အရေးပေါ်အခြေအနေ သက်တမ်းတိုးမယ်လို့ စစ်ကောင်စီပြော

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ထုတ်ပြန်ထားခဲ့တဲ့ အရေးပေါ်အခြေအနေ ကြေညာချက် ၁ နှစ်ပြည့်ဖို့ နီးကပ်လာချိန်မှာ သက်တမ်းထပ်တိုးမယ်လို့ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ- ကာလုံ ကို တင်ပြပြီး သက်တမ်းတိုးမယ်လို့ ဇန်နဝါရီလ ၁၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတာဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးပြီးနောက် စစ်တပ်က တင်မြှောက်ထားတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်နဲ့ အရေးပေါ် အခြေအနေ ကြေညာပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပေးခဲ့တာပါ။

ဘယ်လိုနည်းလမ်းနဲ့ တိုးနိုင်သလဲ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေကို သမ္မတက ကာလုံနဲ့ ညှိနှိုင်းပြီး နောက်ထပ် ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိနေပါသေးတယ်။

ထပ်တိုးပြီးတဲ့ အရေးပေါ်ကာလတွေ သက်တမ်းပြည့်တဲ့ အချိန်ကစလို့ ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

အရေးပေါ်ကာလကို သက်တမ်းတိုးဖို့ "ယာယီသမ္မတ ဦးမြင့်ဆွေကို အစီရင်ခံပြီး၊ ကာလုံ အစီရင်ခံပြီး" ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ကာလုံခေါ်ချိန်

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ဆုံးထား ခေါ်ယူရမှာဖြစ်ပြီး အဲဒီထက် စောပြီးလည်း ခေါ်နိုင်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အာဏာသိမ်းတုန်းက ခေါ်ခဲ့တဲ့ ကာလုံ အစည်းအဝေးမှာ ဦးမြင့်ဆွေနဲ့ ဗိုလ်ချုပ်ကြီးတွေပဲ ပါခဲ့ပေမဲ့ လာမယ့် ကာလုံမှာ ဒုတိယ သမ္မတနောက် တစ်ဦးဖြစ်တဲ့ ဦးဟင်နရီ ဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ တက်ရောက်မလားဆိုတာကိုလည်း အများက စိတ်ဝင်စားနေကြပါတယ်။

အခြေအနေတွေကို အစီရင်ခံတဲ့အခါ နိုင်ငံရေးအရ ပြဋ္ဌာန်းခဲ့တဲ့ အရေးပေါ် ကာလအတွင်း မပြီးပြတ်သေးတဲ့ လုပ်ဆောင်ရမယ့် ကိစ္စတွေနဲ့ အဲဒီကိစ္စတွေ ဘာကြောင့် မပြီးဆုံးသေးသလဲ ဆိုတာတွေကို ဥပဒေနဲ့ အညီ စုံစုံလင်လင် အစီရင်ခံရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရွေးကောက်ပွဲ လုပ်ပေးရမယ့် တာဝန်ရှိနေပြီး ရွေးကောက်ပွဲ ဘာကြောင့် လုပ်မပေးနိုင်တာလဲ ဆိုတာကိုလည်း တင်ပြမယ်လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲ အချိန်ကိုက် ဖြစ်မှာလား

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောထားတာက အရေးပေါ်ကာလ သက်တမ်း ၂ နှစ် ပြည့်မယ့် အချိန်ကို တွက်ချက် ပြောဆိုတာ ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြေ ရှိပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်းရှိနေပါတယ်။

စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်း ထပ်တိုးမယ့် ကိစ္စ၊ ရွေးကောက်ပွဲ အရေး ကိစ္စတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးရဲထွန်းက အခုလို သုံးသပ်ပါတယ်။

"ဒီအခြေအနေ ပုံမှန်ဖြစ်အောင် ၁ နှစ် အတွင်းမှာ ကြိုးစားမယ်။ ကြိုးစားလို့ မရဘူး၊ လုပ်ပေးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ သူတို့ ဆုံးဖြတ်ရင်တော့ သူက အခြေခံ ဥပဒေနဲ့ မညီတော့ဘူးပေါ့ဗျာ။"

" အခြေခံ ဥပဒေမှာ အဲဒါထက် ကျော်ပြီး တာဝန်ပေးတာမှ မရှိတာ။ ပျက်ပြီဆိုပြီးတော့ တရားဝင်ကြေညာတာလည်း ဖြစ်နိုင်တာပေါ့။ တရားဝင် ဒီအခြေခံ ဥပဒေ ပျက်ပြီ ဆိုပြီးတော့။"

"အဲဒီတော့ နောက်ထပ် အခြေခံ ဥပဒေ အသစ်တခု ပြန်ရေးဖို့ နောက်ထပ် နှစ်ပေါင်းများစွာ ကြာရင်လည်း ကြာသွားနိုင်တာပေါ့။ ဘာမဆို ဖြစ်နိုင်တဲ့ အနေအထားရှိတယ်။"

အခု ၂၀၂၂ ဟာ နိုင်ငံအတွက် အရေးကြီးတဲ့နှစ်၊ ငြိမ်းချမ်းရေးနှစ်လို့ စစ်ကောင်စီက ထုတ်ပြောထားပြီး အပစ်ရပ် လက်မှတ်မထိုးရသေးသူတွေနဲ့ပါ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နိုင်ငံအနှံ့ လက်နက်စွဲကိုင် ခုခံနေကြတဲ့ ဒေသကာကွယ်ရေးတပ်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု ဖိအားများစွာနဲ့ စစ်ကောင်စီ ရင်ဆိုင်နေရပါတယ်။