စစ်ကောင်စီကို ပြည်တွင်း ပြည်ပ အလုပ်သမားတွေ ဆန့်ကျင်ကြတဲ့ မေဒေးနေ့

အသက်နှစ်ဆယ့်လေးနှစ်အရွယ်၊ မဟေမာန် (အမည်လွှဲ)ဟာ အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ မေဒေးနေ့ အလုပ်သမားနေ့မှာတောင် စက်ရုံအလုပ်ဆင်းနေရပါတယ်။ တစ်ရက်တာ အချိန်ပိုဆင်းခ မြန်မာကျပ်ငွေ (၉၆၀၀)ဟာ သူ့အတွက်မက်လောက်စရာဖြစ်နေခဲ့ပြီး မနားမနေ အလုပ်လုပ်နေခဲ့ပါတယ်။

"ပင်ပန်းတာပေါ့ ဒါပေမဲ့ နှစ်ဆရတယ်လေ၊ ဒီတစ်လလုံးဆို တစ်ရက်မှ မနားရသ‌လောက်ပဲ သင်္ကြန်ပိတ်ရက်လည်း ရှိတယ်ဆိုတော့ အချိန်ပိုကြေးရတယ်လေ။ ဒီလိုမနားဘဲဆင်းမှ လစာ၂သိန်း ၆သောင်း လောက် ရပြီး အိမ်စရိတ်ကာမိမှာ" လို့ မဟေမာန်တစ်ယောက် ဘီဘီစီကိုပြောပါတယ်။

သူရဲ့ဝင်ငွေကို မိသားစုရှစ်ဦးက မှီခိုနေရပြီး မိသားစုစားဝတ်နေရေးဖူလုံဖို့ဆိုတဲ့ တာဝန်ကြီးကိုလည်းသူက တာဝန်ယူထားရကြောင်းပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် အလုပ်အကိုင်အခွင့်အလမ်းတွေရှားလာသလို ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒဏ်ကြောင့် လက်ရှိလုပ်နေတဲ့အလုပ်မှာ သည်းခံပြီး ကြိုးစား လုပ်ကိုင်နေရတယ်လို့ မဟေမာန်ကပြောပါတယ်။

"အချိန်ပိုမဆင်းနိုင်ဘူးငြင်းရင် ငါ့ကိုငြိုငြင်ပြီး အလုပ်ထုတ်မလား စိုးရိမ်နေရတယ်။ အရင်အာဏာမသိမ်းခင် လုပ်ခဲ့တဲ့စက်ရုံမှာက သမဂ္ဂဦးဆောင်သူလုပ်ပေမဲ့ အခုတော့အဲ့ဒါ လုပ်ခဲ့တာ လူမသိ‌အောင်နေ နေရတယ်။ ဘယ်အချိန် လာဖမ်းမလဲကလည်း မသိဘူးလေ" လို့ လက်ရှိ ရွှေပြည်သာ စက်မှုဇုန် (၂)ထဲက စက်ရုံတစ်ရုံမှာ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်နေတဲ့ သူက ဆက်ပြောပါတယ်။

မဟေမာန်လို မြန်မာနိုင်ငံ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေရဲ့ လစာကို မှီခိုနေရသူမိသားစုတွေဟာ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ သန်းနဲ့ချီပြီးရှိပါတယ်။

မဟေမာန်ဟာ အာဏာမသိမ်းခင်က ရွှေပြည်သာစက်ရုံတစ်ရုံရဲ့ အလုပ်သမားသမဂ္ဂတာဝန်ရှိသူဖြစ်ပြီး စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုလည်း ပါဝင်ခဲ့သူပါ။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ မတ်လ (၁၄)ရက်၊ ရွှေပြည်သာမြို့နယ်က သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရပြီး စက်ရုံတွေ မီးလောင်ကျွမ်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်တော့ မဟေမာန်တစ်ယောက် စက်ရုံပြောင်းကာ အရင်လုပ်ဆောင်ခဲ့တာတွေကို လူမသိအောင် သိုသိုသိပ်သိပ်နေ နေရပါတယ်။

