အိုင်စီဂျေ အမှု လျှောက်လဲချက်ပေးဖို့ အသင့်ရှိတယ်လို့ စစ်ကောင်စီပြော

အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) မှာ ဂမ်ဘီယာက မြန်မာကိုစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲ ကြားနာဖို့ရှိနေပြီးတော့ ဒီအမှုအတွက် စစ်ကောင်စီဘက်က လျှောက်လဲချက်ပေးဖို့ အသင့်ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာက မြန်မာကို စွဲဆိုထားတဲ့အမှုဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီ ကိုယ်တိုင်ရင်ဆိုင်ရဖို့ဖြစ်လာခဲ့တာပါ။

၂၀၁၉ ခုနှစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီအမှုကို နယ်သာလန်က တရားရုံးရှေ့မှောက် အထိ သွားရင်ဆိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက မြန်မာကိုယ်စားလှယ်အဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားထားပါတယ်။

စစ်ကောင်စီက အမှုကို ဆက်လက်ရင်ဆိုင်မှာဖြစ်ပေမယ့် ဘယ်သူဦးဆောင်မလဲဆိုတာကိုတော့ အဖြေကိုတော့ မပေးပါဘူး။

အိုင်စီဂျေမှာ တရားရင်ဆိုင်ဖို့ ဦးဆောင်ကော်မတီကို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေအဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး တို့နဲ့ ပြီးခဲ့တဲ့ မေလ ကပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွှက်နေတဲ့ ရှေ့နေ့ ဝီလီယံ ရှေးဘတ်စ်ကတော့ သူဒီအမှုမှာ မပါဝင်တော့ကြောင်း ဘီဘီစီကို အီးမေးလ်ကတစ်ဆင့် ပြောပါတယ်။

မစ္စတာ ဝီလျံ ရှေးဘတ်စ်ဟာ လန်ဒန်မြို့ Middlesex တက္ကသိုလ်ရဲ့ နိုင်ငံတကာဥပဒေ ပါမောက္ခ ဖြစ်သလို နယ်သာလန်နိုင်ငံ Leiden တက္ကသိုလ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဌာနမှာလည်း ပါမောက္ခအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ပါမောက္ခ ဝီလျံ ရှေးဘတ်စ်ဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ဆီယာရာလီယွန်းနိုင်ငံဆိုင်ရာ အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင်ရဲ့ နိုင်ငံတကာ အဖွဲ့ဝင် ၃ ဦးအနက် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ဒီအမူကို အခြားရှေ့နေတွေဖြစ်တဲ့ မစ္စတာ ခရစ္စတိုဖာ စတိတ်ကာ၊ မစ္စ ဖီဘီ အိုကိုဝါတို့အပြင် မြန်မာပြည်ဘက်ကနေ အကြံပေးနေတဲ့ တခြားနိုင်ငံတကာဥပဒေပညာရှင်တွေထဲမှာ ဂျာမနီက ပါမောက္ခ အန်းဒရေ့စ် ဇင်မာမန်း နဲ့ 39 Essex Chambers ဥပဒေအကျိုးဆောင်အဖွဲ့က မစ္စ ကက်သရင်း ဒေါ့ဘ်ဆန်တို့လည်း ၂၀၁၉ တုန်းက ပါ၀င်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ လည်း မစ္စတာရှေးဘတ်စ် နုတ်ထွက်သွားလို့ နောက်ထပ် ရှေ့နေရှာနေတယ်လို့ သိရပါတယ်။

ကျန်ရှေ့နေတွေ၊ ဥပဒေ အကျိုးဆောင်တွေရဲ့အခြေအနေ နဲ့ ပတ်သက်ပြီး စစ်ကောင်စီက ရှင်းရှင်းလင်းထုတ်မပြောသေးပါဘူး။

ဂျီနိုဆိုက်နဲ့ပတ်သက်လို့ ကျွမ်းကျင်သူရှေ့နေတစ်ဦး နုတ်ထွက်သွားပြီးတဲ့နောက် စစ်ကောင်စီအနေနဲ့ အိုင်စီဂျေမှာ ကိုယ်တိုင်သွားရောက်ရင်ဆိုင်တဲ့ အခြေအနေကဟာ စိတ်ဝင်စားစရာကောင်းပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက် ရင်ဆိုင်ခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲဆက်လက်ပြီး အမှုရင်ဆိုင်မယ့်အခြေအနေ‌ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းကြည်ဇင်စိုးကပြောပါတယ်။

မြန်မာက လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ကုလသဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး အိုင်စီဂျေမှာ တောင်းဆိုထားတာကို ၂၀၂၀ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာ တရားရုံးက မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ် အစီအမံ အချက်လေးချက်ကို ဆုံးဖြတ်ချမှတ်ခဲ့ပါတယ်။

အဲ့ဒီ မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံ လေးချက်က

(၁) ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့

(၂) မြန်မာတပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ မလုပ်ဖို့

(၃) သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့

(၄) အမိန့်ချမှတ်တဲ့နေ့က စပြီး လေးလအတွင်း မြန်မာရဲ့ဆောင်ရွက်မှုတွေကို အစီရင်ခံစာတင်ဖို့နဲ့ အဲဒီနောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကြီးအတွက် အပြီးသတ် အမိန့်မချမချင်း ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့တို့ ဖြစ်ပါတယ်။

အိုင်စီဂျေအမှုကို နယ်သာလန်နိုင်ငံ ကိုသွားရောက်ပြီး အမှုရင်ဆိုင်မလား၊ အွန်လိုင်း ကနေ အစည်းအဝေးတက်ရောက်ပြီး ရင်ဆိုင်မလားဆိုတာကိုတော့ မသိရသေးကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။