ကိုဗစ်ပိတ်ရက် အထည်ချုပ် အလုပ်သမားတွေ လစာရဖို့ မ‌သေချာ

ရန်ကုန်မှာရှိတဲ့ အထည်ချုပ်လုပ်သား အများစုဟာ စက်တင်ဘာလ ၂၄ ရက်နေ့မှာ စတင်မယ့် Stay Home ကာလ အလုပ်ပိတ်ရက်တွေမှာ လုပ်ခလစာရဖို့ မသေချာဘူးလို့ အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့ အလုပ်သမား အရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။

အခုလောလောဆယ်တော့ စက်ရုံတွေဘက်က ပိတ်ဖို့ပဲရှိပြီး အလုပ်သမားတွေ လစာနဲ့ ပတ်သက်လို့ အစိုးရဘက်က ညွှန်ကြားချက်ကို စောင့်နေတုန်းဖြစ်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းက၊ ရွှေစင်အေး အထည်ချုပ် စက်ရုံပိုင်ရှင် ဦးမောင်မောင်က ပြောပါတယ်။

အစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး (ကိုကိုးကျွန်းမပါ)ကို Stay at home(မိမိအိမ်တွင်သာ နေရန် ) ထုတ်ပြန်ခဲ့ပြီး CMPလုပ်ငန်းများကို အောက်တိုဘာလ ၇ ရက်နေ့အထိ နှစ်ပတ်ခန့်ရပ်နားမည်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် တစ်ခုတည်းမှာကို အထည်ချုပ်လုပ်ငန်းကို မှီခိုနေတဲ့ အလုပ်သမား ၅ သိန်းကျော် ရှိတယ်လို့လည်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကနေ သိရပါတယ်။

ရန်ကုန်တိုင်းမှာ နေအိမ်မှာပဲ နေကြဖို့ Stay at Home အမိန့်ထုတ်ထားတဲ့ ကာလအတွင်း ခြွင်းချက်အနေနဲ့ အပြင်ထွက် အလုပ်ခွင့်ရမယ့် အလုပ်အကိုင်တွေကို ကျန်းမာရေးဝန်ကြီးဌာနကစက်တင်ဘာလ ၂၃ ရက်နေ့က ထပ်မံဖြည့်စွက် ခွင်ပြုခဲ့ပါတယ်။

ကနဦးကတော့ ဘဏ်နဲ့ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ စားသောက်ကုန် နဲ့သားငါးအအေးခန်းလုပ်ငန်းတွေ ၊ ဆေးဝါးနဲ့ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချ တဲ့ လုပ်ငန်းတွေ ၊ ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချ ရေးလုပ်ငန်းတွေ နေ့စဉ် တစ်ကိုယ်ရည်သုံး ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေလုပ်ငန်းတွေကို ခွင့်ပြုပေးခဲ့ပါတယ်။

အဲဒီနောက် လေကြောင်းလိုင်း အပါအဝင် လေကြောင်းလိုင်းဝန်ဆောင်မှုလုပ်ငန်းတွေ ၊အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်လာပါတယ်။

ဒါ့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှာ နိုင်ငံတကာ ကုန်တင်သင်္ဘော တွေအတွက် ဝန်ဆောင်မှုပေးရတဲ့ ပုဂ္ဂလိက ဆိပ်ကမ်းတွေ ၊ သင်္ဘောဌာနေ ကိုယ်စားလှယ်ရုံးတွေ ၊ကုန်သေတ္တာမော်တော်ယာဉ်လုပ်ငန်းတွေ ပါဝင်လာတာကိုတွေ့ရပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့မှာ စတင်မယ့် ရန်ကုန်တိုင်း Stay Home ကာလ အလုပ်ပိတ်ရက်တွေ အတွက် လုပ်ခလစာ အပြည့်ပေးဖို့ မြန်မာနိုင်ငံက အလုပ်သမား အဖွဲ့ ၁၃ ဖွဲ့က တောင်းဆိုခဲ့ပါတယ်။