"မှတ်မှတ်ရရ မတ်လ (၁၄)ရက်၊ သပိတ်အတူ လိုက်တဲ့သူငယ်ချင်းက မျက်စိရှေ့တင် အထက်တန်းကျောင်း ရှေ့မှာ ကျသွားတယ်။ အလုပ်လုပ်တဲ့စက်ရုံလည်း မီးလောင်တော့ ပိတ်သွားခဲ့ပေမဲ့ ပြန်ဖွင့်တော့လည်း အလုပ်ဆက်မလုပ်ဖြစ်တော့ဘူး။ သမဂ္ဂ လုပ်ခဲ့သူတွေကို သူတို့က ပြဿနာရှာမှာ သေချာတယ်လေ"လို့ သူ့ရဲ့ စက်ရုံပြောင်းလဲ လုပ်ကိုင်ခဲ့ရတဲ့အခြေအနေကို မဟေမာန် ပြောပြနေခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်းပြီးလပိုင်းအတွင်း အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ သမဂ္ဂ၊ အဖွဲ့အစည်းစတဲ့အဖွဲ့ ပေါင်း (၁၈)ဖွဲ့ကို စစ်ကောင်စီကနေ တရားမဝင်အဖွဲ့အစည်းတွေအဖြစ် ထုတ်ပြန်ခဲ့တဲ့ နောက်ဆက်တွဲ စက်ရုံတွေမှာ အသင်းအဖွဲ့ ဖွဲ့ခွင့် ဆုံးရှုံးလာတာကနေ အခုဆို မဟေမာန်တို့လို အလုပ်သမားအခွင့်အရေးပြောခဲ့သူတွေပါ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် အလုပ်မပြုတ်ရေးကိုသာ ဦးစားပေးနေရတဲ့ သာဓကတွေပဲ ဖြစ်ပါတယ်။

"အရင်က အလုပ်သမားအခွင့်အရေးတွေပြောခဲ့ပေမဲ့ အခုတော့မပြောဖြစ်တော့ဘူး။ အလုပ်အကိုင်ရှားပါးလာတယ်လေ ဒီအလုပ် ဆက်လုပ်ဖို့လိုတယ်" လို့ မ‌ဟေမာန်က ပြောပါတယ်။

ဒါကြောင့်အလုပ်သမားတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ရပ်တည်ဖြေရှင်းပေးနိုင်တဲ့ အသင်းအဖွဲ့တွေ မရှိတော့ဘဲ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ဆက်တိုက် ရှိလာတာလို့ အလုပ်သမားတွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက အခိုင်အမာ ပြောနေကြပါတယ်။

ပြည်တွင်းအလုပ်သမားတွေရဲ့ အဓိက အခက်အခဲကဘာလဲ။

ပြည်တွင်း အလုပ်သမားတွေကို တရားဝင်သတ်မှတ်ပေးထားတဲ့ တစ်ရက် မြန်မာငွေကျပ် (၄၈၀၀)ဟာ အခုလက်ရှိ ကုန်စျေးနှုန်း ကြီးမြင့်လာမှုတွေအရ ဖူလုံတဲ့လုပ်ခ လစာမဖြစ်တော့ဘူးလို့ အလုပ်သမားတွေက ဆိုပါတယ်။ ဒါကြောင့် လုပ်အားခ မလုံလောက်တာနဲ့ ကုန်စျေးနှုန်းမြင့်တက်လာတဲ့ဒဏ်ကို အလုပ်သမား အများစု ရင်ဆိုင်နေရတာပါ။

"၄၈၀၀ဆိုတာ အရင်တစ်ရက် သုံးဒေါ်လာပေါ့၊ အရင်အစိုးရ လက်ထက်ကတည်းက ထပ်တိုးဖို့ တောင်းဆိုခဲ့တယ်၊ အခုတော့ငွေစျေးနဲ့ တွက်မယ်ဆို တစ်ရက်ကို တစ်ဒေါ်လာကျော် နှစ်ဒေါ်လာနီးပါးပဲ ရတဲ့သဘောဖြစ်နေပြီ၊ ကုန်စျေးနှုန်းကကျ ဆီတစ်ဘူး ၁၀၀၀ ကနေ ၂၀၀၀စျေး တက်ပြီ လေ၊ ဘယ်လိုလောက်မလဲ" လို့ အလုပ်သမားလခနဲ့ ပတ်သက်ပြီး သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် (STUM) ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

