တီယန်နန်မင် အထိမ်းအမှတ်ပွဲမှာ ပါဝင်ခဲ့လို့ ဟောင်ကောင် မီဒီယာသူဌေးကြီး ဂျင်မီလိုင်း ထောင် ၁၃ လ ချခံရ

ဟောင်ကောင်ကမီဒီယာ သူဌေးကြီး ဂျင်မီလိုင်းကို တီယန်နန်မင် အစုလိုက်အပြုံလိုက် လူသတ်ပွဲ အောက်မေ့သတိရ ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲ ပါဝင်မှုနဲ့ ထောင် ၁၃လချလိုက်ပါတယ်။

အသက်၇၄နှစ်ရှိပြီဖြစ်တဲ့ ဂျင်မီလိုင်းဟာ ဟောင်ကောင်အာဏာပိုင်တွေက တားမြစ်ထားတဲ့ဒီပွဲကို တက်ရောက်ခဲ့တာနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်း ပြီးခဲ့တဲ့တစ်ပတ်က စစ်ဆေးတွေ့ရှိတဲ့အတွက် အခုလို သူ ပြစ်ဒဏ်ချခံခဲ့ရတာပါ။

၁၉၈၉ခုနှစ်က ဘေဂျင်းမှာ ဆန္ဒပြသမားတွေကို ရက်ရက်စက်စက်ဖြိုခွင်းခဲ့တာကို အမှတ်ရစေတဲ့ အထိမ်းအမှတ်ပွဲတစ်ခုကို အာဏာဖီဆန် တက်‌ရောက်ခဲ့သူ ထောင်နဲ့ချီရှိခဲ့ပြီး အဲ့ဒီထဲမှာ ဂျင်မီလိုင်းလည်း ပါဝင်ခဲ့ပါတယ်။

အဲ့ဒီပွဲကို တက်ရောက်တဲ့ ဒါဇင်နဲ့ချီတဲ့ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ တရားစွဲထောင်ချခံခဲ့ရပါတယ်။

ဒီနေ့ ထောင်ချခံခဲ့ရတဲ့သူ ရှစ်ဦးမှာ လိုင်းလဲ တစ်ဦးအပါအဝင် ဖြစ်ပြီး အခြားထောင်ချခံရတဲ့သူတွေထဲမှာ သတင်းစာဆရာကနေ အတိုက်အခံနိုင်ငံရေးသမားအဖြစ် ပြောင်းလဲခဲ့တဲ့ ဂွမ်နက်ဟိုနှင့် ရှေ့နေ ချောင်ဟန်တုံတို့ ပါဝင်ကြပါတယ်။

လူ ၈ ယောက်ကို ချခဲ့တဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေထဲမှာ ထောင်ဒဏ် လေးလခွဲကနေ ၁၄ လအထိပါဝင်ပါတယ်။

တရားသူကြီး အာမန်ဒါဝုဒ်ကော့ အနေနဲ့ လိုင်းရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးဖို့ ကြားနာစစ်ဆေးမှုမှာ လိုင်း ရဲ့ ရှေ့နေတွေက လိုင်းကိုယ်တိုင်ထောင်ထဲမှာ ရေးခဲ့တဲ့စာတစ်စောင်ကိုပါ တင်သွင်းခဲ့ကြပါတယ်။

စာထဲမှာ လိုင်းက ပေးတဲ့ ပြစ်ဒဏ်ကိုကျခံသွားဖို့ သူ ဆုံးဖြတ်ထားကြောင်း ပြောထားပါတယ် ။

“မတရားမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ သူတွေကို ဂုဏ်ပြုတာက ရာဇ၀တ်မှုဆို ရင် အဲဒီရာဇ၀တ်မှုနဲ့ ပြစ်ဒဏ်ကျခံချင်ပါတယ် ။ ဒါကြောင့် ဇွန်လ (၄)ရက်နေ့မှာ သွေးမြေကျခဲ့ရတဲ့ လူငယ်တွေ နဲ့ အမျိုးသမီး တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီပြစ်ဒဏ်ကို လက်ခံသွားမယ်လို့ " လိုင်းက စာထဲမှာ ရေးထားပါတယ်။

တရားခွင် အစပိုင်းတုန်းကလည်း အထိမ်းအမှတ်ပွဲမှာ ဖယောင်းတိုင် ထွန်းခဲ့တာက သူ့ရဲ့ပုဂ္ဂိုလ်ရေး ဆန္ဒနဲ့ လုပ်ဆောင်ခဲ့တာသာဖြစ်ကြောင်း အခြားသူတွေ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်လာဖို့ သွေးထိုးလှုံ့ဆော်တာ မဟုတ်ဘူးလို့ လိုင်းက ငြင်းဆိုခဲ့ပါတယ်။

