ကိုဗစ်ကြောင့်ပိတ်ထားတဲ မြန်မာ တရုတ်နယ်စပ်ဂိတ် အချို့ပြန်ဖွင့်

ဓာတ်ပုံ ရင်းမြစ်, Sai Khin Maung
တရုတ်-မြန်မာ နယ်စပ်က ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်က ကိုဗစ်ကူးစက်မှုအကြောင်းပြပြီး မတ်လ ၂ ရက်နေ့ကတည်းက ပိတ်ခဲ့ရာမှာ မတ်လ ၁၂ ရက်မှာတော့ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။
အဲဒီ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ၁၀ ရက်ကြာ ပိတ်ခဲ့တာကြောင့် ပုပ်လွယ်၊ ရင့်မှည့်လွယ်တဲ့ သစ်သီးဝလံကားတွေ အပါအဝင် ရာနဲ့ချီတဲ့ကားတွေ နယ်စပ်မှာ ခရီးမဆက်နိုင် ဖြစ်ခဲ့ပါတယ်။
မြန်မာ တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကိုဗစ် ၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာကြောင့် တရုတ် မြန်မာနယ်စပ် ကျင်စန်းကျော့နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးဂိတ်တွေကို ယာယီပိတ်ထားခဲ့တာလို့ မြန်မာ တရုတ်နယ်စပ် ကုန်သည်တစ်ဦးက ပြောပါတယ်။
အခုအခါ ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်ပေးပေမယ့်လည်း လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ရပြီး ကားတွေကိုဆေးဖျန်းတာ ကုန်တွေကိုဆေးဖျန်းတာ ယာဉ်မောင်းတွေကို ဆေးစစ်ပြီးမှ အဝင်အထွက်လုပ်ရတယ်လို့လည်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sai khin Maung
မတ်လ ၂ ရက်နေ့ ကတည်းက နယ်စပ်မှာ ပိတ်မိနေတဲ့ကားတွေက ဖရဲ သခွား ရွေဖရုံ ငရုတ်နဲ့ ဆန် ဆန်ကွဲ ကားများပါပြီး ကားမျိုးစုံ အစီး ၃၀၀ ကျော်ခန့် ပိတ်မိနေကြောင်းလည်း မူဆယ်နယ်စပ် ဆန်ကုန်သည်များအသင်း ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းကပြောပါတယ်။
အဲ့ဒီထဲက ကုန်စိမ်းနဲ့ အသီးကားတွေကို ဦးစားပေးပြီး တရုတ်နိုင်ငံဘက်က ဝင်ခွင့် ပြုနေတယ်လို့ သူကပြောပါတယ်။
တရုတ်ပြည်ထွက် စားသောက်ကုန် ကုန်မျိုးစုံ ဓာတ်မြေသြဇာ စတဲ့ကားတွေကို တရုတ်ယာဉ်မောင်းတွေနဲ့ ကားတွေဝင်ခွင့် ပြုနေတယ်လို့ သူက ရှင်းပြပါတယ်။
မြန်မာ တရုတ်နယ်စပ် နယ်စပ်ကုန်သွယ်ရေး အဖွင့်အပိတ်ကတော့ တရုတ်ဘက်က လုပ်တာဖြစ်ပြီး အခုအဖွင့်အပိတ်ဟာ တရုတ်နိုင်ငံဘက်ပေါ်မှာ မူတည်နေကြာင်း လည်းသူက ပြောပါတယ်။
မြန်မာနိုင်ငံဘက် ရန်ကုန် မန္တလေးကလာတဲ့ ယာဉ်မောင်းတွေကို မူဆယ် ၁၀၅ မိုင် မှာ ကိုဗစ်စစ်ပြီး ရောဂါပိုးတွေ့ရင် ကိုဗစ် ကုတင် ၁၀၀၀ ဆေးရုံမှာ ကွာရန်တင်းဝင်တာ ကုသတာတွေ လုပ်ပေးနေကြောင်းလည်း မြန်မာ တရုတ်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sai khin Maung
တရုတ်ဘက်က အကောက်ခွန်ဝန်ထမ်းတွေနဲ့ ယာဥ်မောင်းတွေမှာ ကိုဗစ်ပိုး တွေ့ရှိတဲ့အတွက် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်ကို မတ်လ ၂ ရက် ကစတင်ပြီး ယာယီ ပိတ်ခဲ့တာဖြစ်ပါတယ်။
ရွှေလီမြို့ကိုလည်း အဲ့ဒီနေ့ မနက်ပိုင်းကစပြီး လော့ဒေါင်းချထားလိုက်တာကြောင့် မြန်မာဘက်ကို တင်ပို့မယ်ကုန်တွေကို လော့ဒေါင်းပြီးမှာ တင်ပို့ပေးနိုင်တော့မယ်လို့ ကုန်သည်တွေက ပြောခဲ့ကြောင်း ရွှေလီဒေသခံတွေက ပြောပါတယ်။
တရုတ် မြန်မာနယ်စပ်က ကျင်စန်းကျော့ဂိတ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက တစ်ကြိမ်ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံဘက်က စည်းကမ်းချက်တွေ ကန့်သတ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
မြန်မာတရုတ်နယ်စပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြန်လည်ဖွင့်လှစ်ခဲ့တယ်ဆိုပေမဲ့ ပဲမျိုးစုံနဲ့ ရေထွက်ပစ္စည်း ပို့လို့မရသေးကြောင်း ပင်လယ်ရေကြောင်းကသာ တင်ပို့နေရဆဲဖြစ်ကြောင်းလည်း နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။