အဲဒီလိုရပ်နားထားတဲ့ ကာလအတွင်း အလုပ်ပိတ်ရက်တွေကို အစိုးရသတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခ လစာအပြည့်ပေးချေဖို့ အလုပ်သမားအဖွဲ့အစည်း ၁၃ ဖွဲ့က စက်တင်ဘာ ၂၂ ရက်က တောင်းဆိုခဲ့တာပါ။

အမိန့်ထုတ်ပြန်ချက်မှာ အလုပ်ပိတ်ရက်တွေအတွက် လုပ်ခလစာပေးချေရေးနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မပါရှိတာကြောင့် အလုပ်ရှင်နဲ့အလုပ်သမားတွေကြား အငြင်းပွားမှု တွေကိုဖြစ်စေပြီး လုပ်ငန်းခွင် တည်ငြိမ်မှုပျက်ကာ လုပ်ငန်းခွင် ဆက်ဆံရေးထိခိုက်မှာကို အလုပ်သမားအဖွဲ့အစည်းတွေက စိုးရိမ်နေတယ်လို့လည်း အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေး အဖွဲ့က အငြင်းပွားမှု ဖြေရှင်းရေး တာဝန်ခံ ဒေါ်ခခ ကပြောပါတယ်။

အစိုးရကနေ လူမှုဖူလုံရေးရန်ပုံငွေက ၆၀ ရာခိုင်နှုန်း၊ အလုပ်ရှင်က ၄၀ရာခိုင်နှုန်းနဲ့ အနည်းဆုံး လုပ်ခလစာငွေအပြည့်နဲ့ အလုပ်သမားတွေ လုပ်ခလစာ အပြည့်ပေးဖို့ တောင်းဆိုတာကြတာလည်းဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ အခု ကိုဗစ်ကာလမှာ စီးပွားရေးအရ မပြေလည်မှုတွေရှိနေတာကြောင့် အလုပ်သမားတွေအတွက် လုပ်ခ လစာနဲ့ ပတ်သက်လို့ အစိုးရက ကူညီပေးစေလိုကြောင်း ပြောဆိုတာတွေရှိပါတယ်။

"အခုဟာ က ကူးစက်ရောဂါ ကြောင့်ပိတ်ရတာ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သမားတွေ ထည့်ဝင်ထားတဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့် ကနေ အစိုးရဆီကနေ ၆၀ရာခိုင်နှုန်း အလုပ်ရှင်တွေဆီကနေ၄၀ရာခိုင်နှုန်းရစေချင်ပါတယ်"လို့ ဒေါ်ခခက ပြောပါတယ်။

အလုပ်သမားအဖွဲ့တွေ ဘက်ကတော့ လုပ်ငန်းခွင်ကို သွားရောက်ဖို့ ကန့်သတ်ထားတဲ့ ကာလအတွက် လူမှုဖူလုံရေးက အလုပ်သမားတွေကို ပေးအပ်တဲ့ အကျိုးခံစားခွင့်ကို အောက်တိုဘာလမှာ ပေးချေတဲ့ လုပ်ခလစာမှာ တစ်ပါတည်းထည့်သွင်းပေးဖို့ တောင်းဆိုထားကြပါတယ်။

အချို့စက်ရုံတွေကတော့ ကိုဗစ်ကြောင့်အလုပ်ပိတ်ရက် နှစ်ပတ်ကို လစာမဲ့ ခွင့်ပြုတယ်ဆိုပြီး ထုတ်ပြန်တာတွေ ရှိပါတယ်။

အလုပ်သမားတွေဟာ ကိုဗစ်ကာလ ကန့်သတ်မှုတွေကြောင့်နေရပ် ပြန်ဖို့ အခက်အခဲတွေရှိသလို အဆောင်မှာဆက်နေမယ်ဆိုရင် လကုန် အဆောင်ကြေးတွေပေးရဖို့ ရှိနေပါတယ်။

အလုပ်ရှင်တွေဘက်ကတော့ သူတို့က ပိတ်ချင်လို့ စက်ရုံကို ပိတ်ရတာ မဟုတ်ဘဲ အစိုးရ အမိန့်အရ ပိတ်ရတာလို့လည်း ဘီဘီစီကို ပြောပါတယ်။