ်လို့ ဆုံးဖြတ်ထားကြောင်းပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ UWSA လို အင်အားကြီးအဖွဲတွေနဲ့လည်း စစ်ကောင်စီက တစ်ဖွဲ့ချင်းစီအကျိုးစီးပွားနဲ့ ဆက်စပ်ပြီး အပေးအယူတွေ လုပ်လာနိုင်တယ်လို့ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို စောင့်ကြည့်လေ့လာနေသူကပြောပါတယ်။

လာတက်တဲ့ အဖွဲ့တွေနဲ့ စစ်ကောင်စီဟာ သူတို့လိုချင်တဲ့ ရလဒ်တစ်ခုရသွားရင်တော့ ကျန်တဲ့အဖွဲ့တွေနဲ့ စစ်ကောင်စီရဲ့တိုက်ပွဲတွေက ပိုပြီးပြင်းပြင်းထန်ထန် တိုက်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်တပ်ဘက်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုအပါအဝင် အေအေ နယ်မြေတွေထဲအထိ လုပ်ဆောင်တဲ့ ဖမ်းဆီးမှု၊ ဒေသခံတွေအပေါ်သယ်ယူပို့ဆောင်ရေး၊ ရိက္ခာလမ်းပိတ်ဆို့ တာတွေကြောင့်လို့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်တာလို့ အေအေပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

စစ်တပ်နဲ့ ငြိမ်းချမ်းရေးမဆွေးနွေးဘူးလို့ ပြောပြီးတာနဲ့တစ်ပြိုင်နက်မှာပဲ NUG နဲ့တွေ့ဆုံကာ ဆွေးနွေးတာကို ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အေအေက ပြုလုပ်ခဲ့ပါတယ်။

အေအေနဲ့ NUG အကြားမှာ နှစ်ဖက်နားလည်မှု အပြန်အလှန်အသိအမှတ်ပြုမှုနဲ့ ဆက်ဆံနေခဲ့တာလို့ အေအေပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

စစ်တပ်နဲ့တော့ အရင်ကတည်းက ထားခဲ့ကြတဲ့ Gentleman Agreement နဲ့သာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကိုရပ်တန့်ထားတာဖြစ်ပြီး အခြားသဘော တူညီမှုတစ်စုံတစ်ရာကိုစာချုပ် စာတမ်းလက်မှတ်ရေးထိုး သဘောတူထားတာ တစ်စုံတစ်ရာမရှိဘဲ အေအေအနေနဲ့ ရပ်တည်နေတာလို့ သိရပါတယ်။

စစ်တပ်နဲ့ ငြိမ်းချမ်းရေးစကားမပြောဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်မှုတွေရှိလာရင်လည်း စစ်တပ်ရဲ့ရွေးချယ်မှုဖြစ်ပြီး အေအေအနေနဲ့တော့ လိုအပ်ရင် လိုအပ်သလို ပြန်လည်တုံ့ပြန်မယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

မနေ့ မေလ ၁၈ရက်နေ့ ည ၈နာရီခွဲကျော်က မြောက်ဦးမှာကြားရတဲ့ ပစ်ခတ်သံတွေဟာ မြောက်ဦးအခြေစိုက်စစ်တပ်စခန်းတွေဘက်က ပစ်ခတ်မှုသာဖြစ်တယ်လို့ အေအေဘက်က ဘီဘီစီကို တုံ့ပြန်ပြောပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးရှေးရှုပြီး လက်ရှိ အေအေရဲ့ လုပ်ဆောင်မှုတွေအပေါ်ကို သည်းခံပေးနေရတယ် လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

" ရခိုင်ပြည်သူလူထု ဒုက္ခ မရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်၊ အခုဖြစ်နေတာတွေနဲ့ပက်သက်ပြီး ရခိုင်ပြည်နယ်မှာ ပြဿနာဖြစ်ရင် တပ်မတော်ကို အဆိုးမဆိုပါနဲ့ "လို့ မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။