အလုပ်သမားအခွင့်အရေး အခြေအနေကို ပြန်ကြည့်ရင်လည်း အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း လုပ်ငန်းခွင်ထဲ အလုပ်သမားတွေကို အကြောင်းပြချက်မရှိဘဲ အလုပ်က ထုတ်ပယ်တာ၊ ခွင့်ရက်မရှိဘဲ အလုပ်က ထုတ်ပယ်တာ၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ခံစားခွင့် မပေးတာအပြင် အကျိုးစီးပွားဆိုင်ရာသဘော တူစာချုပ်တွေပါ ချိုးဖောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အချိန်ပို (OT) ကြေးမပေးဘဲ ဖိအားပေးခိုင်းစေ၊ ခြိမ်းခြောက်တာ စတဲ့လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ပြုလုပ်နေတယ်လို့ မေလ (၁)ရက်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမဂ္ဂများအဖွဲ့ (CTUM) က ထုတ်ပြန်ပါတယ်။

"အလုပ်သမား ပြဿနာတက်လို့ လေဘာရုံးသွားမယ်ဆိုရင် ဦးစီးနဲ့တွေ့ခွင့်မရတာက များတယ်၊ ရက်တွေ ဆက်တိုက်သွားရရင် တစ်ဖက်အလုပ်ရုံက ရက်ကြေးတွေပျက်မှာဆိုတော့ အလုပ်သမားက မသွားတော့ဘူး။ အခွင့်အရေးချိုးဖောက်ခံရလည်း အလုပ်ပြုတ်မှာကို အဓိကစိုးရိမ်ပြီး ဆက်လုပ်နေကြတယ်" လို့

လက်ရှိ ပြည်တွင်းအလုပ်သမားတွေရဲ့ အခက်အခဲနဲ့ပတ်သက်ပြီး သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဒါရိုက်တာဒေါ်မျိုးမျိုးအေးက ပြောပြပါတယ်။

ဒီလို အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရတာ ဆက်တိုက်ရှိနေတဲ့အပြင် အရင်အစိုးရလက်ထက်တွေမှာ ရခဲ့တဲ့ လွတ်လပ်စွာ ထုတ်ဖော်တောင်းဆို ဆန္ဒပြတဲ့အခွင့်အရေးကိုလည်း လုံးဝဆုံးရှုံးခဲ့တာမျိုးတွေက ထင်သာမြင်သာရှိနေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေးလုပ်ရှားသူတွေက ပြောပါတယ်။

အာဏာသိမ်းကာစ လပိုင်းအတွင်းကတည်းက အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ သမဂ္ဂ၊ အဖွဲ့အစည်း စတဲ့အဖွဲ့ ပေါင်း (၁၈)ဖွဲ့ကို စစ်ကောင်စီကနေ တရားမဝင် အဖွဲ့အစည်းတွေအဖြစ် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အလုပ်သမားတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ရပ်တည်ဖြေရှင်းပေးနိုင်တဲ့ အသင်းအဖွဲ့တွေမရှိတော့ဘဲ အခုလို အခွင့်အရေး ချိုးဖောက်ခံရတာတွေ ဆက်တိုက်ရှိလာနေတယ်လို့ သူတို့ကပြောပါတယ်။

"အလုပ်ရှင်ကလည်း တစ်ခုခုဆို ရဲခေါ်လိုက်မယ်၊ စစ်တပ်ခေါ်လိုက်မယ်နော်။ ဒါမျိုးတွေ လုပ်လာတယ်၊ ကျွန်မတို့ဘက်ကလည်း သုံးပွင့်ဆိုင် ဆွေးနွေးတာတွေကိုမလုပ်ဘူး" လို့ အလုပ်ရှင်၊ အလုပ်သမားနဲ့ အလုပ်သမားရေးရာညှိနှိုင်းရေးဌာနတွေကြား လက်ရှိအခြေအနေကို ဒေါ်မျိုးမျိုးအေးက ဆက်ပြောပါတယ်။

အလုပ်သမားဘဝသာယာဖို့ တိကျတဲ့မူဝါဒလိုအပ်နေပြီ

၂၀၂၂ခုနှစ်၊ မေလ (၁)ရက်နေ့မှာ ကျရောက်တဲ့ (၁၃၂)ကြိမ်မြောက် အလုပ်သမားနေ့ (မေဒေး) ထုတ်ပြန် ကြေညာချက်တွေမှာတော့ အလုပ်သမားတွေကို အသိအမှတ်ပြုဖို့နဲ့ တိကျတဲ့ မူဝါဒတွေ ချမှတ်ဖို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေကနေ တောင်းဆိုခဲ့ကြ ပါတယ်။

ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ထောင်နိုင်ဖို့အတွက် ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပြီး အဲ့ဒီဖွဲ့စည်းပုံထဲမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ထည့်သွင်းပြဌာန်းပြီး လက်တွေ့အကောင်အထည်ဖော်နိုင်မှသာ အခွင့်အရေးတွေ ရရှိနိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားရေးရာဝန်ကြီးဌာနက ဦးစီးလုပ်တဲ့ မေလ (၁)ရက်၊ အလုပ်သမားနေ့ အခမ်းအနားမှာလည်း အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေက အလုပ်သမားတွေဘဝ သာယာဖို့ တိကျတဲ့ မူဝါဒ သတ်မှတ်ပေးဖို့ကို အဓိကထား ထောက်ပြခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ လုပ်ငန်းခွင်အေးချမ်းသာယာစေဖို့နဲ့ ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက် လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုတွေ လျော့နည်းနိုင်ဖို့ သုံးပွင့်ဆိုင် ဆွေးနွေးရေးနဲ့ အလေးထား ဖြေရှင်းပေးနေတယ်လို့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလာပါတယ်။

လက်တွေ့မှာတော့ ဒီစစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ နိုင်ငံတကာ သဘောတူညီချက်ပါ အချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေတဲ့အပေါ်မှာ စုံစမ်းစစ် ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်း‌ဆောင်ရွက်မယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့က မတ်လ (၂၅)ရက်မှာ ဆုံးဖြတ်ထားပါတယ်။

ဒီလို ILO ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးမှာကို စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေဘက်ကတော့ လိုအပ်တဲ့ အချက်အလက်တွေရရှိနိုင်ဖို့ ကူညီပေးသွားမယ်လို့ တုံ့ပြန်ထားကြပါတယ်။

မြေပြင်မှာတော့ ကိုဗစ်ရိုက်ခတ်မှုကြောင့်ရော အာဏာသိမ်းနောက်ဆက်တွဲအခြေအနေတွေကြောင့်ပါ မြန်မာနိုင်ငံလူဦးရေ ၁.၆သန်းဟာ အလုပ်အကိုင်ဆုံးရှုံးပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ ILO ရဲ့စစ်တမ်းအရ တွေ့ရပါတယ်။

ပြည်ပက ရွှေ့ပြောင်းမြန်မာလုပ်သားတွေမှာလည်းအခက်အခဲတွေနဲ့ရင်ဆိုင်နေရ

မြန်မာ ရွှေ့ပြောင်းလုပ်သားအများစုရှိနေတဲ့ ထိုင်းနဲ့မလေးရှားနိုင်ငံတို့မှာ အာဏာသိမ်းပြီးနောက် အဓိကရင်ဆိုင်ရတဲ့ အခက်အခဲဟာ မြန်မာသံရုံးနဲ့ အဆင်မပြေမှုတွေ ဖြစ်နေတာလို့ ပြည်ပအခြေစိုက် အလုပ်သမားအရေးလှုပ်ရှားသူတွေက ဘီဘီစီကို ပြောပါတယ်။

ရွှေ့ပြောင်း မြန်မာလုပ်သားဦးရေခန့်မှန်း(၈)သိန်းကနေ (၉)သိန်းကြားမှာရှိတဲ့ မလေးရှားနိုင်ငံမှာဆိုရင်လည်း အာဏာသိမ်းပြီးနောက် အလုပ်သမားတိုင်ကြားမှုတွေရဲ့ (၈၀)ရာခိုင်နှုန်းနီးပါးဟာ မြန်မာသံရုံးနဲ့ အဆင်မပြေတဲ့ ကိစ္စတွေ ဖြစ်တယ်လို့ မလေးရှားအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားရေးရာကော်မတီ (MMWC) ဥက္ကဋ္ဌ ဒေါ်သူဇာမောင်က ဆိုပါတယ်။