သူရဲ့ ငြင်းဆိုချက်ကို တရားသူကြီး ဝုဒ်ကော့ က ပယ်ချခဲ့ပြီး အဲ့ဒီပွဲကို သူတို့ ပူးပေါင်းပါဝင်တာဟာ ဥပဒေကိုချိုးဖောက်တာ ရဲတပ်ဖွဲ့ကို ဆန့်ကျင်တာလို့ ပြောခဲ့ပါတယ်။

လိုင်းဟာ လက်ရှိမှာလည်း အစောပိုင်းက စွဲချက်တင်ခဲ့တဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ်ကျခံနေရတာဖြစ်ပြီး အခုနောက်ဆုံးချတဲ့ပြစ်ဒဏ်တွေအတွက်ပါ ဆက်လက်ကျခံသွားရမှာဖြစ်ပါတယ်။

သူဟာ အခုမရှိတော့တဲ့ ဟောင်ကောင်က Apple Daily သတင်းစာကို တည်ထောင်သူဖြစ်ပြီး ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ ထောက်ခံသူတွေထဲမှာ အထင်ရှားဆုံးသူ တစ်ဦးပါ။

တီယန်နန်မင် အထိမ်းအမှတ်ပွဲဆိုတာ ဘာကိုပြောတာလဲ

၁၉၈၉ခုနှစ် ဇွန်လ ၄ ရက်နေ့က ဘေဂျင်းမြို့ တီယန်နန်မင်ရင်ပြင်မှာ ငြိမ်းချမ်းစွာ ဒီမိုကရေစီ ဆန္ဒထုတ်ဖော်သူတွေကို ဖြိုခွင်းခဲ့တဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲကို လူသောင်းနဲ့ချီ စုစည်းပြီး ဆယ်စုနှစ်များစွာ ကတည်းက ဟောင်ကောင်မှာ နှစ်စဉ်ကျင်းပလာခဲ့တာပါ။

ဆန္ဒပြသူတွေကို တရုတ်အစိုးရ တပ်ဖွဲ့ဝင်တွေက တင့်ကားတွေသုံးပြီး ပစ်ခတ်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ ပြစ်တင် ရှုတ်ချကန့်ကွက်တာတွေ ခံခဲ့ရပါတယ်။

ဟောင်ကောင်ဟာ တီယန်နန်မင်ရင်ပြင် အဖြစ်အပျက်နဲ့ပတ်သက်ပြီး အထိမ်းအမှတ်ပြုတာတွေ ၊ဒါမှမဟုတ် အဲ့ဒီအကြောင်းပြောတာ လုပ်နေနိုင်သေးတဲ့ တရုတ်နိုင်ငံထဲက ရှားရှားပါးပါးနေရာတစ်ခုပါ။ တရုတ်ပြည်မကြီးထဲမှာတော့ တီယန်နန်မင် ရင်ပြင်ကိစ္စဟာ အလွန်အကဲဆတ်တဲ့ကိစ္စဖြစ်ပြီး အဲ့ဒါနဲ့ပတ်သက်တဲ့ ဘာပွဲမှ လုပ်ခွင့်မရှိသလို လူမှုကွန်ရက်မှာတောင် သဘောထားတွေတက်ရေးဖို့ သတိထားရပါတယ်။

ဒါပေမဲ့ ၂၀၂၀ခုနှစ်မှာ ဟောင်ကောင်အာဏာပိုင်တွေက ကိုဗစ် ၁၉ ရောဂါ ကန့်သတ်ချက်တွေကို အကြောင်းပြပြီး နှစ်၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တီယန်နန်မင် ရင်ပြင်နဲ့ပတ်သက်တဲ့ ပွဲတွေ လုပ်တာကို တားမြစ်ခဲ့ပါတယ်။

အဲ့လိုလုပ်တာနဲ့ပတ်သက်ပြီး ဟောင်ကောင် အာဏာပိုင်တွေဟာ တရုတ်အစိုးရရဲ့ ဒီမိုကရေစီလိုလားတဲ့ ထုတ်ဖော်ပြောဆိုမှုကို ဖုံးကွယ်တားဆီးဖို့ ကြိုးစားနေတဲ့ လမ်းကြောင်းကို လိုက်နာထောက်ခံနေတာလို့ တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲကြပါတယ်။

တီယန်နန်မင်ရင်ပြင် နှစ်ပတ်လည်အခမ်းအနားလုပ်တဲ့ညမှာ ဟောင်ကောင် ဗစ်တိုးရီးယားပန်းခြံတဝိုက်မှာချထားတဲ့ အတားအဆီးတွေကို ဖြိုချကာ၊ အခမ်းအနားတက်ဖို့ တားမြစ်ချက်ကိုဆန့်ကျင်ပြီး လူထောင်ပေါင်းများစွာ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ဒီနှစ်ထဲမှာလုပ်မယ့် ပွဲကိုလည်း မလုပ်ဖို့ အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ထားတဲ့အတွက် အသံတိတ် ဆန္ဒပြတာတွေကို ပိုလုပ်ကြတာကို တွေ့ခဲ့ရပါတယ်။