ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေတာ အကုန်အကျနည်းနည်း နဲ့ ဘီဘီစီ သတင်းဗီဒီယိုတွေကို ကြည့်နိုင်မယ့်နည်း
မြန်မာပြည်တွင်းမှာ မိုဘိုင်း အင်တာနက်ဒေတာနှုန်းထားတွေ တိုးလာပြီး အင်တာနက်အသုံးပြုမှု အခွန်အခတွေ ပိုပေးလာရတာကြောင့် ဘီဘီစီ ပရိသတ်တွေ အနေနဲ့ ကုန်ကျစရိတ်တွေ ပိုများလာတာကို ဘီဘီစီ က သိရှိနားလည်ပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးတဲ့ အနေနဲ့ ဘီဘီစီ က တင်ဆက်ပေးနေတဲ့ သတင်းဗီဒီယိုတွေကို ဖေ့စ်ဘုတ်နဲ့ ယူကျုချန်နယ် တွေမှာ မိုဘိုင်းဒေတာ အကုန်အကျနည်းနည်း နဲ့ ကြည့်ရှုနားဆင်နိုင်အောင် စီစဉ်တင်ဆက်ပေးထားပါတယ်။
YouTube
ဘီဘီစီက တင်ဆက်ပေးနေတဲ့ ဗီဒီယိုတွေကို ယူကျူချန်နယ် ကနေ ကြည့်ရှုနားဆင်ရာမှာ ဒေတာကုန်ကျစရိတ်တွေ အသက်သာဆုံး နဲ့ ကြည့်ရှုနိုင်အောင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
မိုဘိုင်းဖုန်းပေါ်က ယူကျုအပ်ပလီကေးရှင်း ကနေ ကြည့်ရှုတဲ့ ပရိသတ်များ အနေနဲ့ BBC News မြန်မာ ယူကျုချန်နယ် ကနေ ကြည့်ရှုလိုတဲ့ ဗီဒီယိုတစ်ခုကို နှိပ်ပါ။ ဗီဒီယို စတင်တဲ့အခါ ညာဘက် အပေါ်ထောင့်ဆုံးက ဒေါင်လိုက်အစက်သုံးစက် နေရာကို နှိပ်လိုက်တဲ့အခါ အောက်ပါအတိုင်း ရွေးချယ်နိုင်တဲ့ setting menu ကို တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီ menu က Quality ကို နှိပ်ပြီး Data Saver ဆိုတဲ့ option ကို ရွေးချယ်ထားရင် ဗီဒီယိုကြည့်ရှုမှု ဒေတာကုန်ကျစရိတ် ကို သက်သာစေမှာ ဖြစ်ပါတယ်။
ဒေတာအသုံးပြုမှု နည်းပါးအောင်လုပ်ထားတဲ့အတွက် ဗီဒီယိုရဲ့ ရုပ်သံအရည်အသွေးကိုလည်း လျှော့ချထားမှာ ဖြစ်တာကို သတိပြုစေချင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ နည်းလမ်းက ဗီဒီယိုတစ်ခုချင်းစီကိုပဲ ရွေးချယ်ကြည့်ရှုရတဲ့နည်းပါ။ ကိုယ်ကြည့်မယ့် ဗီဒီယိုအားလုံးအတွက် ဒီလို ဒေတာလျှော့နဲ့ နည်းနဲ့ ကြည့်ချင်ရင်တော့ ယူကျုရဲ့ setting မှာ Video Quality Preferences ဆိုတာကို ရွေးပြီး အောက်ပါအတိုင်း Data Saver ကို ရွေးထားနိုင်ပါတယ်။
ကွန်ပျူတာကကြည့်ရင်
မိုဘိုင်းအင်တာနက်ဒေတာ ကို အသုံးပြုပြီး ကွန်ပျူတာကနေတဆင့် ကြည့်ရှုသူ ပရိသတ်များ အနေနဲ့လည်း အောက်ပါနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
https://www.youtube.com/c/TheBBCBurmese BBC News မြန်မာ ယူကျုချန်နယ် ကနေ ကြည့်လိုရာ ဗီဒီယို တစ်ခုကို နှိပ်ပါ။ ဗီဒီယို စတင်တဲ့အခါ အောက်ပါတိုင်း setting menu ကနေ Quality ကို နှိပ်ပါ။ မိမိ နှစ်သက်ရာ Video Quality ကို ရွေးနိုင်ပါတယ်။
144p ကနေ 1080p HD quality ထိ ရွေးချယ်နိုင်ပါတယ်။
မိုဘိုင်းအင်တာနက်ဒေတာ ကုန်ကျစရိတ် လျှော့ချလိုသူများ အနေနဲ့ 360p သို့မဟုတ် 480p ကို ရွေးချယ် ကြည့်ရှုနိုင်ပါတယ်။
အစီအစဉ်တစ်ခုလုံးထဲက ကိုယ်ကြည့်လိုရာ ရွေးကြည့်နိုင်ဖို့
ယူကျုပေါ်မှာ ဘီဘီစီ သတင်းဗီဒီယိုတွေကို ကြည့်ရှုရာမှာလည်း ကိုယ်ကြည့်ချင်တဲ့ သတင်းကို အလျင်အမြန်သွားရောက်ကြည့်ရှုနိုင်အောင် တစ်ပုဒ်ချင်းအလိုက် chapter တွေ ထည့်ပေးထားပါတယ်။ သတင်းဗီဒီယိုတွေရဲ့ အောက်က description နေရာမှာ အချိန် နဲ့ သတင်းခေါင်းစဉ်တွေကို တွဲလျက်ဖော်ပြပေးထားပါတယ်။ အပြာရောင်စာသား အချိန်တွေနေရာကို နှိပ်ရင် သတင်းဗီဒီယိုမှာ ကြည့်လိုတဲ့သတင်းနေရာကို ရွေးပြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Facebook ကနေ တဆင့် ကြည့်ရှုသူ ပရိသတ်တွေ အတွက်လည်း မိုဘိုင်းဒေတာ အကုန်အကျနည်းစေမယ့် အရည်အသွေးနဲ့ ဗီဒီယိုတွေကို ဆိုက်ကို ချုံ့ပြီး တင်ဆက်ပေးထားကြောင်း ဘီဘီစီ ပရိသတ်များ ကို အသိပေးလိုပါတယ်။
ဘီဘီစီက သတင်းတိုင်းကို အရည်အသွေးပြည့်မီအောင် တင်ဆက်ပေးနေတာမို့ နေ့စဉ်ရုပ်သံအစီအစဉ်ဆိုလည်း အစကနေအဆုံး အားလုံးကြည့်စေချင်ပါတယ်။ ဒါပေမဲ့ ပရိသတ်ကြီးအနေနဲ့လည်း ကုန်ကျစရိတ်ကို ထည့်တွက် ငဲ့ကွက်နေရတာကို နားလည်လို့ ကိုယ်စိတ်ကြိုက်ကြည့်ချင်တဲ့ သတင်းမျိုးကိုပဲ ရွေးကြည့်ချင်တယ်ဆိုရင် ကြည့်နိုင်အောင် ပရိသတ်အတွက် စဉ်းစားစီစဉ်ပေးနေပါတယ်။
အခုအစီအစဉ်တွေဟာ ဘီဘီစီပရိသတ်ကြီးအတွက် အဆင်ပြေပါသလား။ တခြား အကြံပြုချင်တာများရှိရင်လည်း ဝေမျှပြောပြဖို့ ဖိတ်ခေါ်ပါတယ်။