"ပက်စပို့ သက်တမ်းမတိုးပေးတာတွေ၊ သံရုံးကို သွားရင် မြန်မာပြည်ကျန်ခဲ့တဲ့ မိသားစုတွေကို မစိုးရိမ်ဘူးလားလို့ ခြိမ်းခြောက်တဲ့သဘော ပြောဆိုတာတွေ၊ သံရုံးထဲပိတ်ပြီး စစ်ဆေးမှုတချို့ လုပ်ခဲ့တာတွေ တိုင်ကြားမှုက သံရုံးနဲ့ပတ်သက်ပြီး အများဆုံးပဲ။ တခြား လုပ်ခလစာကိစ္စတွေက (၁၁)ရာခိုင်နှုန်းကျော်ပဲရှိမယ်" လို့ ဒေါ်သူဇာမောင် သူ့ကော်မတီမှာ လက်ခံရရှိထားတဲ့ တိုင်ကြားမှုအခြေအနေတွေကို ပြောပါတယ်။

"၅၀၅ တန်းစီ အထုတ်ခံရတာလည်း မလေးရှားရောက် မြန်မာတွေ ပထမဆုံးပဲ။ကိုယ့်သံရုံးက မြန်မာပြည်သူတွေကို အခုလိုတွေလုပ်နေတာကို မလေးရှားအစိုးရ၊ ပါလီမန် ဒါတွေကို အမြဲ ကျွန်မတို့ဘက်က သတင်းပို့တယ်၊ အရေးယူဖို့ရှိမရှိ နောက်ဆက်တွဲကတော့ သူတို့အပိုင်းပေါ့"လို့ ဒေါ်သူဇာမောင်က ဆက်ပြောပါတယ်။

မြန်မာလုပ်သား (၄)သန်းကျော်လောက် ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာလည်း ဒီအလုပ်သမားအရေး ဖြေရှင်းပေးဖို့ ဆိုပြီး အာဏာသိမ်းစစ်ကောင်စီ အလုပ်သမားသံအရာရှိ (၅)ဦးကို ပြီးခဲ့တဲ့လတွေကနေ စေလွှတ်ခဲ့ပေမဲ့ ထိရောက်မှုမရှိဘူးလို့ ဆိုကြပါတယ်။

"ဒီ (၅)ဦးက ထိုင်းနိုင်ငံက (၇၇)ခရိုင်မှာ ပြန့်ကြဲနေတဲ့ မြန်မာအလုပ်သမားကိစ္စကို ဖြေရှင်းနိုင်ဖို့ ရှိမှာ မဟုတ်ဘူးဗျ။ နှစ်ပေါင်းများစွာ လုပ်နေတဲ့အဖွဲ့တွေ လုပ်တာတောင် အမှုအခင်းကိစ္စက မလျော့နိုင်တာ၊ အခုလို လူအနည်းငယ်နဲ့က မလုပ်နိုင်ပါဘူး။ အာဏာသိမ်းပြီး‌နောက်မှ ရောက်လာတဲ့ လုပ်သားတွေနဲ့ အသားတကျလည်း ထဲထဲဝင်ဝင် သွားလာလုပ်ကိုင်နိုင်တဲ့ အနေအထားလည်း မမြင်တွေ့ရသေးပါဘူး" လို့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRM ရဲ့ အကြံပေးအရာရှိ ဦးအောင်ကျော်က ပြောပါတယ်။

ဒါပေမဲ့ မေလ (၁)ရက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့သဝဏ်လွှာမှာတော့ ပြည်ပနိုင်ငံမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့အညီ ရပိုင်ခွင့်တွေ ရရှိခံစားနိုင်ဖို့ လုပ်သား အများစုရှိနေတဲ့ တောင်ကိုရီးယား၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်သမားအရာရှိတွေ ခန့်အပ်ပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိတယ်လို့ စစ်ကောင်စီခေါင်း ဆောင်က ထည့်သွင်းပြောထားပါတယ်။

မြန်မာ လုပ်သားသန်းချီရှိနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေထပ်မံကြုံတွေ့နေရတာက အရင်အစိုးရ လက်ထက်တွေမှာ တရားဝင် အစိုးရချင်းချိတ်ဆက်လာရောက်သူတွေ သက်တမ်းကုန်ဆုံးတဲ့အခြေအနေ၊ ထိုင်းနိုင်ငံတွင်း ကုန်စျေးနှုန်းမြင့်တက်တာကြောင့် လုပ်ခလစာမလုံလောက်တာအပြင် နယ်စပ်ဂိတ်တွေကနေ နေ့စဉ်လိုလို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားအရေး တွေဖြစ်တယ်လို့ အလုပ်သမားအခွင့်အရေး ဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။

"ထိုင်းအစိုးရ ဖမ်းမိတဲ့ကိန်းဂဏန်းကိုပဲကြည့်ရင် ၂၀၂၁ခုနှစ်တစ်နှစ်လုံးမှာ ၆၅၀၀၀ခန့်ရှိတယ်၊ ဒီ ၂၀၂၂ ခုနှစ်ထဲမှာ တစ်လကို ၄၀၀၀ နီးပါး တရားမဝင် ဝင်လာကြတယ်၊ ဖမ်းမမိတာတွေ ဘယ်လောက်တောင် ရှိနေမလဲ ရေတွက်လို့မရနိုင်ဘူး" လို့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် MWRM ရဲ့ အကြံပေးအရာရှိ ဦးအောင်ကျော်က ပြောပါတယ်။

"ထိုင်းအစိုးရက တရားဝင်မြန်မာလုပ်သားခေါ်ဖို့ ဒီနှစ်အစထဲက လုပ်တယ်၊ ညှိနှိုင်းလို့မရတော့ အခုထိ မပို့ နိုင်ဘူး။ တရားမဝင် ဝင်တာတွေကလည်း မနည်းဘူးဖြစ်နေတယ်၊ မြန်မာဘက်ကတော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ ထိုင်းဘက်ကနေ ဒီတရားမဝင်ဝင်လာသူတွေ အတွက် သတ်မှတ်ချက်တစ်ခု လုပ်သင့်တယ်" လို့ ဦးအောင်ကျော်က သူ့အမြင်ကို အခုလို ပြောပါတယ်။

အခု ၂၀၂၂ခုနှစ်၊ မေလ (၁)ရက် အလုပ်သမားနေ့မှာတော့ ထိုင်းရောက်မြန်မာတွေဟာ ထိုင်းနိုင်ငံအစိုးရ အလုပ်သမားဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး လုပ်ခလစာတစ်ရက်ကို (၄၉၂)ဘတ် ရရှိဖို့အပြင် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ရဖို့အတွက်ပါ တောင်းဆိုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံအလုပ်သမားရေးရာဘက်ကတော့ မြန်မာလုပ်သားတွေရဲ့ ဒီ‌တောင်းဆိုမှုတွေကို လာမယ့်စက်တင်ဘာလမှာ အကြောင်းပြန်ကြားဖို့ရှိပါတယ်။

ဒီလို ထိုင်းအလုပ်သမားရေးဝန်ကြီးဆီ စာပို့တာအပြင် ဘန်ကောက်မြို့ရဲ့ လမ်းမထပ်မှာ အလုပ်သမားနေ့ အဖြစ်ရော အာဏာသိမ်းမှုဆန့်ကျင်ရေးအတွက်ပါ ထိုင်းရောက် မြန်မာ ရာချီပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

ဒါဟာ ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေရော ပြည်ပမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို တစ်နှစ်ကျော်ကြာတဲ့အထိ တစိုက်မက်မက်လုပ်နေကြဆဲ အခြေအနေဖြစ်တယ်လို့ အလုပ်သမားတွေက ထောက်ပြကြပါတယ်။

အစိုးရအဆက်ဆက် အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝမရခဲ့၊ အလုပ်သမားတွေရဲ့ အသံကို နားထောင်မှုမရှိကြတဲ့ အကျပ်အတည်းအပြင် အာဏာသိမ်းစစ်အစိုးရကြောင့်ပါ နောက်ဆက်တွဲ ဖိနှိပ်မှုတွေကို မလိုလားတာကြောင့် အလုပ်သမားတွေဟာ ဒီအာဏာသိမ်းမှုကို ဆန့်ကျင်နေကြတာလို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ပြည်တွင်းရော ပြည်ပမှာရှိတဲ့ မြန်မာအလုပ်သမားတွေ ဘဝလုံခြုံမယ့် အာမခံချက်တွေရရှိဖို့ အာဏာသိမ်းပြီးနောက်ပိုင်း ဝေးသထက်ဝေးကွာလာခဲ့ပြီလို့ အလုပ်သမားတွေက ယုံကြည်ထားကြပါတယ်။